Latest News

Friday, July 14, 2017

YBS ကားများပြေးဆွဲနေသည့် လမ်းများကိုစစ်ဆေးပြီး ယခုနှစ်အတွင်း လမ်းများအားလုံး ပြင်ဆင်သွားရန် စီစဉ်နေဟုဆို

YBS ကားများပြေးဆွဲနေသည့် လမ်းများကိုစစ်ဆေးပြီး ယခုနှစ်အတွင်း လမ်းများအားလုံး ပြင်ဆင်သွားရန် စီစဉ်နေဟုဆို

YBS ကားများပြေးဆွဲနေသည့် လမ်းများကိုစစ်ဆေးပြီး ယခုနှစ်အတွင်း လမ်းများအားလုံး ပြင်ဆင်သွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဇူလိုင် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် ထောက်ကြန့်၌ ဖြစ်ပွားခဲ့သည့် YBS ယာဉ်တိုက်မှုတွင် သေဆုံးခဲ့သူများအား ကရုဏာကြေးပေးအပ်ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မနေ့ကဖြစ်သွားတဲ့ YBS (၂၅) ဆိုရင် ရမ်းကားစွာ မောင်းနှင်တာ မဟုတ်ဘူး။ လမ်းတွေက ပျက်စီးနေတော့ ချိုင့်ရှောင်မောင်းနေရင်းကနေ မြေပျော့ကိုနင်းပြီးတော့ စောင်းသွားတာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်အနေနဲ့ ညွှန်ကြားထားတာ ရှိပါတယ်။ YBS ပြေးဆွဲနေတဲ့ လမ်းတွေအားလုံးကို စစ်ဆေးပြီးတော့ ဒီနှစ်အတွင်း လမ်းတွေအားလုံး ကောင်းသွားအောင်လို့။ နောက်တစ်ခုက ကျွန်မတို့ ယာဉ်တွေကို တာဝတက္ကသိုလ်၊ နောက်ပြီးတော့ နည်းပညာတက္ကသိုလ်သွားပြီးတော့ ဒီကျောင်းသားတွေ သွားရေးလာရေး အဆင်ပြေအောင် ကျောင်းဝင်းနားမှာ ကားရပ်ရတာ အဆင်ပြေရေးနဲ့ ကျောင်းသားတွေနဲ့ ကားသမားတွေ အချိတ်အဆက်မိမိ စီးနင်းနိုင်အောင် ကိုယ်တိုင်ဆင်းကြည့်ပြီးတော့ ဆောင်ရွက်တာပါ။ ကျွန်မတို့ ဒီနေ့ ကရုဏာကြေးပေးတယ်ဆိုတာက ကျွန်မတို့ရဲ့ စိတ်စေတနာကို ပြသတဲ့အနေနဲ့ပါ။ တန်ဖိုးဖြတ်တာ မဟုတ်ပါဘူး” ဟု ၀န်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ထို့ပြင် YBS (၃၇) ယာဉ်လိုင်းသည် အာမခံ ထားရှိထားသော်လည်း YBS (၅၅) ယာဉ်လိုင်းသည် အာမခံထားရှိခြင်း မရှိကြောင်း၊ သို့သော် YBS (၅၅) ယာဉ်ပေါ်မှ သေဆုံးခဲ့သူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ YRTA နှင့် အာမခံကုမ္ပဏီတို့ကလည်း ကရုဏာ ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

“အခုဖြစ်လာတဲ့ဖြစ်စဉ်မှာ စနစ်တကျ ပြေးဆွဲနေတဲ့သူနဲ့ စနစ်မကျစွာပြေးဆွဲနေတဲ့သူ ဘယ်လောက်ကွာသွားလဲဆိုရင် အခုဖြစ်စဉ်မှာ (၃၇) ယာဉ်လိုင်းသည် အများပိုင်ကုမ္ပဏီစနစ်နဲ့ စနစ်တကျ ပြေးဆွဲနေတာဖြစ်တဲ့အတွက် အလုံးစုံ အာမခံထားတဲ့အတွက် ဒီသေဆုံးသူများ၊ ဒဏ်ရာရသူများအတွက်ရော အာမခံရပါတယ်။ နောက်ပြီးတော့ ကျွန်မဆိုလို့ရှိရင် စဖြစ်တဲ့နေ့ သုံးနာရီကျော်မှ ဒီသတင်းကို ရရှိပါတယ်။ အင်းစိန်ဆေးရုံကို စလိုက်တယ်။ ပြီးတော့ မြောက်ဥက္ကလာဆေးရုံကို သွားပါတယ်။ အဲဒီအချိန်မှာ (၃၇) ယာဉ်လိုင်းကုမ္ပဏီက တာဝန်ရှိသူတွေ ရောက်နေပြီးတော့ (၃၇) ယာဉ်လိုင်းက တောက်လျှောက်တာဝန်ယူ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ (၅၅) ယာဉ် လိုင်းကတစ်စီးပိုင် ကိုယ်ရကိုယ်ယူစနစ်နဲ့ ဆွဲနေတာဖြစ်တော့ ဖြစ်လာတဲ့တာဝန်ကို ဒီကားပိုင်ရှင်ကပဲ တာဝန်ယူမှာလား၊ ယာဉ်လိုင်းအုပ်ချုပ်သူကပဲ တာဝန်ယူမှာလား သူတို့ဘာသာ သူတို့ မဝေခွဲနိုင်ဘဲနဲ့ အခုချိန်အထိ မယ်မယ်ရရ တာဝန်ယူခြင်း မရှိပါဘူး။ ကိုယ်ချင်းစာပါဆိုပြီး ခဏခဏပြောပါတယ်။ ဒီလိုမျိုး ကိုယ်ချင်းစာတရားမရှိလို့ ဖြစ်လာတာ။ လူ့အသက်ထက် တန်ဖိုးရှိတာ ဘာမှမရှိဘူး။ ဒီနေ့ပေးနိုင်တာက ကျွန်မတို့ ကရုဏာကို ပြသတဲ့အနေနဲ့ပဲ ပေးနိုင်တာပါ။ လူ့အသက်ကို ဒါနဲ့ တန်ဖိုးဖြတ်တာ မဟုတ်ပါဘူး” ဟု ဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။        
Eleven Media Group

No comments:

Post a Comment