Latest News

Sunday, August 13, 2017

အမည်ခံ ချောင်းရှင်းလင်းရေး စနစ်မပြောင်းလဲသေးသ၍ ဖားကန့်နေပြည်သူတွေ ရေဘေးကြုံနေရအုံးမည်


အမည်ခံ ချောင်းရှင်းလင်းရေး စနစ်မပြောင်းလဲသေးသ၍ ဖားကန့်နေပြည်သူတွေ ရေဘေးကြုံနေရအုံးမည် ....

ဇော်မိုးထက် (ဖားကန့် )

၁၈.၆.၂၀၁၇ နေ့ နံက် ၄း၀၀ နာရီ လောက်ကစပြီး ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဖားကန့်မြို့ အပါအဝင် လုံးခင်း ကျေးရွာတွေမှာ ဥရုချောင်းရေ မြင့်တက်မှုကြောင့် လူနေအိမ်တွေ တော်တော်များများ ရေနစ်မြုပ်ခဲ့ရပါသည် ။၁၂.၈.၂၀၁၇ နေ့တွင်လည်း ထပ်မံပြီး ရေကြီးရေလျှံ ဖြစ်ခဲ့ရပါသည် ။ ရေနစ်မြုပ်မှုဒဏ်ကို ဖားကန့်မြို့ ငှက်ပြောတောရပ်ကွက် နှငိ့ မြို့မရပ်ကွက် ၊လုံးခင်းကျေးရှိ ရပ်ကွက် (၃) (၄) အပါအဝင် လူနေအိမ်ပေါင်း ရာချီ ရေနစ်မြုတ်ခဲ့ရသည် ။ရေနစ်မြုပ်ခံခဲ့ရသော ပြည်သူများအား ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှ ဝန်ထမ်းများ ၊တပ်မတော်သားများ ၊ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီများ ၊မီးသတ်တပ်ဖွဲ့ဝင်များ မှ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပြီး သောက်ရေသန့် နှင့်ထမင်းထုတ်များကို လိုက်လံပေးဝေခဲ့သည်ဟု သိရပါသည် ။

ညအချိန်မတော် လူအများအိပ်မောကျနေသည့်အချိန်တွင် ရေတက်လာခြင်းဖြစ်သောကြောင့် နေအိမ်အချို့ ပစ္စည်းဆုံးရှုံးမှုများရှိခဲ့ပြီး ၊အချို့သော အိမ်ရှင်အများစုမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းလျှင် တစ်ညလုံး ပစ္စည်းများ ထုတ်ပိုးသိမ်းဆည်းပြီး တစ်ညလုံးထိုင်စောင့်နေကြရသည်ဟု မြို့မရပ်ကွက်နေသူတစ်ဦးက ဆိုပါသည် ။ “ ကျနော့်အိမ်က နှစ်တိုင်းရေနစ်တယ် ။ပထမဆုံးစကြီးတဲ့ နှစ်ကတော့ ပစ္စည်းတွေ တော်တော်များများပျက်စီးဆုံးရှုံးခဲ့ရတယ်ဗျာ ။နောက်နှစ်တွေတော့ ကိုယ်က ပါးနပ်ရတော့တာပေါ့ ။အဲလိုမဟုတ်ရင်လည်း လူက ခွက်ဆွဲပြီး တောင်းစားရတော့မှာ ” ဟု အမည်မဖော်လိုသူ မြို့မရပ်ကွက် ဥရုချောင်းဘေးတွင် နေထိုင်သူ တစ်ဦးကပြောပါသည် ။ ယခုလို နှစ်စဉ်ရေကြီး ရေလျှံမှု ဖြစ်ရသည့် အဓိက အကြောင်းအရင်းသည် ကျောက်စိမ်းများမဆင်မခြင် တူးဖော်ခြင်းကြောင့် ဖြစ်သည် ဟုလည်း ၎င်းက ဆိုပါသည် ။

ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် ရေကြီးရေလျှံမှု ဒဏ်ကို ၂၀၀၀ခုနှစ်မှ စတင်ခံစားလာခဲ့ရသည်ဟု သိရသည် ။ ဖားကန့်မြို့နယ် ဆိပ်မူ (ဆိုင်းတောင်)ကျေးရွာသည် ရေနစ်မြုပ်မှု ဒဏ်ကို အစောဆုံးခံစားခဲ့ရသည့် ကျေးရွာကြီုးဖစ်သည် ။ ဆိပ်မူကျေးရွာသည် အိပ်ခြေပေါင်းထောင်ချီရှိကာ ရေနစ်မြုပ်မှုကြောင့် ရပ်ကွက် တစ်ခုလုံး ရေနစ်မြုပ်ကာ ပျက်စီးသွားခဲ့ရသည် ။ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းအပါအဝင် အိပ်ခြေပေါင်းများစွာ လုံးဝ ဆုံးရှုံးသွားခဲ့ရသည် ။ဖားကန့်ဒေသကြီး တစ်ခုလုံး ယခုလို နှစ်စဉ် ရေလွှမ်းခံနေရခြင်းသည် အစိုးရ အဆက်ဆက်၏ မဆင်မခြင် ကျောက်စိမ်းတူးဖော်ခွင့်ပြုခြင်း ၊ကျောက်စိမ်းလုပ်ကွက်များမှ စွန့်ပစ်မြေစာများကို ဥရုချောင်းအတွင်း ဥပဒေနှင့်မညီပဲ စည်းကမ်းမဲ့စွာ စွန့်ပစ်ခွင့် ပြုခဲ့တာရဲ့ အကျိုးဆက်တွေပဲဖြစ်သည်ဟု ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ရပ်ကျေး NLD ဥက္ကဌ ဦးရွှေသိန်းက ဆိုပါသည် ။ “ ခုလိုဖြစ်ရတာက အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ သတ္တုတွင်း ဥပဒေနဲ့အညီ လုပ်ဆောင်ခြင်းမရှိပဲ စည်းကမ်းမဲ့ ကျောက်စိမ်းတူးခဲ့တာတွေကြောင့်လို့ ပြောရမှာပါ ။လောလောလတ်လတ် တာဝန်ရှီတာကတော့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါဝင်ဖွဲ့စည်းထားတဲ့ ချောင်းရှင်းလင်းရေးအဖွဲ့မှာ တာဝန်ရှိတာပေါ့ ။ဘာကြောင့်လဲဆိုတော့ သူတို့အဖွဲ့တွေ ချောင်းကို နက်နက်ကုတ်မတင်ပဲနဲ့ သဘောလောက်ပဲ လုပ်တဲ့အတွက်ကြောင့် ရေများလာတဲ့အခါ ချောင်းက ကျင်းပြီးတော့ ရေတွေက ဘေးကို ကန်တက်လာရတာ ဖြစ်တယ် ” ဟု ဆိုပါသည် ။ဥရုချောင်း သည် သဲမြေ နှုံးမြေများကောတက်လာပြီး နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်ရခြင်းသည် တပိုင်တနိုင်ရွှေမျောတိုက်ခြင်း ၊ချောင်းအတွင်း အမှိုက်များစွန့်ပစ်ခြင်း ၊ချောက်နှုတ်ခမ်းများအား မြေဖို့ကာ အိမ်များဆောက်လုပ်နေထိုင်ခြင်းကြောင့် ဖြစ်သည်ဟုလည်း ကုမ္မဏီလုပ်ငန်းရှင် တစ်ဦးက ပြောပါသည် ။

လူပြောင်း မူပြောင်း ချောင်းရှင်းလင်းရေး ဝဲဂယက် နှင့် ပြည်သူတို့၏ အကျိုးဆက်များ ....

ဖားကန့်ကျောက်စိမ်းတွင်းဒေသ ရေကြီးရေလျှံ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်ပြီး နယ်ပယ်ပေါင်းစုံ ၊ရှုဒေါင့်ပေါင်းစုံ ၊အလွှာပေါင်းစုံမှ အမြင်အမျိုးမျိုး ၊အသွင်အမျိုးမျိုးဖြင့် ပြောဆိုနေကြသည်မှာ မိုးလုံးညံနေတော့သည် ။တကယ်တမ်းတွင်တော့ အပြောများသလောက် အလုပ်မဖြစ်သူများသာ များနေသည်ကို လက်ရှိအခြေအနေများက သက်သေထူနေပါသည် ။ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း မြေပြင်အခြေအနေကို မျက်မှန်စိမ်းတပ်ပြီး အထက်ဌာန အဆင့်ဆင့်ကို တင်ပြနေခြင်းကလည်း အခြေအနေမှန်ကို ဖုံးကွယ် ထားသည့်သဘောဖြစ်နေပါသည် ။ ဥရုချောင်းအား ရေကြီးရေလျှံမှုလျော့ကျစေရန် ကျောက်စိမ်းတူးဖော်ရေးဌာန ( လုံးခင် ) မှ တာဝန်ရှိသူများ ၊ အထွေထွေအုပ်ချုပ်ရေးမှူးများက ဦးစီးကာ ဥရုချောင်းရှင်းလင်းရေး ကော်မတီများ ၊အဖွဲ့များ ဖွဲ့စည်းလာခဲ့သည်မှာယနေ့အချိန်ထိ ဖြစ်သည် ။လပိုင်း သို့မဟုတ် နှစ်ပိုင်းသာ လာရောက်တာဝန်ထမ်းဆောင်သော အဆိုပါ အထွေထွေအုပ်ချုပ်ရေးမှူးများ တာဝန်အရပြောင်းရွှေ့သွားရပြီဆိုလျှင် နောက်ထပ်တာဝန်ထမ်းဆောင်ရန် ရောက်လာသူများက ဖောမြူလာ တစ်မျိုးပြောင်းသွားပြန်သည် ။ဖော်မြူလာပြောင်းရုံမျှမက ဒေသခံ ရပ်မိရပ်ဖများပါဝင်မှုကိုပါ ပြောင်းပစ်တာတွေရှိသည် ။ မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းက မည်သည့် ချောင်းရှင်းလင်းရေး ဖော်မြူလာကို ရေးဆွဲနေပါစေ မလွဲမသွေ အဖြေထွက်သည့် ရလဒ်မှာ မိုးတွင်းရောက်လျှင် ပြည်သူတွေ ရေကြီးရေလျှံသည့် ဆိုးကျိုးကို ခံစားရသည့်အဖြေမှာ Calendar ကျဖြစ်သည် ။

သက်ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများ၏ ဥရုချောင်းရှင်းလင်းရေး ဖော်မြူလာဝဲသြဂထဲမှာ ဒေသနေပြည်သူများက ကိုယ်ကျိုးစီးပွားများ လုံးပါး ပါးခဲ့ရသည်မှာ နှစ်ပေါင်း အတော်ကြာနေပြီဖြစ်သည် ။တစ်ဗိုလ်ပြောင်း တစ်ဗိုလ်ရောက် ၊တစ်ယောက်တက်တစ်ယောက်ဆင်း ၊သူတစ်လူငါတစ်မင်း စေတနာဗရပွဖြင့် ဥရုချောင်းရှင်းလင်းရေး အီကွေးရှင်းများကြားက ရေနစ် ပြည်သူများ၏ ဘဝတွေကို စာနာသနားဘို့ ကောင်းလှပါသည် ။ ရေကြီးရေလျှံမှု ၊ရေနစ်မြုပ်မှု ဒဏ်ကို ခံစားနေရသည့်အချိန်မှာ သောက်ရေသန့် နှင့် ထမင်းထုတ်အပါအဝင် အစားအသောက်များ ဝေငှကူညီပေးမည် ။အရေးပေါ် လိုအပ်မှုများကို ကူညီဖေးမမည် ။ဘယ်နေ့ ဘယ်ရက် ၊ဘယ်နေရာ ၊ဘယ်ကျေးရွာတွေမှာ နေအိမ် ဘယ်လောက်ရေမြုပ်သည် ။ မည်သည့်အချိန်တွင် ရေဘယ်လောက်ကျသွားသည် ။ အထက်ဌာနအဆင့်ဆင့်ကလည်း ခေါင်းတညိတ်ညိတ် လည်တဆန့်ဆန့်နှင့် အကြံပြုချက်လည်း တစ်ခုမျှ မပေးနိုင် ။မိုးရွာလျှင် ဖားကန့်ရေကြီးတတ်သည် ။အိမ်တွေရေမြုပ်တတ်သည်ဆိုတာလောက် တာဝန်ရှိသူတို့ခေါင်းထဲ Message ရောက်သွားသည်ကလွဲ ပြီး ထူးခြားပြောင်းလဲလာတာ ဒီနေ့အချိန်ထိ မတွေ့ရပါ ။ အထက်လူကြီးမင်းများ၏ ဦးနှောက်များ ပြည်သူအတွက် သောခတ်ထားပုံးရသည် ။အကြံပြုချက် ဘာတစ်ခု မှ ယနေ့အချိန်ထိထွက်မလာ ။ ကောက်ခံခဲ့သည့်စာရင်းဇယား အထောက်အထားများ ကောက်ခံခဲ့သည်မှာ နှစ်ပေါင်းမနည်းပါ ။ယနေ့အချိန်ထိ လောက်လောက်လားလား ထိထိရောက်ရောက် မလုပ်နိုင်ကြသေးပါ ။ အဘယ်ကြောင့် အဖြေရှာမရပါသနည်း ။မဖြစ်မနေမေးရမည့် တစ်ခုတည်းသောမေးခွန်းကို သက်ဆိုင်တာဝန်ရှိသူများ ယနေ့အချိန်ထိ အဖြေမထုတ်တတ်သေး ။ပကတိ အခြေအနေများကို မျက်မှန်စိမ်းတပ်ကြည့်နေအုံးမည်ဆိုပါက မော်မြူလာများ ၊ အီကွေးရှင်းများ တင်းတောင်း နှင့်ထည့်၍ ရချင်ရလိမ့်မည် အဖြေကား ( မြန်မာပြည်သိန်းတန်၏စကားကို ငှားပြောရလျှင် ) No ပါ ။

မြေပြင်ပေါ်က အရှိတရားကို နှင့် လက်တွေ့လုပ်ဆောင်မှု လွဲမှားနေ ....

ချောင်းရှင်းလင်းရေး လုပ်ဆောင်နေသော လုပ်ငန်းခွင်များဆီသို့ သွားရောက်လေ့လာမိသည် ။သတင်းဓါတ်ပုံများ ရိုက်ဖြစ်သည် ။ ချောင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဓိက လွဲနေသော အချက်သည် လုပ်ငန်းခွင်ရာသီချိန် ၊မိုးမရွာတော့သည့်အချိန် ဥရုချောင်းအတွင်း စီးဆင်းနေသော ရေ ( Level) ဖြင့် ချောင်းကို ဆယ်ယူနေခြင်းဖြစ်သည် ။ အမှန်တကယ်လုပ်ဆောင်ရမည်မှာ မိုးများသည့် အချိန်တွင် ရေတက်လာနိုင်သည့် ရေ ( Level ) ထိ ရှင်းလင်းရမည်ဖြစ်သည် ။ ထိုသို့မဟုတ်ပဲ ဝါးလုံးသုံးလေးပြန်ကျယ်သော ချောင်းကို ဘက်ဟိုး အသေးစား လေးဖြင့် ချောင်းကမ်းဘေး ဆယ်ပေ အကွာလောက်ကို နွံတွေ ကော်တင်နေသည် ။ လုပ်ရမည့် လုငန်းနှင့် လုပ်နေသည့်အနေအထားက မိုးနှင့်မြေ ကွာခြားနေသည် ။ ဆင်ပါးစပ် နှမ်းပက်သထက်ပင် ဆိုးနေပါသည် ။ မိုးရာသီရောက်သော အခါ ကနဦးချောင်းဆယ်ချိန်တွင် ကော်တင်ထားသော နွံများက ချောင်းထဲသို့ အလွယ်တကူ စီးဝင်သွားကြသည် ။ နေ့ရောညပါ နှစ်ရက်ခန့်မိုးရွာသွန်းလျှင် ဖားကန့်မြို့ နှင့် လုံးခင်းကျေးရွာ အပါအဝင် ဥရုချောင်းရိုး တစ်လျှောက်နေထိုင်သူများ နေအိမ်များ ရေမြုပ်တော့ သည် ။ ချောင်းရှင်းလင်းရေး နည်းစနစ် မမှန်ကန်မှုကြောင့် ဖားကန့်ဒေသ၏ နှစ်စဉ်ရေကြီးရေလျှံမှုသည် ဂျာအေး သူ့မေရိုက်သလို ဖြစ်နေသည် ။ ထို့နောက် ချောင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို လက်လှမ်းမှီသလောက် မေးမြန်စုံစမ်းကြည့်မိသည် ။နေအိမ်ရေနစ် ခံရသူအချို့နှင့်တွေ့ဖြစ်သည် ။ချောင်းရှင်းလင်းရေး မှာ ပါဝင်လုပ်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်များ နှင့် လုပ်ဆောင်နေဆဲအခြေအနေများကို တွေ့ဆုံမေးမြန်းဖြစ်သည် ။

ချောင်းရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့ပြီး ချောင်းရှင်းလင်းရေးကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သည့် ဖားကန့်မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ကချင်အမျိုးသား ဦးနော်ဆန်း ၊ဦးဖိုးထူး တို့နှင့် တွေ့ဆုံဖြစ်ခဲ့သည် ။ဦးနော်ဆန်းက ချောင်းရှင်းလင်းရေးနှင့် ပတ်သက်ပြီး သူ၏ ချောင်းရှင်းလင်းရေး အတွေ့အကြုံများကို ပြောပြခဲ့ကြသည် ။

“ ကျနော်က အရင်က အရှင်ကြီးကုန်းဘက်မှာနေတာ ။ရေကြီးတော့ နေလို့လို့မရလို့ ဒီဘက် ( ကြက်တစ်ကောင်းကုန်း) ကိုပြောင်းလာတာပါ ။ဒီကိုရေကြီးလို့ပြောင်းလာတဲ့အချိန်မှာ ကျနော့်အမျိုးသမီးတောင် ကိုယ်ဝန်ပျက်ကျုပီး ကလေးတစ်ယောက်ဆုံးရှုံးခဲ့ရတယ် ။ကျနော်တို့က ဒီမှာနေတဲ့လူတွေ တကယ်ဒုက္ခရောက်နေလို့ ကိုယ်ကိုတိုင် ခံစားခဲ့ရလို့ ကိုယ်ချင်းစာပြီး ဒီချောင်းရှင်းလင်းရေး အဖွဲ့ထဲကို ဝင်လုပ်ရတာပါ ။ကျနော်တို့ကို လစာလည်းမပေးနဲ့ ။ထမင်းလည်းမကြွေးပါနဲ့ ။ငွေလဲတစ်ပြားတစ်ချပ်မှ မကိုင်ဘူး ။လိုအပ်တာလေးတွေပဲ ပူးပေါင်းဆောင်ရွက်ပေးရင် ကျေနပ်ပါတယ် ။ ကျနော်တို့ ရပ်မိရပ်ဖတွေ အများဆုံးပူးပေါင်းပါဝင်ပီး ချောင်းရှင်းလင်းရေး လုပ်တဲ့နှစ်မှာ ခါတိုင်းလောက် ဆိုးဆိုးဝါးဝါးရေမကြီးဘူးဆိုတာ ပြည်သူတွေမေးကြည့်ရင် သိပါတယ် ။ဒီနောက်ပိုင်းမှာ ချောင်းရှင်းလင်းရေးရေးအဖွဲ့ကို သူတို့ဘာသူတို့ ဖွဲ့စည်းလိုက်တယ် ။ကျနော်တို့ ရပ်မိရပ်ဖတွေထဲက ဦးဇော်လတ်တစ်ယောက်ကိုပဲ ထည့်တော့တယ် ။ကျနော်တို့မပါတော့ဘူး ။ဘာပဲပြောပြော ကျနော်တို့ ရေနစ်ခံရတဲ့ ရပ်မိရပ်ဖ ပြည်သူတွေ ပါဝင်ဘို့လိုအပ်ပါတယ် ။ဒေါကျနော်တို့ကို ချန်ထားခဲ့လို့ပြောမဟုတ်ပါဘူး ။ ရေနစ်တဲ့ဒဏ်ကို တကယ်ခံစားနေရတဲ့ ရပ်မိရပ်ဖတွေကိုတော့ အများဆုံးပါဝင်သင့်တယ်လို့ ကျနော်မြင်ပါတယ် ။

နောက်ပြီး CSR ရန်ပုံငွေ ကိစ္စပေါ့ ။ဒီငွေတွေကို သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ဒီလိုနေရာတွေကို သုံးပါ ။ပြည်နယ်အစိုးရကပဲဖြစ်ဖြစ်၊သဘာဝပတ်ဝန်ကျင်ဌာနကပဲဖြစ်ဖြစ် ဦးဆောင်ပါ ။ဘယ်နေရာ ဘာဖြစ်နေတယ်ဆိုတာ ကျနော်တို့ လိုက်ပြပေးပါ့မယ် ။ဘာပဲဖြစ်ဖြစ် ပြည်နယ်အစိုးရက ဦးဆောင်ပြီး CSR ရန်ပုံငွေနဲ့ ဖားကန့်ဒေသမှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုတွေမဖြစ်အောင် ချောင်းရှင်းလင်းရေး လုပ်ငန်းတွေကို လုပ်ပါလို့ ကျနော်ပြောခဲ့ပါတယ် ။ဦးနော်ဆန်းမှ သူ၏ချောင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး ရှင်းပြခဲ့ခြင်းဖြစ်သည် ။ချောင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး ဘက်ဟိုးအသေး (၅) စီးနှင့် မြေသယ်ကား (၄)စီးသာရှိပြီး ဘယ်လိုမှ အဆင်မပြေနိုင်ကြောင်းကိုလည်း ပြောပြခဲ့ပါသေးသည် ။

ဖားကန့်မြို့သည် ၂၀၀၈ ခုနှစ်မှပြီး ရေစတင်ဝင်ရောက်ခဲ့သည်ဟု ဖားကန့်မြို့ မြို့မ ရပ်ကွက်မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဖိုးထူးကပြောပြပါသည် ။၂၀၀၉ ခုနှစ်တွင် ကုမ္မဏီတစ်ခုမှ ရေလှောင်ကန် ပေါက်ကျမှုကြောင့် ဖားကန့်မြို့ ကာလီချောင်အပါအဝင် မြို့မရပ်ကွက်တစ်ုလုံးနီးပါး ရေနစ်မြုပ်ခဲ့ရသည်ဟု ဆိုသည် ။ဖားကန့်မြို့ရေကြီးရေလျှံဖြစ်ပေါ်နေမှုများနှင့် ပတ်သက်ပြီး ဦးဖိုးထူးအပါအဝင် မြို့မိမြို့ဖများဖြစ်ကြသည့် ဦးဖိုးထူး ၊ ဒေါက်တာ ဦးဘီတူးဂျာ ၊ ဦးဇော်လတ် ၊ဦးဟန်မြင့် ၊ဦးကျော်ရင် ၊ဦးနော်ဆန်း တို့မှ ဦးဆောင်ပြီး ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများကို အကူအညီတောင်းကာ ချောင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည် ။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ချောင်းရှင်းလင်းရေးကော်မတီကို ၂၀၁၂ ခုနှစ်တွင် စတင် ဖွဲ့စည်းပေးခဲ့သည်ဟု သိရသည် ။ ၂၀၁၃ ခုနှစ်တွင် ချောင်းရှင်းလင်းရေးအဖွဲ့မှ တာမခံ ၊ ဆယ်ဇင်း စသည့်ကျေးရွာများအထိ ရှင်းလင်းနိုင်ခဲ့သည့်အတွက် ထိုနှစ်မှာ ရေကြီးရေလျှံမှုဒဏ်ကို ဆိုဆိုးရွားရွား မခံစားခဲ့ရဟုလည်း ဦးဖိုးထူးက ပြောပြပါသည် ။ ၂၀၁၆ ခုနှစ်တွင် ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့် မှ ရပ်မိရပ်ဖများ အများဆုံးပါဝင်သော ချောင်းရှင်းလင်းရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်ဟု ဆိုသည် ။အဆိုပါကော်မတီအား အဖွဲ့နှစ်ဖွဲ့ခွဲကာ အပိုင်း တစ်ခုစီခွဲ၍ ချောင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စေခဲ့သည် ။ချောင်းရှင်းလင်းရေးကော်မတီမှ လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၁၆ ခုနှစ် မိုးရာသီတွင် ရေနစ်မြုပ်မှုဒဏ်ကို ယခင်နှစ်များကဲ့သို့ ဆိုးဆိုးမခံစားခဲ့ရဘူးဟု မြို့မှ ရပ်ကွက်မှ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောပါသည် ။

၂၀၁၇ ခုနှစ်ချောင်းရှင်းလင်းရေး ကော်မတီအား ကျောက်စိမ်းတူးဖော်ရေးဌာန ( လုံးခင်း ) ဦးဆောင်ကာ နေပြည်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဌာန ညွှန်ကြားမှုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲသည်ဟု သိရသည် ။ ပြင်ဆင်ဖွဲ့စည်းသည့် ချောင်းရှင်းလင်းရေးကော်မတီတွင် မြို့မိမြို့ဖ အများစုအား ချန်လပ်ထားခဲ့ပြီး ဦးဇော်လတ်တစ်ဦးကိုသာ ပြန်လည် ပါဝင်ခွင့်ပြုခဲ့သည်ဟု သိရသည် ။ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော ချောင်းရှင်းလင်းရေး ကော်မတီလက်ထက်တွင် ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာသည် ။၁၈.၆.၂၀၁၇ နေ့ နံက် ၄ :၀၀ နာရီတွင်မြင့်တက်ခဲ့သည့်ရေသည် ဖားကန့်မြို့၏ အဆိုးရွားဆုံးစံချိန်ကိုမှီရန် အနည်းငယ်သာ လိုသည်ဟု သိရသည် ။ ကျောက်စိမ်းတူးဖော်ရေးဌန ( လုံးခင်း) မှ ဦးဆောင်းဖွဲ့စည်းသော ချောင်းရှင်းလင်းရေးကော်မတီ လက်ထက်တွင် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီများ ကျောက်မျက်ဥပဒေများကို ပိုမိုချိုးဖောက်လာသည့် အခြေအနေများကို တွေ့လာနေရသည် ။“ အရင်က ဥရုချောင်းကူးရေကျော်တံတာဆောက်လုပ်တာကို (၃) ခုပဲ ခွင့်ပြုထားတာ ။အခု (၅) ခု ထပ်တိုးပြီး (၈) ခုတောင် ဆောက်လုပ်ခွင့်ပြုထားတယ် ။နောက်ပြီး အရင် မြစ်ချောင်းအင်းအိုင်တွေနဲ့ ပေ(၃၀၀) ဆို မြေစာမပုံရဘူး ၊ကျောက်မတူးရဘူး ၊စုပေါင်းစွန့်ပစ်မြေစာပုံမှာ မြေစာပစ်ရမယ်ဆိုပေမဲ့ ခုဟာက ချောင်းအလယ်ကောင်မှာ မြေစာဖို့ပြီး ချောင်းကို မြေစာသယ်ကားလမ်း လုပ်ပစ်လိုက်တယ် ။ချောင်းတွေနားမှာ မြေစာတွေပုံတယ် ”ဟု ဖားကန့်မြို့မှ မြို့မိမြို့ဖ ဦးဖိုးထူးက ပြောပါသည် ။ ဥရုချောင်းအတွင်းသို့ စီးဝင်သော မှော်ပုံချောင်း ၊ရှရောခချောင်း ၊ရေအေးချောင်း ၊ ဝှေခါချောင်း ကဲ့သို့သော ချောင်းများအတွင်း မြေစာပုံခြင်း၊မြေစာသယ် ကားလမ်းအဖြစ် အသုံးပြုခြင်း ၊အဆိုပါချောင်လက်တက်အနီးမှ လျှိုမြှောင် ချိုင့်ဝှမ်းများအတွင်း စွန့်ပစ်ပစ်မြေစာများ သွန်နေမှုကြောင့် ယခုနှစ်မိုးရာသီသည် ဥရုချောင်းရိုးတစ်လျှောက်နေထိုင်သော ပြည်သူများ ရေနစ်မြုပ်မှု ဒဏ်ကို ဆိုးဆိုးရွားရွား ခံရဖွယ် ရှိနေပါသည် ။ ဖားကန့်ဒေသ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များမှလည်း ပြည်နယ်အစိုး တင်ပြကာ ချိတ်ဆက် လုပ်နေမှုများ အားနဲနေသေးသည်ကိုလည်း တွေ့ရှိနေရပါသည် ။ ၂၀၁၅ ခုနှစ် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော NLD အစိုးရလက်ထက်တွင် ချောင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး ပူပေါင်းပါဝင်မှုအားနဲနေသေးကြောင်းကိုလည်း ၎င်းက ပြောဆိုခဲ့ပသည် ။

သိရှိရသော သတင်းအချက်အလက်များဖြင့် ချောင်ရှင်းလင်းရေး လုပ်ငန်းစဉ်များအပေါ် ခြုံငုံ သုံးသပ်ရသော် ....


ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျှက်ရှိသော ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေစီးရေလာကောင်းမွန်စေရေး အတွက် ဆောင်ရွက်သည့် လုငန်းစဉ်အရ လုံးခင်း ဖားကန့် ကျောက်စိမ်းတွင်းဒေ ကံဆီးကျေးရွာမှ ဆယ်ဇင်းအထိ ၅၄ မိုင်ခန့် ရှိသည့်အနက် ၄မိုင်ကျော်သာ ဆောင်ရွက်နေပြီး ဥရုချောင်း၏ ချောင်းလက်တက် (၂၃) ခုအနက် (၅) ခုကိုသာ ချောင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် လုပ်ငန်းအစီအစဉ် ရေးဆွဲမှုအားနည်းနေသည်ကိုတွေ့ရပါသည် ။ချောင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကွင်းဆင်းစစ်ဆေးမှုအရ မူတည်ရေးဆွဲထားကြောင်း သိရှိရသည် ။ နှစ်စဉ် ရေကြီးရေလျှံမှု ခံစားခဲ့ရသော ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ ညှိနှိုင်းမှု မရှိကြောင်း ရပ်မိရပ်ဖနှင့် ပြည်သူများက ပြောဆိုနေကြသည် ။

ဖားကန့်မြို့ ရေကြီးရေလျှံ မဖြစ်ပေါ်စေရေးအတွက် အဓိကကျသော မော်ဝမ်းချောင်းမှ မန ချောင်းပေါက်ဝအထိ အပိုင်းအား မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် မြို့မိမြို့ဖများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသော်လည်း လူအင်အား စက်ယန္တယား အင်အား နဲပါးမှု နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်များခြင်းကြောင့် လုံလောက်သော ချောင်းအကျယ်နှင့် အနက်ကိုမရရှိနိုင်သည်ကို တွေ့ရပါသည် ။

ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရာတွင်ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သော လုပ်ငန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများ ဆောင်ရွက်နေသော လုပ်ငန်းဟူ၍ နှစ်ဖွဲ့ကွဲဆောင်ရွက်နေမှုတို့မှာ ပြည်သူနှင့် အစိုးရကြား ကွာဟမှုများ ရှိနေကြောင်း သက်သေပြနေသည် ။ စုစုစည်းစည်း သိုက်သိုက်ဝန်းဝန်းဖြင့် တစ်ပြိုင်နက်တည်း တချိန်တည်း တစ်ဖွဲ့တည်း ဆောင်ရွက်သင့်ပါသည် ။

ဥရုချောင်းနှင့်ချောင်လက်တက်များ ရှင်းလင်းရေး လုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်လျှက်ရှိရာ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများမှ ငွေအင်အား ၊စက်ယန္တယားအင်အားများစွာဖြင့် ဆောင်ရွက်သော်လည်း ကုန်ကျငွေနှင့် အကောင်အထည် ပေါ်မှုမှာ သဲထဲရေသွန်သလိုဖြစ်နေသည် ။

ဥရုချောင်းအတွင်း ဆောက်လုပ်ထားသော ရေကျော် (၆) ခု ရှိပြီး ဖားကန့်မြို့အထက်တွင် (၄) ခု နှင့် အောက်တွင် (၂) ခုဖြစ်သည် ။ ဆိပ်မူကျေးရွာ၏ အောက်ဘက်တွင်ရှိသော ရေကျော် ၂ ခု ဖျက်သိမ်းရာတွင် စနစ်ကျမှု မရှိပါက ဥရုချောင်းရေ လျှင်မြန်စွာ စီးဆင်းမှုကို ထိခိုက်နိုင်ကြောင်း သုံးသပ်ရပါသည် ။ ဥရုချောင်းအတွင်း ဆောင်ရွက်ထားသော ရေကျော် (၆) ခုကို မေလ ၁၅ ရက်နေ့အပြီး ဖျက်သိမ်းပေးရန် စည်းကမ်းသတ်မှတ်၍ ခွင့်ပြုခဲ့သော်လည်း မြို့မိမြို့ဖများမှာ မေလ ၁ရက်နေ့ နောက်ဆုံးထား၍ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ဆွေးနွေးခဲ့ပါသည် ။ အဆိုပါတောင်းဆိုမှုနှင့် ပတ်သက်ပြီုး ပြည်နယ်အစိုးရမှ တာဝန်ယူဆုံးဖြတ်ပေးလျှင် ပို၍ အဆင်ပြေလိမ့်မည်ဟု ယူဆမိပါသည် ။

ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေစီးရေလာကောင်းမွန်စေရေးအတွက် လုပ်ငန်းအစီအစဉ်ရေးဆွဲရာတွင် ရေအရင်းမြစ်နှင့် မြစ်ချောင်များ ဖွံ့ဖြိုးတိုက်ရေး ဦးစီးဌာန၏ ကွင်းဆင်းစစ်ဆေးမှုကိုသာ မူသေမယူပဲ ဒေသခံ ပြည်သူလူထု၏ သဘောဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်လိမ့်မည်ဟု ထင်ပါသည် ။ နောင်လာမည့် နှစ်များတွင် ဆောင်ရွက်ပါက ဒေသခံပြည်သူလူထုအား အသေးစိပ် ချပြဆွေးနွေး၍ ရေနစ်ခံ ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုဖြင့် လုပ်ငန်းများကို ဆောင်ရွက်သင့်ပါသည် ။ဥရုချောင်းရှင်းလင်းရေးနှင့် ပတ်သက်၍ ယခုလက်ရှိဆောင်ရွက်နေမှုအပေါ် မြို့မိမြို့ဖများက ကျေနပ်မှုမရှိကြောင်း တွေ့ရှိရပါသည် ။

ချောင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး ပထမဆုံးလွဲနေသောအချက်သည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲအစည်းကို ဗဟိုပြုနေသော အချက်ဖြစ်သည် ။အဆိုပါ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသည် ချောင်းရှင်းလင်းရေးတွင် မဖြစ်မနေ ပါဝင်ရမည်မှာလည်း ငြင်းမရသောအချက်ဖြစ်သည် ။ချောင်းရှင်းလင်းရေး ကော်မတီကို ဖွဲ့စည်းရာတွင် ရေကြီးရေလျှံမှုဒဏ်ကို အမှန်တကယ် လက်တွေ့ခံစားနေရသည့် အနေကြာ အိမ်ရှင်များဖြစ်သည့် မြို့မိမြို့ဖ ၊ရပ်မိရပ်ဖများ အများဆုံး ပါဝင်ခွင့်ပြုရမည် ။ ကော်မတီတွင်လည်း ထိုသူများကိုသာ အမြဲတမ်းအဖွဲ့ဝင် များအဖြစ် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဌာနများက လိုအပ်သော ပညာရှင်နှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကူညီထောက်ပံ့ပေးရမည် ။ စာရင်းဇယားနှင့် လုပ်ငန်းအခြေအနေများကို သက်ဆိုင်ရာဌာနများ ကိုင်တွယ် စီစစ်ရမည် ။ချောင်းရှင်းလင်းနေမှု မြေပြင် အနေအထား လုပ်ငန်းခွင်ကို မြို့မိမြို့ဖ ၊ရပ်မိရပ်ဖ ကော်မတီဝင်များနှင့် သက်ဆိုင်အာဏာပိုင်အဖွဲ့အစည်းမှ အုပ်ချုပ်သူ အချို့ကသာ ဦးဆောင်ကွပ်ကဲသင့်သည် ။ဒေသခံ ကော်မတီဝင်များမှ ချောင်းရှင်းလင်းနေမှု အခြေအနေများကို တပတ်တစ်ကြိမ် အသိပေးရှင်းပြသင့်သည် ။

ချောင်းရှင်းလင်းရေးကော်မတီဝင်များ လုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကချင်ပြည်နယ် အစိုးရအဖွဲ့အား ပေးအပ်ထားသည့် CSR ရန်ပုံငွေကို မဖြစ်မနေ သုံးစွဲခွင့်ပြုရမည် ။ထိုငွေအား ထုတ်ယူသုံးစွဲနိုင်ရန်အတွက် ဒေသအာဏာပိုင်များ နှင့် ကော်မတီများပါဝင်သောယာယီချောင်းရှင်းလင်းရေးအဖွဲ့ကို တရားဝင်ဖွဲ့စည်းခြင်း သို့မဟုတ် ကျောက်စိမ်းတူးဖော်ရေးဌာန ( လုံးခင်း ) ကဲ့သို့သော ဌာနများမှ ချောင်းရှင်းလင်းရေးကော်မတီနှင့် ပေါင်းစပ်ကာ တာဝန်ယူဆောင်ရွက်သင့်သည် ။ ထိုCSR ရန်ပုံငွေများ ကချင်ပြည်နယ် အစိုးရထံရောက်ရှိနေသည်မှာ အတော်ပင်ကြာနေပြီဟု သိရသည် ။ထိုCSR ရန်ပုံငွေမှ ရရှိသော ဘဏ်တိုးများ ဘယ်နှလ ရှိပြီး ဘယ်လောက်ရနေသည်ကိုကချင်ပြည်နယ် အစိုးရက ပွင့်လင့်မြင်သာစွာ ပြည်သူကို ပြောသင့်သည် ။အဆိုပါ CSR ရန်ပုံငွေသည် ယူရိုနှစ်သန်းမှ ဒေါ်လာ နှစ်သန်းဖြစ်သွားခဲ့ရသည်ဟုလည်းပြောဆိုသံများကြားနေရသည် ။ထိုကိစ္စမှာ ကချင်ပြည်နယ်အစိုးရအနေဖြင့် မဖြစ်မနေဖြေရှင်းပေးရမည်ဖြစ်သည် ။ ယူရို နှစ်သန်းဖြစ်ဖြစ်၊ အမေရိကန်ဒေါ်လာ နှစ်သန်းဖြစ်ဖြစ် မြန်မာကျပ်ငွေဖြင့် တွက်ချက်ပါကကျပ်သိန်းပေါင်း နှစ်သောင်းကျော်ဖြစ်သည် ။ထိုကျပ်သိန်းပေါင်း နှစ်သောင်းကျော်၏ တစ်လဘဏ်တိုးမည်မျှရရှိမည်ကို စာဖတ်သူများသာ တွက်ကြည့်စေချင်သည်။

ချောင်းရှင်းလင်းရေး လုပ်ဆောင်ရာတွင် ဥရုချောင်းကြီး တစ်ခုတည်းကိုသာ ရှင်းလင်းနေ၍မရပေ ။မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် အချက်အချို့ရှိသည် ။ ဥရုချောင်းအတွင်းသို့ စီးဝယင်နေသာသော ချောင်းလက်တက်ငယ်ပေါင်း ( ၂၃ ) ခု ရှိပါသည် ။ထိုချောင်းလက်တက်ငယ်များ၏ ကျန်းမာရေးသည် ချောင်းရှင်းလင်းရေး လုပ်ငန်းမျာလုပ်ဆောင်ရာတွင် မဖြစ်မနေထည့်သွင်းစဉ်းစားလုပ်ဆောင်ရမည်ဖြစ်ပါသည် ။ ယခုအခါထိုချောင်းလက်တက်ငယ်များသည် ဆိုးဆိုးရွားရွားပျက်စီးနေသည်ကို တွေ့ရှိရပါသည် ။ထိုချောင်းငယ်များ ပျက်စီးရသည့် အဓိက အကြောင်းတရားသည် ကျောက်စိမ်းတတူးဖော်ရေးလုပ်ကွက်များမှ စွန့်ပစ်မြေမစာများ ထိုချောင်းလက်တက်ငယ်များ၏ ပတ်ဝန်းကျင် အနီး /အဝေးများတွင် စွန့်ပစ်ခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိခဲ့ရသည် ။မိုးကာလရောက်သောအခါ ထိုစွန့်ပစ်မြေစာများသည် မိုးရေနှင့်အတူ ချောင်းလက်တက်များအတွင်းသို့ စီးဝင်သွားကြသည် ။ချောင်းလက်တက်များမှတစ်ဆင့် ဥရုချောင်းမကြီးအတွင်းသို့ စီးဝင်သွားကာ ချောင်းကောမှုကို ဖြစ်စေခဲ့သည် ။

ဒုတိယ ထည့်သွင်းစဉ်းစားရမည့်အချက်မှာ စွန့်ပစ်မြေစာသယ်ကားများသွားလာနိုင်ရန် ဥရုချောင်းကို ဖြတ်၍ ယာယီဆောက်လုပ်ထားသည့် ရေကျော်များ ၊တံတားများ ဆောက်လုပ်ခြင်းဖြစ်သည် ။ထိုရေကျော်များ ၊တံတာများသည် ဆောက်လုပ်သည့်အချိန်တွင် စနစ်ကျသလောက် ဖျက်သိမ်းသည့်အချိန်တွင် ဖြစ်ကတက်ဆန်း နိုင်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည် ။ဆောက်လုပ်သည့်အချိန်တွင် တန်ချီသော ဧရာမကျောက်တုံးကြီးများကို ချောင်းထဲထည့်၍ ကြိတ်ကြသည် ။ထောင်ပေါင်းများစွာသော သဲအိတ်များကို ချောင်းထဲတွင် ချကြသည် ။ထိုအပေါ်မှ စွန့်ပစ်မြေစာ နှင့် သဲအိတ် တန်ပေါင်းများစွာ လောင်းထည့်သည် ။အပေါ်မှ တံတားဆောက်သည် ။စာဖတ်သူများ ဉာဏ်မျက်စိဖြင့် လှမ်း၍မြင်နိုင်လိမ့်မည်ဟု ယူဆပါသည် ။သက်ဆိုင်ရာအဖွဲ့အစည်းများက ထိုသို့ပြုလုပ်ခြင်းကို ယနေအချိန်ထိ ခွင့်ပြုနေဆဲဖြစ်သည် ။

ဥရုချောင်း၏ အောက်ပိုင်းဖြစ်သည့် တာမခံ ဟောင်ပါးဒေသဘက်တွင် ဥရုချောင်းကိုပင်ပိတ်တန်းလုပ်ကာ စက်ယန္တယားကြီးများဖြင့် ရွှေ နှင့် ကျောက်စိမ်းတူးဖော်ခွင့်ပြူထားသည် ။တာမခံဒေသဘက်တွင် နိုင်ငံတော်မှ တရားဝင် အကျိုးတူလုပ်ကွက်ချထားခြင်းမရှိဟုသိရသည် ။ လုပ်ငန်းရှင် တစ်ဦးအား မေးမြန်းကြည့်သောအခါ စစ်တပ်နှင့် KIA ကို အစုပေး၍ နားလည်မှုဖြင့် လုပ်ကိုင်နေသည်ဟု ပြောပြသည် ။ငြိမ်းချမ်းရေးမရခြင်းကို ငြိမ်းချမ်းရေးရနေသော နားလည်မှု လုပ်ကိုင်ခွင့်ပြုထားသည့် မြင်ကွင်းလေးက ငြိမ်းချမ်းရေးအတွက် ပညာပေးနေသလို ခံစားလာရသည် ။လူကြီးမင်းများ သင်ခန်းစာယူတတ်လျှင် ငြိမ်းချမ်းရေးပင်ရနိုင်ပါသေးသည် ။ ( ဤကား စကားချပ်ပါ ) ။ ဥရုချောင်းအပေါ်မှာ သက်ဆိုင်ရာ အာဏာပိုင်များက အာဏာစက်မသက်ရောက်ခြင်း သို့မဟုတ် ကာကွယ်လိုစိတ် နည်းနေခြင်းဖြစ်သည် ။ ဘယ်လောက်ပင် လက်သီးလက်ခမောင်းတန်းပြီး ဥရုချောင်းကြီးရေစီးရေလာကောင်းအောင် လုပ်ပါမည်ပြောနေသော်လည်း ကျနော်တို့ပြည်သူတွေကတော့ အလည့်ကျစနစ်နဲ့ရောက်လာသော အာဏာပိုင်အဖွဲ့အစည်းများမှ ဦးဆောင်သော ချောင်းရှင်းလင်းရေးကို ရေကြီးရေလျှံ ခံစားနေရသော ပြည်သူများက မယုံကြည်နိုင်တော့ပေ ။ ။ အလှည့်ကျရောက်ရှိလာသော သက်ဆိုင်တာဝန်ရှိလူကြီးများသည် အပေါ်လွှာ လူတန်းစားများက တင်ပြမှုများကိုသာ နားထောင်ပြီး ပြည်သူအသံ ၊ပြည်သူ့ဘဝကို ကောင်းကောင်းမသိကြသူများ ဖြစ်သောကြောင့်ဖြစ်သည် ။

နိဂုံးချုပ် အနေဖြင့် အကြံပြုလိုသည်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို မဖြစ်မနေလျော့ချရမည့် အချက်ဖြစ်ပါသည် ။လုပ်ငန်းရှင်များကို မစာနာ၍မဟုတ်ပါ ။ကျောက်စိမ်းတူးဖော်ရေးသည် နိုင်ငံတော်အတွက်များစွာ အထောက်အကူပြုနေသည်မှန်သော်လည်း လေလွင့်မှု များစွာရှိနေသည်ကို တွေ့ရှိရပါသည် ။ ဖားကန့်ဒေသအတွင်း နှစ်စဉ်ကြုံတွေ့နေရသော သဘာဝဘေးဒဏ်များကို လျှော့ချနိုင်ရန်မှာ ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းများကို စနစ်တကျ စီစစ်ရန်လိုပြီး ၊ ချောင်ဘေးဝဲယာတစ်လျှောက် လူနေအိမ်များ ဆောက်လုပ်နေထိုင်ခြင်း ၊ အမှိုက်များကို အလွယ်တကူ ချောင်းအတွင့် စွန့်ပစ်ခြင်း ၊ရွှေမျောများ ချောင်းအတွင်း တိုက်ချခြင်းများကို စနစ်တကျ ထိမ်းသိမ်းစောင့်ရှောက် လိုင်နာရန် အထူးလိုပ်လှပေသည် ။ ဖားကန့်ဒေသနေ ပြည်သူများ နှစ်စဉ်ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်များကို ဖြေရှင်းနိုင်ခြင်း မရှိသည့် အတွက် ကျောက်စိမ်းများ အလွနကျွံတူးဖော်ခြေင်းကို စနစ်တကျ ထိန်းချုပ် ရန် လိုအပ်နေပြီး ဖြစ်ကြောင်း အကြံပြု တင်ပြလိုပါသည် ။

ဇော်မိုးထက် ( ဖားကန့် )
https://www.facebook.com/zawmoehetet.zawmoe/posts/1412432882204876?pnref=story



No comments:

Post a Comment