Latest News

Tuesday, August 15, 2017

တစ်နိုင်ငံလုံး၌ H1N1 ဖြင့် သေဆုံးသူ စုစုပေါင်း ၂၃ ဦး ရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှာ သေဆုံးနှုန်း ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေ

တစ်နိုင်ငံလုံး၌ H1N1 ဖြင့် သေဆုံးသူ စုစုပေါင်း ၂၃ ဦး ရှိပြီး
ဧရာဝတီတိုင်းဒေသကြီးမှာ သေဆုံးနှုန်း ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေ


သြဂုတ် ၁၄ ရက်ထိ တစ်နိုင်ငံလုံး၌ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ဖြင့် သေဆုံးသူစုစုပေါင်း ၂၃ ဦးရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှာ သေဆုံးနှုန်း ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ရောဂါဖြစ်ပွားမှု၊ ပိုးတွေ့မှုနှင့် ပတ်သက်၍ ဆန်းစစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးတွင် ပိုးတွေ့လူနာ အများဆုံးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပိုးတွေ့လူနာ ဒုတိယအများဆုံးရှိကြောင်း၊ သေဆုံးမှုနှုန်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ဒသမ၉ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ဒသမ၈ရာခိုင်နှုန်း နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁၇ ရာ ခိုင်နှုန်းရှိကြောင်း သိရသည်။

သြဂုတ်၁၄ရက်ထိ ရရှိသည့် အချက်အလက်အရ အထူးကုဆေးရုံကြီး (ဝေဘာဂီ) အပါအ၀င် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၇၃ဦး ဆေးဝါး ကုသမှု ခံယူနေဆဲဖြစ်ပြီး အများစုမှာ ရောဂါအခြေအနေ သက်သာလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

သြဂုတ် ၁၃ မှ သြဂုတ် ၁၄ ရက် အထိ သံသယလူနာ ၁၂ ဦးအား ဓါတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ ငါးဦး တွေ့ရှိခဲ့ကြောင်း နှင့် ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၄ ရက်ထိ လတ်တလောပြင်းထန် အသက်ရှုလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်  ရောက်ကုသသူ စုစုပေါင်းလူနာ ၆၂၉ ဦးအနက် H1N1 ပိုးတွေ့လူနာ စုစုပေါင်း ၂၃၅ ဦး ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၂၃ ဦး တွေ့ရှိရကြောင်း သြဂုတ် ၁၄ ရက်က H1N1 ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ်(၂၂)တွင် ဖော်ပြချက်အရ သိရသည်။

H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ အခြားရောဂါဖြင့် သေဆုံးသူ သြဂုတ် ၉ ရက်ထိ စုစုပေါင်း ၁၈ ဦး ရှိကြောင်းလည်း သိရသည်။

သြဂုတ် ၁၄ ရက်ထိ အထူးကုဆေးရုံကြီး(ဝေဘာဂီ)တွင် H1N1 ပိုးတွေ့ အတွင်းလူနာငါးဦး နှင့် အခြား တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်း လူနာ ၆၈ ဦး၊ စုစုပေါင်း ၇၃ ဦး ဆက်လက်ဆေးကုသမှု ခံယူလျက်ရှိပြီး အများစုမှာ သက်သာလျက်ရှိရာ မကြာမီ ဆေးရုံဆင်းနိုင်မည့်အခြေအနေရှိကြောင်း နှင့် ရောဂါဖြစ်ပွားမှုနှုန်း အများဆုံး တိုင်းဒေသကြီး/ပြည်နယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရောဂါကြိုတင် ကာကွယ်ရေး၊တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို အထူးဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

သြဂုတ် ၁၄ ရက်ထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ လတ်တလောပြင်းထန် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်းလူနာ ၃၈၀ဦး၊ ဓါတ်ခွဲအတည်ပြု ဖြစ်ပွားသူ ဦးရေ ၇၈ ဦးနှင့် ဓါတ်ခွဲအတည်ပြု သေဆုံးသူဦးရေ ခုနစ်ဦးရှိကြောင်း နှင့် သြဂုတ် ၁၄ရက်၊ နံနက်ပိုင်းကရရှိသည့် အချက်အလက်အရ အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင် ဆေးရုံတက်ရောက် ကုသနေသော လူနာ ငါးဦးရှိပြီး သြဂုတ် ၁၃ ရက်နေ့၌ ဆေးရုံဆင်းလူနာနှစ်ဦး ရှိကြောင်းလည်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလ ၁ ရက်မှ ဇူလိုင် ၂၃ ရက်နေ့အထိ သုံးလတာအတွင်း ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ အပါအ၀င် အိမ်နီးချင်းနိုင်ငံများ၊ အခြားကမ္ဘာ့နိုင်ငံများ၌လည်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားခဲ့မှု အခြေအနေ၊ မြန်မာနိုင်ငံတွင် ယခင်နှစ်များက ရာသီတုပ်ကွေး ရောဂါဖြစ်ပွားခဲ့မှု အခြေအနေ၊ ယခု ဖြစ်ပွားလျက်ရှိသည့် နေ့စဉ်ရောဂါ ဖြစ်ပွား၊ သေဆုံးမှု၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဖြစ်ပွားမှု၊ အစုလိုက် ရောဂါဖြစ်ပွားမှု ရှိ မရှိတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ပညာရှင်များက ကူးစက်ရောဂါဗေဒဆိုင်ရာ ရှုထောင့်မှ လေ့လာသုံးသပ်ချက်များအရ ယခု ဖြစ်စဉ်မှာ ရာသီတုပ်ကွေးရောဂါပိုး ပိုမိုဖြစ်ပွားလေ့ရှိသည့် မိုးတွင်းကာလအတွင်း ပုံမှန်ထက် ပိုမိုဖြစ်ပွားကြောင်း တွေ့ရှိရသော်လည်း ကပ်ရောဂါ အခြေအနေနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ မဟုတ်ကြောင်း သုံးသပ်ထားသည်။

အိသဉ္ဇာကျော်


Eleven Media Group

No comments:

Post a Comment