YBS စနစ် အပြောင်းမှာ ကားဟောင်းတွေ ချန်ထားရစ်ခဲ့
YBS စနစ်အပြောင်းအလဲတွင် ၁၉၉၅ မော်ဒယ် နှင့် ၁၉၉၅ မော်ဒယ်အောက် ကားဟောင်းများကို ဇွန်လကုန်အထိသာ လိုင်းပြေးဆွဲခွင့်ပြုထားပြီး ဇူလိုင် ၁ ရက်မှစတင်၍ အပ်နှံခြင်းလုပ်ငန်း စဉ်များကို စတင်လိုက်သည်။ သက်တမ်း နှစ် ၂ဝ ကျော် ယာဉ်အိုယာဉ်ဟောင်းများနေရာတွင် ဘတ်စ်ကားသစ်ကြီးများဖြင့် စတင်အစားထိုး ပြေးဆွဲတော့မည်ဖြစ်သည်။
ထိုကားဟောင်းများကို ဇွန် ၃ဝ ရက် နောက်ဆုံးထား ပြေးဆွဲစေခဲ့ရာတွင် ဇွန် ၂၉ ရက်က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်း စာတိုက်မှတ်တိုင်အနီးတွင် YBS ၃၈ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် (၂ဃ/----) သည် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါယာဉ်သည် ဇွန်လကုန်တွင် နောက်ဆုံး ထားအပ်နှံမည့် ၁၉၉၅ မော်ဒယ်ထုတ် ယာဉ် ဟောင်းတစ်စီးပင် ဖြစ်သည်။ အလားတူပင် ဇူလိုင် ၇ ရက်က YBS ၅၅ ယာဉ်နှင့် YBS ၃၇ ယာဉ်တို့ မတော်တဆ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ၁ဝ ဦး သေဆုံးခဲ့ပြီး ခရီးသည် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်သည်လည်း YBS စနစ် အပြောင်းအလဲ စတင်ခဲ့သည့် ကာလအတွင်း လူအသေ အပျောက်နှင့် ထိခိုက်မှုအများဆုံး ယာဉ်မတော် တဆမှု ဖြစ်ခဲ့သည်။ အဆိုပါ ယာဉ်မတော် တဆမှု ဖြစ်စဉ်တွင် YBS ၅၅ ယာဉ်သည် တွိုက်ရော့ပြုတ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းကြောင်းမှန် မောင်းနှင်လာသော တစ်ဖက်ယာဉ်ကြောမှ YBS ၃၇ ယာဉ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၅၅ ယာဉ် လိုင်းမှ ယာဉ်သည် ၁၉၉၈ ခုနှစ် မော်ဒယ် ဘတ်စ်ကားဟောင်းတစ်စီးဖြစ်ပြီး သတ်မှတ် အရှိန်နှုန်းအတိုင်း မောင်းနှင်လာခြင်းမဟုတ်ဘဲ လိုင်းတူ နံပါတ်တူ ယာဉ်လိုင်းမှ ယာဉ်တစ်စီး နှင့် ပြိုင်မောင်းလာခြင်းပင်ဖြစ်သည်။
ယာဉ်အိုယာဉ်ဟောင်းများ၊ ကြံ့ခိုင်မှု အားနည်းသော ယာဉ်များဖြင့် သွားလာစီးနင်းနေရသူ ခရီးသည်များအတွက် စိတ်ကျေနပ်စရာ ဝန်ဆောင်မှုများလည်း မဖြစ်သလို လုံခြုံစိတ်ချစွာ သွားလာနိုင်မှုတွင် အားနည်းလျက်ရှိသည့်အပြင် စည်းကမ်းမဲ့ မောင်းနှင် နေမှုများကြောင့်လည်း တန်ဖိုးရှိသော လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေရသည်။ ယင်းကြောင့်လည်း ကားဟောင်းများကို အစားထိုးအပ်နှံစေကာ ဘတ်စ်ကားသစ်များဖြင့် ပြေးဆွဲမည့် အစီအစဉ်များ ယခုတစ်ပတ် အတွင်းတွင် စတင်တော့မည်ဖြစ်သည်။ အစိုးရ၏စီစဉ်မှုဖြင့် ဝယ်ယူခဲ့သော ဘတ်စ်ကားသစ်ကြီးများအပြင် ပုဂ္ဂလိကကဏ္ဍမှ လိုက်ပါပြောင်းလဲလာသော ကားသစ်များ၊ ဝန်ဆောင်မှုများဖြင့် မြို့ပြ ဘတ်စ်ကားစီးခရီး သည်များအနေဖြင့် ယခင်စနစ်ဟောင်းပုံစံ ဟောင်းထက် ယာဉ်စီးခကို ကိုယ်တိုင်ပေးချေကာ စိတ်အေးချမ်းသာစွာ စီးနင်းနိုင်သော စနစ်သစ်ကို လက်ခံလာကြသည်။
''ဝန်ဆောင်မှုနှင့် ညီမျှသော ယာဉ်စီးခကို ပေးချေပါရန် မေတ္တာရပ်ခံအပ်ပါသည်'' ဟု ဆိုသော YBS ယာဉ်လိုင်းအမှတ် ၂၁ ယာဉ် ပေါ်တွင် ရေးသားထားသော စာတန်းလေး။ ကားအတွင်း ထိုင်ခုံသပ်သပ်ရပ်ရပ်နှင့် ပန်းချီ၊ ဓာတ်ပုံများ၊ ချစ်စဖွယ် အရုပ်ကလေးများ ချိတ်ဆွဲအလှဆင်ထားသလို လေအေးပေး စက်ဖွင့်ကာ ရန်ကုန်မြို့ပြ ဘတ်စ်ကားစီး ခရီးသည်များကို ဝန်ဆောင်မှုပေးလာသည်မှာ ပါဝါအလဲဗင်း ပုဂ္ဂလိက ယာဉ်လိုင်းပင်ဖြစ်သည်။
အဆိုပါ ယာဉ်လိုင်းသည် YBS စနစ် အပြောင်းအလဲတွင် ပြည်သူကိုဗဟိုပြုလိုက်ပါ ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး အဓိကရည်မှန်းချက်သည် ယခင်ကလို ငွေရှာရုံသက်သက်မဟုတ်တော့ဘဲ အဓိကအားဖြင့် ဝန်ဆောင်မှုကို အလေးထားလာသော ခေတ်ကြီးတွင် လူထုအကြိုက်၊ လူထုလိုအပ်ချက်ကို လိုက်ပါပြောင်းလဲပြီးဝန်ဆောင်မှုပေးနိုင်ပါက အများနှစ်သက်လက်ခံပြီး အောင်မြင်နိုင်မည် ဖြစ်သည်။
ယနေ့ ကားသစ်များဖြင့် စီးနင်းသွား လာနေရပြီး ယာဉ်နောက်လိုက်နှင့် စကားများ ရန်ဖြစ်စရာမလိုတော့ဘဲ ယာဉ်စီးခကို ကိုယ်တိုင်ပေးချေရသည့် အလေ့အထသည် အလုံးစုံ မအောင်မြင်သေးသော်လည်း ပြည်သူအများစု ကြိုက်နှစ်သက်လက်ခံလာလျက်ရှိသည်။ နောင်တွင် ကတ်စနစ်ဖြင့် ငွေပေးချေ မှုစနစ်၊ နိုင်ငံတကာအဆင့်မီ သယ်ယူပို့ဆောင် ရေးစနစ်၊ ဝန်ဆောင်မှုများကို ရန်ကုန်မြို့ပြ ပြည်သူများ မျှော်မှန်းနေကြသလို ယင်းသို့သော အဆင့်အတန်းမျိုးကို ရသင့်သည့် အခွင့်အရေးများလည်း ပြည်သူများတွင် ရှိပါသည်။ သုံးမိနစ်တစ်စီး၊ ငါးမိနစ်တစ်စီး လာမည့် ဘတ်စ်ကားကို မှတ်တိုင်တွင် အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက်ပေးနေမည့် ဘတ်စ်ကားမှတ်တိုင်မျိုး ဖြစ်လာဖို့ကိုလည်း မျှော်လင့်လျက်ရှိသည်။
ထို့အတူ ယနေ့ဘတ်စ်ကားလောကတွင် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တို့၏ ကိုယ်ရကိုယ်ယူစနစ် (ပုတ်ပြတ် စနစ်)ဖြင့် နေ့စဉ် ဘတ်စ်ကားပြေးဆွဲနေသည့် ဝင်ငွေအပေါ် ခွဲဝေရယူသည့်စနစ်ကို လုံးဝဖျက်သိမ်းပစ်မည်ဖြစ်ပြီး အများပိုင်ကုမ္ပဏီ စနစ်ပီပီပြင်ပြင်ဖြင့် ပြေးဆွဲနိုင်ရေးကိုသာ အစိုးရအနေဖြင့် ထိရောက်စွာ တွန်းအားပေး နိုင်ရန် လိုအပ်သည်။ ယနေ့ ဝန်ဆောင်မှု ခေတ်ဖြစ်သည်နှင့်အညီ စီးပွားရေးမြို့တော်၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်သာမက ကဏ္ဍအသီးသီးတွင် လူထုကိုဗဟိုပြုသည့် ဝန်ဆောင်မှုများ မပေးအပ်နိုင်ပါက (သို့မဟုတ်) အများပြည်သူ ကြိုက်နှစ်သက်မှုရှိအောင် လိုက်ပါပြောင်းလဲခြင်း မပြုနိုင်ပါက လူထုအားပေးမှုကို ရရှိမည်မဟုတ်ပေ။ အများပြည်သူ ကိုယ်တိုင် နှစ်သက်လက်ခံခြင်း မရှိတော့သည်က အဓိကကျသော အချက် ဖြစ်သည်။ လက်ရှိ့ YBS သမိုင်းတွင် ကားဟောင်းတွေကို ချန်ရစ်ခဲ့ရတော့မည် ဖြစ်သည်။
ဆုနှင်းလဲ့ (ကြေးမုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment