Latest News

Monday, August 28, 2017

ဧရာဝတီမြစ်အတွင်း တရားမ၀င်ကျွန်းသစ်နှင့် ကညင်သစ်လုံး ၅၀၀ ကျော် သိမ်းဆည်းရမိမှုမှ ကွင်းဆက်အနေဖြင့် ကျွန်းသစ်လုံး ၁၃၀၀ ကျော် ထပ်မံသိမ်းဆည်းရမိ

ဧရာဝတီမြစ်အတွင်း တရားမ၀င်ကျွန်းသစ်နှင့် ကညင်သစ်လုံး ၅၀၀ ကျော် သိမ်းဆည်းရမိမှုမှ ကွင်းဆက်အနေဖြင့် ကျွန်းသစ်လုံး ၁၃၀၀ ကျော် ထပ်မံသိမ်းဆည်းရမိ

ဧရာဝတီမြစ်အတွင်း တရားမ၀င် ကျွန်းသစ်နှင့် ကညင်သစ်လုံး ၅၀၀ ကျော် သိမ်းဆည်းရမိမှုမှ ကွင်းဆက်အနေဖြင့် ကျွန်းသစ်လုံး ၁၃၀၀ ကျော် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သြဂုတ် ၂၈ ရက်တွင် သစ်တောဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ တရားမ၀င် သစ်ကွင်းဆက်ကို ဖော်ထုတ်ခဲ့ရာတွင် ကချင်ပြည်နယ်အစပ် ကောက်ကွေ့ချောင်း အောက်ဘက်မှ ထင်းဖောင် ၁၀ တွဲတွေ့ရှိပြီး ညောင်ခြေထောက်ဆိပ်ကမ်းသို့ ဖောင်တွဲများဆွဲယူ ဆိုက်ကပ်ရှာဖွေခဲ့ရာမှ ထင်းဖောင်သုံးဖောင်တွင် တရားမ၀င်ကျွန်းသစ်လုံး ၁၃၁၆ လုံးကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကနဦး သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ်မှာ ကသာမြို့နယ် ကလယ်အင်းအထက် ဧရာဝတီမြစ်အအတွင်း တွေ့ရှိသည့် တရားမ၀င် ကျွန်းသစ်နှင့် ကညင်သစ်များပါရှိသည့် ထင်းပုတ်ဖောင်များကို ညောင်ခြေထောက်ဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်ရှာဖွေရာ တရားမ၀င် ကျွန်းသစ်နှင့် ကညင်သစ်တန်ချိန် ၃၀ ခန့်ရှိ သစ်လုံးရေ ၂၁၀ ကို ပိုင်ရှင်ခုနစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အမှုဖြစ်စဉ်၏ ကွင်းဆက်အရ ယင်းဖြစ်စဉ်နှင့်ဆက်စပ်ပြီး သြဂုတ် ၂၃ ရက်တွင် နလယ်အင်းအနီး ဆက်လက်ရှာဖွေခဲ့ရာမှ ထင်းဖောင်သုံးဖောင်မှ နှစ်ဖောင်ရှာဖွေရာတွင် တရားမ၀င်ကျွန်းသစ် ၃၂၉ လုံးကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီမြစ်အတွင်း တရားမ၀င်သစ်များ သိမ်းဆည်းရမိခဲ့သည့် လက်ရှိဖြစ်စဉ်ကို ဆက်လက်ဖော်ထုတ်မှုများ ပြုလုပ်နေကြောင်းလည်း သစ်တောဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုဖြစ်စဉ်အပါအ၀င် ဧရာဝတီမြစ်ကြောင်းအား အသုံးပြု၍ တရားမ၀င်သစ်များ ခိုးထုတ်ခြင်း ဖမ်းဆီးရမိမှုမှာ သြဂုတ်နှင့် ဇူလိုင်အတွင်း ဖြစ်စဉ်ကြီးခြောက်ခုခန့်ကို ဖော်ထုတ်ရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင်လအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ မလယ်ဘိနယ်၊ ဧရာဝတီမြစ်အတွင်းမှ ဖောင်တွဲ၍ ခိုးယူသယ်ဆောင်လာသည့် ကျွန်းသစ် ၄၀၁ လုံး၊ ကျွန်းခွဲသား ၁၀၄ ချောင်းနှင့် ကျွန်းပကာ ၂၅၆ ချောင်း စုစုပေါင်းတန်ချိန် ၉၀ ခန့်အား သိမ်းဆည်းရမိခဲ့သည်။

ယင်းမတိုင်မီကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ ထီးချိုင့်မြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဦးစီးဌာန၀န်ထမ်းများမှ တရားမ၀င် သစ်ခိုးယူထုတ်မှုများအား ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရှာဖွေခဲ့ရာ ထီးချိုင့်မြို့နယ် မဲဟင်းရွာအောက်ဘက် အိုးဘိုကုန်းအနီး ဧရာဝတီမြစ်ကမ်းနံဘေးတွင် မြစ်ကြောင်းအတိုင်း ခိုးယူသယ်ဆောင်ထားသည့် တရားမ၀င်ကျွန်းသစ် ၇၈ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ တရားမ၀င် သစ်အများဆုံးထွက်ရှိရာ ဒေသဖြစ်ပြီး တရားမ၀င် သစ်လမ်းကြောင်းများ တည်ရှိရာနေရာလည်းဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ ကျွန်း၊ တမလန်း၊ ပိတောက်နှင့် အခြားဈေးကွက်ဝင် သစ်တန်ချိန် ၈၆၀၀ ကျော် သိမ်းဆည်းရမိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သစ်တောများ ပြုန်းတီးရသည့် တိုက်ရိုက်အကြောင်းရင်းများမှ သစ်အလွန်အကျွံ ထုတ်ယူခြင်း၊ တရားမ၀င် သစ်ထုတ်ခြင်းတို့မှာ အဓိကဖြစ်ကြောင်း၊ အကျင့်ပျက်ခြစားခြင်း၊ ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ သစ်တောထွက်ပစ္စည်းများ ဈေးကွက်လိုအပ်ချက် မြင့်မားခြင်းတို့မှာ သွယ်ဝိုက်၍ သစ်တောပြုန်းတီးရသည့် အကြောင်းအရင်းများတွင် ပါဝင်နေသည်။

Eleven Media Group

No comments:

Post a Comment