Latest News

Monday, August 28, 2017

ဘင်္ဂါလီ အကြမ်းဖက်အုပ်စုများကို နှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးဖြင့် နှိမ်နင်းရန် မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

ဘင်္ဂါလီ အကြမ်းဖက်အုပ်စုများကို နှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးဖြင့် နှိမ်နင်းရန် မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

ဒါကာ-ရန်ကုန်၊ သြဂုတ် ၂၉

ရခိုင်ပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားများကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဘင်္ဂါလီ အကြမ်းဖက် သောင်းကျန်းသူများကို နှိမ်နင်းရာတွင် စစ်ရေးအကူအညီပေးရန် မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြု ကမ်းလှမ်းလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။

ဘင်္ဂါလီ စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူများကို နှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးများဖြင့် တိုက်ခိုက်နှိမ်နင်းသွားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယနေ့တွင် အဆိုပြုလိုက်ခြင်း ဖြစ်သည်။

မြို့တော်ဒါကာ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံနှင့် တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိတစ်ဦးက နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ဘင်္ဂါလီ စစ်သွေးကြွများကို ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ကာ တိုက်ခိုက်နှိမ်နင်းသွားရန် အဆိုပြုခဲ့သည်။

“တကယ်လို့ မြန်မာဘက်က ဆန္ဒရှိမယ်ဆိုရင် နှစ်နိုင်ငံ တပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်စပ်ဒေသတစ်လျှောက်မှာရှိတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်နှိမ်နင်းနိုင်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသံရုံး ယာယီတာဝန်ခံဘက်က မည်သည့်သုံးသပ်ထင်မြင်ချက် ပေးသည်ကို မသိရှိရပေ။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီရို ဂူတာရီစ်က အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ဘင်္ဂလားဒေ့ရှ်အနေနှင့် ထွက်ပြေးတိမ်းရှောင်လာသော အရပ်သားများကို အကူအညီပေးရန် တိုက်တွန်းထားသည်။

ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတွင်းရှိ အစ္စလာမ္မစ် စစ်သွေးကြွများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နှိမ်နင်းလျက်ရှိပြီး အကြမ်းဖက် အစွန်းရောက်ဝါဒကို မည်သို့မျှ သည်းခံမည် မဟုတ်ဘဲ ချေမှုန်းသွားမည်ဟု ကြေညာထားသည်။

The Voice

No comments:

Post a Comment