Latest News

Saturday, July 22, 2017

ခရီးသွားပြည်သူများ၏ တောင်းဆိုမှုအရ YBS များတွင် စပယ်ယာ မထားတော့ခြင်းဖြစ်ဟု YRTA တာဝန်ရှိသူပြော


ခရီးသွားပြည်သူများ၏ တောင်းဆိုမှုအရ YBS များတွင် စပယ်ယာ မထားတော့ခြင်းဖြစ်ဟု YRTA တာဝန်ရှိသူပြော

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ယာဉ်များအားလုံးတွင် ယာဉ်နောက်လိုက်စပယ်ယာများ မ ထားတော့ခြင်းသည် ခရီးသွားပြည်သူများ၏ တောင်းဆိုမှုများအရဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူးဒေါက်တာ မောင်အောင်ကပြောသည်။

ဒါက ပြည်သူလူထုလိုအပ်ချက်အရ တောင်းဆိုချက်အရ YBS စနစ်ကို အကောင်အထည်ဖော်နေတာပဲ။ YRTA ရဲ့ အဓိကရည်မှန်းချက်ကိုက ၀န်ဆောင်မှုရှိတဲ့ ကားစနစ်ကို ဖော်ဆောင်နေတာပါ။ ၀န်ဆောင်မှုဆိုတာ ဘေး ကင်းလုံခြုံစိတ်ချမှုရှိရမယ်။ သက်သောင့်သက်သာလေးနဲ့ သွားနိုင်ရမယ်။ ကောက်ခံမယ့် ယာဉ်စီးခကလည်း မြင်သာ ထင်သာရှိရမယ်။ အရင်တုန်းကစနစ်လို ယာဉ်စီးခပိုကောက်တာတို့ လမ်းကြောင်းမှာ မောင်းချင်သလို မောင်းတာမျိုး မဖြစ်ရဘူး။ တကယ့်ကို ပြည်သူလူထုကို ၀န်ဆောင်မှုကောင်းတွေပေးမယ့် YBS ဖြစ်ရမယ်။ ဒီ စနစ်အတွက်လည်း တဦးချင်းပိုင်ပြီးတော့ ကိုယ်ရကိုယ်ယူစနစ်နဲ့ ဘယ်လိုမှ ဖော်ဆောင်လို့မရဘူး။ အခုက တဦးချင်းပိုင်တွေကို ဖျောက်ပြီးတော့ ကုမ္ပဏီစနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့လုပ်နေပြီ'' ဟု ၎င်းကပြောသည်။

ခရီးသည်တင် YBS ယာဉ်များ အားလုံး ဇူလိုင်၂၀ ရက်နောက်ဆုံးထား၍ ယာဉ်စီးခပေးချေမှုအတွက် ငွေထည့်ပုံး (Cash Box) တပ်ဆင်ကာ ယာဉ်နောက်လိုက်မထားကြရန် YRTA မှ ညွှန်ကြားခဲ့ ခြင်းဖြစ်သည်။ သို့ရာတွင် အချို့ သော ယာဉ်နောက်လိုက်များမှ အလုပ်လက်မဲ့ဖြစ်သွားခဲ့သည့်အတွက် ယင်းစနစ်ကို လက်မခံကြဘဲ ယာဉ်ပေါ် တွင် ပြန်လည် လုပ်ကိုင်လိုကြကြောင်း သိရသည်။

''သူတို့ တောင်းဆိုသလို ကားပေါ် ပြန်တက်ခွင့်ပေးဖို့ကလည်း မဖြစ်နိုင်ဘူး။ ဆရာတို့က ပြည်သူလူထုကို ၀န် ဆောင်မှုကောင်းတွေပေးချင်လို့ စနစ်သစ်တွေ ဖော်ဆောင်တာပဲလေ။ သူတို့နဲ့ လည်ပတ်နေတာကြာနေပြီ။ သူ တို့ကြောင့် အဆင်မပြေမှုတွေအများကြီးပဲ။ သူတို့ရဲ့မိုက်ရိုင်းမှုတွေ၊ စော်ကားမှုတွေကို ပြည်သူလူထုက ဘယ် လိုမှ လက်မခံနိုင်တော့ဘူး။ သူတို့ကိုသာ ပြန်ထောက်ထားပြီး ကားပေါ်တက်ခွင့်ပေးလိုက်ရင် ပြည်သူလူထုကို ၀န်ဆောင်မှုကောင်းပေးမယ့်စနစ် ဘယ်ဖြစ်တော့မလဲ။ အဲဒါကြောင့် သူတို့ကို ကားပေါ်တက်ခွင့်မပေးတော့ ဘူး'' ဟု ဒေါက်တာမောင်အောင်က ပြောသည်။

လက်ရှိပြေးဆွဲနေသော YBS ယာဉ်ပေါင်း ၃၅၀၀ ကျော်တွင် ကုမ္ပဏီပိုင်ကားအစီး ၁၅၀၀ ကျော်၌ Cash Box တပ်ဆင်ထားကာ စပယ်ယာမပါသည့်စနစ်ကို ကျင့်သုံးနေပြီး အချို့သော ယာဉ်လိုင်များမှ Cash Box တပ်ဆင် မှုအတွက် အချိန်အနည်းငယ်ဖြေလျှော့ပေးရန် တင်ပြထားကြောင်း ၎င်းကပြောသည်။ Cash Box တပ်ဆင်ပြီး စီးသည့်ယာဉ်များကို YRTA မှ ဇူလိုင် ၂၁ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်းနှင့် နောက်ထပ် ပြင်ဆင် နေသည့် ယာဉ်များလည်း ရှိကြောင်း ၎င်းကပြောသည်။
News Watch

No comments:

Post a Comment