Latest News

Friday, July 14, 2017

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ လူသတ်မှုအမှုတွဲတွင် တရားလိုပြသက်သေ ၈၀ ကျော် တင်ပြထားသဖြင့် ရုံးချိန်းတစ်ချိန်းလျှင် လိုပြသက်သေငါးဦးအထိ စစ်ဆေးပေးရန်လိုလားဟု ဆို

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ လူသတ်မှုအမှုတွဲတွင် တရားလိုပြသက်သေ ၈၀ ကျော် တင်ပြထားသဖြင့် ရုံးချိန်းတစ်ချိန်းလျှင် လိုပြသက်သေငါးဦးအထိ စစ်ဆေးပေးရန်လိုလားဟု ဆို

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ လူသတ်မှုအမှုတွဲတွင် တရားလိုပြသက်သေ ၈၀ ကျော် တင်ပြထားသဖြင့် ရုံးချိန်းတစ်ချိန်းလျှင် တရားလိုပြသက်သေ ငါးဦးအထိ စစ်ဆေးပေးရန်လိုလားဟု ဦးနေ၀င်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

အဆိုပါအမှုမှ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ဇူလိုင် ၁၄ ရက် နံနက်က မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ကာ အမှုစစ်ဆေးအပြီး ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“စွပ်စွဲခံရသူတွေဘက်က တင်ပြတာက သက်သေထွက်ဆိုချက်တွေက တူညီနေတယ်။ အဲဒါကြောင့် ရုံးချိန်းတစ်ချိန်းကို သုံးယောက်လောက် စစ်သင့်တယ်လို့ သူတို့ဘက်ကပြောတယ်။ ကျွန်တော်တို့ကလည်း လက်ခံတယ်။ အခုဆိုရင် နေ့လယ် ၁၂ နာရီ မထိုးသေးဘူး၊ အမှုစစ်တာက ပြီးနေပြီ။ ၁၂ နာရီထိုး ထမင်းစားနားမယ်။ ပြီးရင်ဆက်စစ်မယ်။ လက်ပံတန်းမှာတုန်းက ကျောင်းသားတွေကိုစစ်တာ ညနေအထိစစ်တယ်။ အခုလည်း ဒီအမှုကို သက်သေငါးယောက်လောက်အထိ ညနေအထိ စစ်သွားရင် ပိုကောင်းမယ်။ ဒီလိုစစ်တာကတော့ တရားသူကြီးနဲ့မဆိုင်ဘူး။ သက်သေကို တင်ပြရတဲ့ ဥပဒေအရာရှိရဲ့တာဝန်ကိုး။ တရားသူကြီးက ကန့်သတ်လို့မရသလို ကန့်တာလည်းမရှိဘူး။ ဥပဒေအရာရှိကလည်း သူကိုယ်တိုင် သမ္မန်စာထုတ်ရတာ မဟုတ်ဘူးဆိုတော့ သူကိုယ်တိုင်လည်း အခက်အခဲရှိမယ် ထင်ပါတယ်။ ဒါပေမဲ့ ဒီအမှုက အရေးကြီးတဲ့အမှုဖြစ်တဲ့အတွက် ရဲကိုတိတိကျကျနဲ့ ညွှန်ကြားချက်ပေးပြီး ထုတ်မယ်ဆိုရင်တော့ လွယ်ကူမယ်လို့ ယုံပါတယ်” ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ထိုနေ့ရုံးထုတ်တွင် အမှုနှင့်ပတ်သက်၍ သေနတ်သမား ကြည်လင်းကို ဖမ်းဆီးစဉ်က ပါဝင်ခဲ့သည့် ရဲတပ်သားနှစ်ဦးအား ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ရဲတပ်သားနိုင်ဇော်ရယ်၊ သက်အာကာစိုးရယ် နှစ်ယောက်ကို စစ်တယ်။ သူတို့က အရေးပါအရာရောက်တဲ့ အဓိကသက်သေတွေပါ။ စွပ်စွဲခံရသူ ကြည်လင်းကို လက်ရဖမ်းဆီးရေးမှာ ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေက ကွင်းဆက်တွေတော့ မိပါတယ်။ သေနတ်သံကြားတဲ့အကြောင်း နောက်ကနေလိုက်တယ်။ ကားပေါ်မှာမိတယ်။ အထက်အရာရှိ ဒုရဲမှူးကြီး တစ်ဦးကနေပြီးတော့ အမိန့်ပေးတော့ လက်ထိပ်ခတ်တယ်။ လွယ်အိတ်ထဲရှာတယ်။ သေနတ်တွေတွေ့တယ်။ တွေ့တဲ့သေနတ်တွေကို ရဲအုပ်မိုးနိုင်ကို ပေးအပ်လိုက်တယ်ဆိုတဲ့ အကြောင်းတွေ အသေးစိတ် ထွက်ဆိုသွားပါတယ်” ဟု ဦးနေ၀င်း၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် လူသတ်မှုနှင့်ပတ်သက်၍ ရုံးချိန်းသုံးချိန်းအပြီး တရားလိုအပါအ၀င် တရားလိုပြသက်သေ ငါးဦးအား စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင်အမှုနှင့်ပတ်သက်၍ လက်ရှိတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသူ ကြည်လင်းနှင့် ပူးပေါင်းပါဝင်သူ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်တို့ ငါးဦးကို မြောက်ပိုင်းခရိုင်တရားရုံး၌ ပြစ်မှုကြီးအမှတ် ၄၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂ တို့ဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုအတွက် တရားလိုပြသက်သေ ၈၀ တင်ပြထားကြောင်း သိရသည်။

တရားစွဲခံထားရသူ ငါးဦးအနက် ဖမ်းဝရမ်းထုတ်ခံထားရသူ အောင်ဝင်းခိုင်မှာ ယနေ့အချိန်အထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား ရာကြီးအမှတ် ၄၆/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) ဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုအတွက် သက်သေ ၁၀ ဦးကျော် တင်ပြထားကြောင်း သိရသည်။

ဦးကိုနီလုပ်ကြံခံရမှုကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးတွင် အထူးခုံရုံးဖြင့် တရားသူကြီးသုံးဦးထိုင်ဖြင့် စစ်ဆေးနေခြင်း ဖြစ်သည်။

မတ် ၃၀ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ လွတ်မြောက်နေသူ အောင်ဝင်းခိုင်၏ မှတ်ပုံတင်စာရင်းစာအုပ်၊ မိတ်ဆွေများနေထိုင်ရာဒေသနှင့် ယခင်သွားလာခဲ့သည့်နေရာတို့ကို ဖော်ပြ၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှုမှ ထွက်ပြေးတိမ်းရှောင်သူ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ်ရုံး (INTERPOL) နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဧပြီ ၇ ရက်တွင် INTERPOL က အနီရောင်ကြေညာချက် (Red Notice) တရားဝင် ထုတ်ပြန်ထားကြောင်း သိရသည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးတရားစွဲဆိုခံထားသူ လေးဦးအနက် အောင်ဝင်းထွန်းကို ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဆက်စပ်ပါဝင်သူဖြစ်ကြောင်းနှင့် ဖမ်းဆီးမိကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်မှုနှင့် သတင်းစာ ရှင်းလင်းပွဲတို့တွင် သတင်းထုတ်ပြန်ထားခြင်းမရှိဘဲ မတ် ၁၇ ရက် ရုံးထုတ်တွင် ပါဝင်လာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်န၀ါရီ ၂၉ ရက် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၎င်း၏နေအိမ်သို့ပြန်ရန် လေဆိပ် Terminal 1 ရှေ့ပလက်ဖောင်း၌ မြေးဖြစ်သူကိုချီ၍ ရပ်နေစဉ် ဦးကိုနီအား ကြည်လင်းက ၉ မမ ပစ္စတိုဖြင့် နောက်မှကပ်၍ ဦးခေါင်းအား အနီးကပ် ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးခေါင်းဒဏ်ရာဖြင့် လုပ်ကြံခံရသည့်နေရာတွင် ဦးကိုနီမှာ သေဆုံးခဲ့သည်။

ဦးကိုနီအား ပစ်ခတ်လုပ်ကြံခဲ့သည့် ကြည်လင်းအား အငှားယာဉ်မောင်းများနှင့် ပြည်သူများက ခဲများကိုင်၍ လိုက်လံဖမ်းဆီးစဉ် လုပ်ကြံသူ သေနတ်သမား ကြည်လင်းက ပြန်လည်ပစ်ခတ်သဖြင့် လေဆိပ်အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုနေ၀င်းမှာ ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment