Latest News

Friday, July 7, 2017

YBS ၅၅ ယာဉ်တစ်စီး တွိုက်ရော့ပြုတ်ကာ YBS ၃၇ ယာဉ်အား တိုက်မိ၍ ကိုးဦးသေဆုံး

YBS ၅၅ ယာဉ်တစ်စီး တွိုက်ရော့ပြုတ်ကာ YBS ၃၇ ယာဉ်အား တိုက်မိ၍ ကိုးဦးသေဆုံး


ရန်ကုန် ဇူလိုင် ၇

YBS ၅၅ ယာဉ်လိုင်းမှ ယာဉ်တစ်စီး တွိုက်ရော့ပြုတ်ကာ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော YBS ၃၇ ယာဉ်မှ ယာဉ်တစ်စီးကို  တိုက်မိ၍  ကိုးဦး သေဆုံးကာ  ၁၉ ဦး ဒဏ်ရာရရှိခဲ့သည့် ယာဉ်မတော်တဆမှု ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက  ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်-ပြည်လမ်းပေါ် ပျဉ်းမပြင်ကျေးရွာအုပ်စု ရွှေညောင်ပင် ဘိုးဘိုးကြီး နတ်နန်းအဟောင်းရှေ့တွင် ဇူလိုင် ၇ ရက် မွန်းလွဲ ၂ နာရီခန့်က အဆိုပါ ယာဉ်မတော် တဆမှု ဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် ခရီးသည် ခြောက်ဦး သေဆုံးခဲ့ပြီး ဆေးရုံတွင် သုံးဦး ထပ်မံသေဆုံးခဲ့ကာ ဇူလိုင် ၇ ရက် ည ၈နာရီခွဲအထိ သေဆုံးသူ ကိုးဦးအထိ ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က အတည် ပြုပြောကြားသည်။

''YBPC  ကုမ္ပဏီက YBS ၃၇ က မြို့ထဲကနေ ထောက်ကြန့်ဘက်ကိုအသွား YBS ၅၅ က တစ်ဖက်ယာဉ် ကြောကအလာ YBS ၅၅ က တွိုက်ရော့ပြုတ်ပြီး YBS ၃၇ ရဲ့ ဘယ်ဘက်တစ်ခြမ်းလုံးကို တိုက်မိတယ်။ အခင်း ဖြစ်တဲ့နေရာမှာတင် ခြောက်ဦးသေဆုံးတယ်။ ဆေးရုံရောက်တော့ သုံးဦး ထပ်မံသေဆုံးတယ်။ အခု မြောက်ဥက္ကလာ ဆေးရုံမှာ ၁၂ ဦး၊ အင်းစိန်ဆေးရုံမှာ ခုနစ်ဦး ကုသမှု ခံယူနေရပါတယ်။ လိုအပ်တာတွေကိုလည်း ဆောင်ရွက် ပေးနေပါတယ်။ YBS ၃၇ ကားပေါ်က အတိုက်ခံရတော့ ပိုထိခိုက်မှုရှိပြီး  သေဆုံးဒဏ်ရာရ   ပိုများပါတယ်''ဟု ဒေါက်တာမောင်အောင်က ပြောသည်။

အခင်းဖြစ်ပွားရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ အင်းစိန်မီးသတ်စခန်း၊ ပုလဲအရန်မီးသတ်စခန်း၊ နာရေး ကူညီမှုအသင်း၊ ယာဉ်ထိန်းတပ်ဖွဲ့တို့မှ ကူညီကယ်ဆယ် ရေးနှင့် ဖြစ်စဉ်ကို  ရှင်းလင်းဆောင်ရွက်ခဲ့ပြီး  ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တို့ကလည်း ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင် ၈ ရက်တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူဆွေး နွေးသွားမည်ဟု ၄င်းကပြောသည်။ ယင်း YBS ၅၅ ယာဉ်သည် ၁၉၉၈ မော်ဒယ်ယာဉ်ဟောင်းတစ်စီးဖြစ်ပြီး ကြံ့ခိုင်မှုအားနည်းနိုင်သော ယာဉ်ဟောင်းများကို အစားထိုး လဲလှယ်နိုင်ရေးကိုလည်း သုံးသပ်အဖြေရှာသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် YBS ယာဉ်လိုင်းတွင် ပြေးဆွဲနေသော ယာဉ်များအနက် ၁၉၉၅ မော်ဒယ် ယာဉ်ဟောင်း အစီး ၂ဝဝဝ ကျော် ခန့်အပ်ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း-ဝဝ၁
ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
The Mirror Daily

No comments:

Post a Comment