Latest News

Friday, July 14, 2017

YBSခရီးသည်တင်ယာဉ်မတော်တဆမှုဖြစ်စဉ်များဆက်တိုက်ဖြစ်ပွား

YBSခရီးသည်တင်ယာဉ်မတော်တဆမှုဖြစ်စဉ်များဆက်တိုက်ဖြစ်ပွား

ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်းတွင် YBS (၅၉) ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ အခြားယာဉ်ကိုးစီးကို ဆင့်တိုက်မှုဖြစ်ပွား

YBS ခရီးသည်တင်ယာဉ် မတော်တဆမှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားခဲ့ရာ ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်း၌ ဇူလိုင် ၁၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် YBS (၅၉) ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ အခြားယာဉ်ကိုးစီးကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

YBS (၅၉)ခရီးသည်တင် 9F/... ယာဉ်သည် အောက်ကြည့်မြင်တိုင်လမ်းအတိုင်း အနောက်ပိုင်းဆေးရုံဘက်မှ သခင်မြပန်းခြံဘက်သို့ မောင်းနှင်စဉ် သီတာရုပ်ရှင်ရုံလမ်းထိပ်အရောက်တွင် အရှိန်လွန်ကာ ၎င်းယာဉ်၏ ရှေ့ရှိ GG -... Fielder ယာဉ်၊ 2J......Kluger ယာဉ်၊ 4L-....ဟွန်ဒါပစ်ကပ်ယာဉ်၊ AA-....ပရိုဘောက်ယာဉ်၊ CC-....ကိုရိုလာဗင်၊ 3M-... တိုယိုတာ Wish ယာဉ်တို့အား အနောက်မှဝင်တိုက်ပြီး ဈေးဆိုင်လက်တွန်း လှည်း၊ ထမင်းဆိုင်နှင့်၊ စက်ဘီးတို့အား ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

ထို့ပြင် လမ်းဘေးတွင် ပါကင်ထိုးထားသည့် 2G-... Nissan AD Van၊ 9C-..... မစ် ဆူဘီရှိ Airtrek ယာဉ်၊ 3K-.... Honda Fit  ယာဉ်တို့  ထပ်မံတိုက်ခဲ့ကြောင်း သိရသည်။

“YBS (၅၉)က ဟုမ်းလမ်းဘက်က ဆင်းအလာမှာ ဖီဒါကားရဲ့အနောက်ကို ၀င်တိုက်တယ်။ ဖီဒါက Kluger ရဲ့အနောက်ကို ၀င်တိုက်တယ်။ Kluger ကနေ Honda ခွေးဘီလူးကားကို ၀င်တိုက်တယ်။ Honda ကားကနေ Probox ကိုတိုက်တယ်။ ပြီးတော့ ဖင်ကောက်ကားကို တိုက်တယ်။ Wish ကားကို တိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ဆိုင်ရှေ့မှာ ရပ်ထားတဲ့ AD Van တစ်စီးရယ်၊ Mitsubishi Airtrek ကားရယ်၊ Honda Fit ကားကို ၀င်တိုက်သွားတယ်။ နောက်ပြီးလမ်းဘေးက ထမင်းဆိုင်ရယ်၊ ကွမ်းယာဆိုင်ရယ်၊ ကားပစ္စည်းဆိုင်ရှေ့က ပစ္စည်းတွေကို ၀င်တိုက်သွားတယ်။ လူအသေအပျောက်နဲ့  ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ၅၉ ယာဉ်မောင်းကိုတော့ ယာဉ်ထိန်းရဲတွေ ဖမ်းသွားပြီ” ဟု ယာဉ်တိုက်မှုဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သည့် ကိုပြည့်စုံက ပြောကြားသည်။

အဆိုပါ YBS (၅၉)ယာဉ်က အခြားယာဉ် ကိုးစီးအား ၀င်တိုက်သည့်ဖြစ်စဉ်တွင် သေဆုံးသူမရှိဘဲ အမျိုးသားတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာ မစိုးရိမ်ရဖြင့် ကုသခဲ့ရကြောင်း သိရသည်။

“ကြည့်မြင်တိုင်ရဲစခန်းမှာ ပုဒ်မ ၃၃၇၊ ၂၇၉ တို့နဲ့ အမှုဖွင့်ထားတယ်။ YBS (၅၉)က အရှိန်လွန်ပြီး တိုက်သွားတာ။ ဘရိတ်ပေါက်တယ်။ မပေါက်ဘူးဆိုတာ ယာဉ်စစ်ဆေးရေးအဖွဲ့က ထပ်ပြီးစုံစမ်း စစ်ဆေးသွားမှာပါ” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မှုစစ်ရဲအုပ် အောင်လှိုင်စိုးက ပြောကြားသည်။

ယင်းကဲ့သို့ ယာဉ်မတော်တဆမှုဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် YBS (၅၉) ယာဉ်မောင်းဖြစ်သူအား ဖမ်းဆီးထိန်းသိမ်းကာ (ပ)၂၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉၊ ၃၃၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထို့အတူ မြောက်ဒဂုံမြို့နယ် တံတားထိပ် မှတ်တိုင်အနီးတွင် ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီကျော်က YBS (၂၅) ခရီးသည်ယာဉ်တစ်စီး မတော်တဆမှုဖြစ်ပွားပြီး အဆိုပါ မတော်တဆမှုကြောင့် ကားပေါ်တွင် လိုက်ပါသည့် ဒဂုံတက္ကသိုလ် ဆရာမနှစ်ဦးနှင့် ခရီးသည်အပါအ၀င် ခုနစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမကြီးအတိုင်း ၇/၈ လမ်းဆုံဘက်မှ တောင်မြောက်လမ်းဆုံအတိုင်း မောင်းနှင်လာသော YBS ၂၅ ခရီးသည်တင်ယာဉ်သည် အမှတ်(၂၈) ရပ်ကွက်၊ တံတားထိပ်မှတ်တိုင်အနီးတွင် ကားလမ်းပေါ်ရှိ ချိုင့်ကိုရှောင်ရာမှ အရှိန်လွန်ပြီး လမ်းယာဘက်ရှိ အုတ်ခုံကိုတိုက်မိကာ ကားတိမ်းစောင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒဂုံတက္ကသိုလ်ကျောင်းထဲကနေ ကားစီးလာတာပါ။ ကားစီးထွက်လာကတည်းက ဒရိုင်ဘာ ပုံစံမကျဘူး။ ၇/၈ လမ်းဆုံမှတ်တိုင်မှာ ကျောင်းသူနှစ်ဦးဆင်းဖို့ ဘဲလ်တီးတာကို မရပ်ပေးဘူး။ ကားပေါ်မှာ သီချင်းဖွင့်ထားတယ်။ အဲဒီအချိန်မှာ နောက်ကျောင်းသားလေးငါးခြောက်ယောက် ၀ိုင်းအော်တာမရပ်ဘူး။ နောက်ထပ် လူထပ်အော်မှ ရပ်တယ်။ အဲဒါဆက် မောင်းလာပြီး မှတ်တိုင်မှဆင်းမယ့်လူပါရင် ရပ်တယ်။ မပါရင် အရှိန်နဲ့မောင်းလာတယ်။ ပြီးတော့ တံတားထိပ်မှတ်တိုင်အကျော်မှာ ချိုင့်ရှိတာကို အရှိန်နဲ့ မောင်းတယ်။ ချိုင့်ကို ရှောင်ရင်းနဲ့ အုတ်ခုံကိုတိုက်ပြီး မြောင်းထဲပြုတ်ကျသွားတယ်” ဟု ဒဂုံတက္ကသိုလ်ကျောင်းသား ကိုသန့်ဇင်ကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပျဉ်းမပင်ကျေးရွာအုပ်စု ပြည်လမ်းအတိုင်း မှော်ဘီဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော 2F/.....  YBS ယာဉ်အမှတ် (၅၅)  ယာဉ်သည် ရွှေညောင်ပင် ဘိုးဘိုးကြီးနတ်နန်းဟောင်း အနီးအရောက်တွင် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိလာပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော YBS ယာဉ်အမှတ် (၃၇) ယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိကာ ၀ဲဘက်လမ်းဘေးရှိ သံပန်းကို ထပ်မံတိုက်မိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ YBS ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသည့် ခရီးသည်များအနက် ဇူလိုင် ၈ ရက်ညနေ ၆ နာရီအထိ သေဆုံးသူ ၁၀ ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်မှာ မြောက်ဥက္ကလာပ ဆေးရုံ၊ အင်းစိန်ဆေးရုံတို့တွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ထောက်ကြန့်တွင် YBS ယာဉ်နှစ်စီးတိုက်မှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “ဘယ်သူသေသေ  ကိုယ်မာချင်တဲ့ ငတေတွေဖြစ်တဲ့ ကားအုံနာ၊ ဒရိုင်ဘာ၊ စပယ်ယာအားလုံး။ ကိုယ်ရကိုယ်ယူစနစ်ကို ဆက်အသက်သွင်းဖို့ ကြိုးစားနေသူအားလုံးကို ပြင်းထန်စွာ သတိပေးလိုက်ပါတယ်” ဟု ဇူလိုင် ၇ ရက်တွင် ရေးသားခဲ့ပြီး နောက် YBS ယာဉ်အမှတ် (၅၅) ယာဉ်လိုင်းကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သတင်းထွက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ် မဖြစ်ပွားမီ ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ]ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမိုကောင်းမွန်လာစေရန်နှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်း မြင်သာစွာချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း’ အဆိုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာတွင် စည်းကမ်းပျက်ယာဉ်များနှင့် ပတ်သက်၍ တိုင်ကြားမှုများကို နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး စည်းကမ်းပျက်မှု များလာပါက ယာဉ်လိုင်းတစ်လိုင်းလုံး အစားထိုးရန် စီစဉ်ထားကြောင်းကိုလည်း ထည့်သွင်းဖြေကြားခဲ့သည်။                        
Eleven Media Group

No comments:

Post a Comment