Latest News

Saturday, July 1, 2017

NLD လိုအပ်နေတဲ့ သိပ်သည်းကျစ်လျစ်မှုနှင့် သုတေသန

NLD လိုအပ်နေတဲ့ သိပ်သည်းကျစ်လျစ်မှုနှင့် သုတေသန


NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း တဖြည်းဖြည်း အပြောအဆိုမဟုတ်တဲ့ NLD ပါတီဝင်တချို့ကြောင့်ရော၊ NLD အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့၊ ၀န်ကြီးချုပ်တချို့၊ ဌာနဆိုင်ရာအကြီး အကဲတချို့နဲ့ လွှတ်တော်အမတ်တချို့ကြောင့် လူထုဆီက NLD ကို အမုန်းစကား အပြစ်တင်စကား သိမ်း ကျုံးထွက်လာတိုင်း NLD ရဲ့ ရှေ့ရေးကိုတွေး စိတ်ပူမိပါတယ်။ ဒါပေမဲ့ စာရေးသူတို့က NLD ပါတီဝင်လည်း မဟုတ်ပါ။ NLD ပါတီကို ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်စွဲနဲ့ထောက်ခံနေသူလည်း မဟုတ်ပါ။ လက်ရှိမြန်မာနိုင်ငံမှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ တခြားပါတီတွေနဲ့ယှဉ်လိုက်ရင် ယုံကြည်ကိုးစားဖွယ်ဆိုလို့ ဒီပါတီတခုတည်းသာရှိနေလို့ပါ။
ဒါကြောင့် NLD ပါတီကို ကြံ့ခိုင်စေချင်တယ်။ လုပ်ရည်ကိုင်ရည် ပြည့်ဝစေချင်တယ်။ ရွေးကောက်ပွဲ အနိုင်နဲ့ ထိုက်တန်တဲ့ပါတီ အလုပ်လုပ်နိုင်တယ်ဆိုတာ လက်တွေ့ပြတဲ့ပါတီဖြစ်စေချင်တယ်။

NLD ပါတီဝင် တချို့ကို လူတွေစိတ်ပျက်တဲ့ အသံထွက်လာတိုင်း နိုင်ငံရဲ့အနာဂတ်ကို စိတ်ပူပန်မိပါတယ်။ တဖက်မှာလည်း NLD မှာ ရန်ပတ်လည်ဝိုင်းနေပါတယ်။ အတွင်းစည်းထဲကလာနေတဲ့ရန်ကလည်း အလွန် ကြောက်စရာကောင်း တယ်ဆိုတာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲက NLD ပါတီအလံအောက်ဝင်လာပြီးမဲနိုင်လာတဲ့ အမတ်ဖြစ်လာသူ တယောက်စ၊ နှစ်ယောက်စကိုကြည့်ရင် သိနိုင်ပါတယ်။
အဆိုးဆုံးက NLD စီအီးစီပါတီဝင် တယောက်ထဲကပဲ ထပ်ခါတလဲလဲ ပါးစပ်ပြောနဲ့ ပြဿနာရှာပြနေတာကို ပါတီစည်းမျဉ်းစည်းကမ်းအရ သတိမပေးနိုင်၊ မထိန်းကျောင်းနိုင်ဘဲ ကျန်တဲ့စီအီးစီ အားလုံးက လက်ပိုက်ကြည့် နေရတဲ့ ဒီမိုကရေစီအာဏာရှင်လက်သစ်အဖြစ် NLD စီအီးစီတယောက်ကို လူထုက မြင်လာတဲ့အမြင်ပါ။ ပြောပေါက်ဆိုးတဲ့ စီအီးစီတယောက်ရဲ့ ပါးစပ်ပေါက်ကိုတောင် မထိန်းနိုင်ရင် ပါတီတွင်းဒီမိုကရေစီဆိုတာ ဘယ်မှာလဲ။ ဒီမိုကရေစီကိုဦးဆောင်နေတဲ့ပါတီဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းတွေ လူထုကြား မေးမြန်း လာကြပါပြီ။

အုပ်ချုပ်ရေးစင်မြင့်ပေါ်ထက်က တာဝန်ယူနေရသူတွေ၊ လွှတ်တော်ထဲ ရုန်းကန်နေရတဲ့ NLD အမတ်တွေနဲ့ NLD ရုံးအသီးသီးက ပါတီဝင်တွေကို စောင့်ကြည့်စိတ်ပူပန်နေသူတွေက NLD ပါတီဝင်မဟုတ်တဲ့  NLD ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေပါ။ NLD  ပါတီ၊ NLD အစိုးရနဲ့လွှတ်တော် အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ပြည်သူတွေ စိတ်အပူပန်ဆုံးက ဒီအဖွဲ့သုံးဖွဲ့ဟာ လမ်းသစ်ဖောက် မလျှောက်နိုင်ဘဲ၊ လမ်းဟောင်းပေါ် သွားလေသူတွေ ဖောက်ခဲ့တဲ့လမ်းပေါ် လျှောက်နေရင်း ဖြုတ်ခနဲ ငါးနှစ်ဆိုတဲ့အချိန် ကုန်လွန်သွားမှာကိုပါ။
အခု ဇွန်လ ၂၄ ရက်နဲ့ ၂၅ ရက်မှာကျင်းပသွားတဲ့ NLD ပါတီ ဗဟိုကော်မတီသတ္တမအကြိမ်အစည်းအဝေးမှာ သဘာပတိဦးအောင်ကြည်ညွန့်ပြောသွားတဲ့စကားတွေနဲ့ ဆရာမုံရွာအောင်ရှင်ဖြေကြားတဲ့ စကားတွေကြောင့် NLD အပေါ် ပူပန်နေတဲ့စိတ်တွေ အတော်သက်သာရာရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်ထမ်း ဆောင်ခွင့်မရှိတဲ့ ငါးနှစ်တာကာလအတွင်း၊ ပါတီရဲ့ နာယကကြီးဦးတင်ဦး နာမကျန်းဖြစ်လိုက်တော့ NLD တော့ ခက်ချေရဲ့လို့ လူထုကတွေးနေကြတုန်း ဦးအောင်ကြည်ညွန့်လို ပါတီဝင်ရှိသေးတယ်ဆိုတာ သိလိုက် ရတာကြောင့် ပါတီအတွက် ပြန်အားတက်မိပါတယ်။
ဆရာမုံရွာအောင်ရှင်ကတော့ တိုင်းနဲ့ပြည်နယ် အစိုးရတချို့ဟာ စီမံကိန်းတွေကို အောင်မြင်အောင် ဆောင် ရွက်နိုင်မှု အားနည်းတာတွေရှိနေတယ်။ ပထမနှစ်ကတော့ အမျိုးသားရင်ကြားစေ့ရေးအတွက် လျှော့ပေါ့ကိုင် တွယ်ခဲ့ပေမဲ့၊ အခု ပြန်သုံးသပ်နေတယ်လို့ ဆိုပါတယ်။

 နောက်တခုက ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင် ထုတ်ယူရေးမှာ ပါတီက လုပ်သင့်တယ်။ အစိုးရက မလုပ်ချင်ဘူး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်က လုပ်မယ်၊ ကရင်ပြည်နယ် တာဝန်ရှိသူတဦးက ကရင်ပြည်နယ်မှာ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ဖို့ မရှိဘူး။ တယောက်တပေါက်ပြောနေတာမျိုးက ပါတီပုံရိပ်၊ အစိုးရပုံရိပ်ကို ကျဆင်းစေပါတယ်။
နှစ်ပေါင်းများစွာဖိနှိပ်ခံလာရတဲ့ ပါတီ၊ အဲဒီလို ပါတီက ပါတီဝင်တွေအားလုံး ဒေါ်အောင်ဆန်းစုကြည်လို ရင့်ကျက်မှုတော့မရှိနိုင်ဘူးပေါ့။ လူလတ်ပိုင်းအရွယ် ၀န်ကြီးချုပ်တယောက်က နိုင်ငံရေးလုပ်လို့ ထောင်ကျ ခဲ့တာကို ဖော်ထုတ်အသားယူလာတာမျိုးကို နားကလောပေမဲ့ သူ့အသက်အရွယ်အရ နားလည်ခွင့်လွှတ် ပေးနိုင်ပါသေးတယ်။ လူလတ်ပိုင်းကျော်လာရုံသာမက တတိယအရွယ်ရောက်နေတဲ့ စီအီးစီပါတီဝင် တယောက်အနေနဲ့ ကျစ်ကျစ်လျစ်လျစ်မနေနိုင်၊ ထိန်းထိန်းသိမ်းသိမ်းမပြောနိုင်ရုံသာမက ဟိုဝင်ပါ၊ သည်ဝင်ပါ၊ လွှတ်တော်အရေးလည်း ၀င်ပါလိုက်၊ အစိုးရ၀န်ကြီး ဖြုတ်ချရေးလည်း ၀င်ပါလိုက်၊ ဖေ့စ်ဘုတ်သုံးတဲ့ ပါတီဝင်ကို နှုတ်မိန့်နဲ့ထုတ်ပယ်လိုက်လုပ်နေတာတွေက ပါတီတွင်းညီညွတ်မှုစည်းလုံးမှုကို အားနည်းစေပါတယ်။

NLD ဟာ အာဏာရပါတီဖြစ်တဲ့အတွက် အစိုးရကို ထိန်းကျောင်းဖို့ တာဝန်ရှိတယ်၊ လွှတ်တော် ကိုထိန်းကျောင်းဖို့ တာဝန်ရှိတယ်ဆိုရင်လည်း ၂၀၁၁ ကနေ ၂၀၁၅ ထိ ပြည်ခိုင်ဖြိုးပါတီ အာဏာရစဉ်က လုပ်ကိုင်သွားပုံကို ပြန်ငဲ့ကြည့်သင့်ပါတယ်။ ကန့်လန့်ကာနောက်ကွယ်မှာသာ ပြည်ခိုင်ဖြိုးပါတီဟာ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးအမတ်တွေ၊ အစိုးရအဖွဲ့ဝင် ပြည်ခိုင်ဖြိုးတွေကို ကိုင်တွယ်ချင်ကိုင်တွယ်မှာဖြစ်ပေမဲ့ လူသိရှင်ကြား ၀င်ရောက်စွက်ဖက်ပြောဆိုတာ မရှိခဲ့ပါဘူး။ တနည်းအားဖြင့် ပြည်ခိုင်ဖြိုးဟာ ဦးရွှေမန်းကို ညဘက်အင်အားသုံးဖြုတ်ချတာတခုပဲ အရုပ်ဆိုးခဲ့ပေမဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ အများစုရှိနေတဲ့ လွှတ် တော်တွေနဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေ ဒုဝန်ကြီးတွေကို ပါတီလိုင်းက စီအီးစီတွေက လူသိရှင် ကြားကိုင်တွယ်မှု မရှိခဲ့ပါဘူး။ ယုတ်စွအဆုံး ပြည်ခိုင်ဖြိုးပါတီဝင်အားလုံးကို ထိန်းချုပ်ထားသူလို့ နာမည်ကြီး ခဲ့တဲ့ ဦးအောင်သောင်းတောင် အခု NLD ပါတီက စီအီးစီကြီးလို ပါတီဝင်တွေနဲ့ပတ်သက်လို့၊ အမတ်တွေ ၀န်ကြီးတွေနဲ့ပတ်သက်လို့ တချိန်လုံး အသံမြည်မနေခဲ့ပါဘူး။

ဇွန် ၂၄ ရက်နေ့ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့တဲ့  ဦးအောင်ကြည်ညွန့် သတိပေးတဲ့ အချက် ၃ ချက်ဟာ အလွန်သတိပေးသင့်တဲ့ မှန်ကန်တဲ့အချက်တွေ ဖြစ်ပါ တယ်။ NLD တွေ ဘေးသုံးဘေး သတိထားရမယ်ဆိုတာ အင်မတန်လျော်ကန်တဲ့ သတိပေးချက်ပါ။ လူဆိုတာ အောင်မြင်လာရင် အောက်ခြေလွတ်တတ်ပါတယ်။
မီဒီယာတွေ ဒီလိုအခြေအနေဖြစ်လာဖို့ ကျွန်တော်တို့ ထောင်ကျခံခဲ့လို့ရတာပါဆိုတဲ့ အပြောမျိုး။ လွှတ်တော်အမတ်တယောက်ရတဲ့လခ ၁၀ သိန်းဟာ ဓာတ်ဆီဖိုးတောင် မရှိပါဘူးဆိုတဲ့အပြောမျိုး။ ၆၆(ဃ) ကို လွှတ်တော်ထဲတင်ဖို့ လုပ်ပြီးနေပြီ။ ဒါကြောင့် အမတ်တွေကိုမတင်ဖို့ တားနေရတာ၊ ၆၆(ဃ) ကို ညှိနှိုင်းကြတဲ့အဖွဲ့မှာ ကိုယ်ပါတယ်စတဲ့ စကားတွေဟာ ဒေါ်အောင်ဆန်းစုကြည် စကားအငှားယူပြောရရင် ချမ်းသာမှုဒဏ် (သို့မဟုတ်) အောင်မြင်မှုဒဏ်ကိုမခံနိုင်တဲ့ NLD ပါတီဝင်တချို့ဆီက ထွက်လာတဲ့စကားတွေပါ။
ဒီလိုစကားတွေကြားရတဲ့အခါ လူထုခမျာ ဟာခနဲ၊ ဟင်ခနဲ ဖြစ်ကြရတယ်ဆိုတာကို ဒီလို အပြောတွေ ပြောဆိုလိုက်တဲ့ NLD ပါတီဝင် အမတ်တွေ၊ စီအီးစီတွေ၊ ၀န်ကြီးချုပ်တွေသိကြမယ် သတိထားမိမယ် မထင်ပါဘူး။ ဒီလိုလက်တဆုပ်စာ NLD ပါတီဝင်တွေကြောင့် ၂၀၂၀ မှာ NLD မဲသိမ်းကျုံးမယူနိုင်ဘဲ မဲကွဲမှာကို ခုကတည်းက လူထုက စိုးရိမ်ပူပန် နေကြရပါတယ်။

၂၅ ရက်နေ့ NLD ပါတီဗဟိုကော်မတီ အစည်းအဝေးအပြီးမှာတော့ နာမည်ကျော်ပုဂ္ဂိုလ်ကြီးက NLD ပါတီဝင်တွေအနေနဲ့ ပါတီအတွင်းရေးတွေကို အတွင်းစည်းမှာပြောခွင့် ဝေဖန်ခွင့်ရှိပြီး မီဒီယာကို ထုတ်ပြောတာတို့ ဖေ့စ်ဘုတ်ပေါ်တင်တာတို့လုပ်ရင် အရေးယူတော့မယ်လို့ ဆိုလိုက်ပါတယ်။ ဒီလိုပြောဆို တဲ့သူနေရာမှာ ဦးဥာဏ်ဝင်းဒါမှမဟုတ် ဦးအောင်ကြည်ညွန့်ဖြစ်ခဲ့ရင် နာမည်ကျော်ပုဂ္ဂိုလ်ကြီးပြောတဲ့ ''သတိပေးလိုက်တာ၊ ဘယ်နှယောက်ရှိလဲ ခေါင်းထဲမှာ ထည့်မနေဘူး။ ပေါ်လာရင်ပေါ်လာသလိုပဲ ဆောင် ရွက်သွားမှာ''ဆိုတဲ့ အပြောမျိုးထက် ပါတီဝင်တွေ နားခံသာအောင် နိုင်ငံရေးသမားတယောက်ရဲ့ ပြောသင့်တဲ့ လေသံသိမ်သိမ်မွေ့မွေ့နဲ့ ပြောနိုင်ကြမယ် ထင်ပါတယ်။

NLD ပါတီအတွက် အလိုအပ်ဆုံးက သိပ်သည်းကျစ်လျစ်မှုနဲ့ သုတေသနလုပ်ခြင်းပါ။ ပညာရေးနဲ့ပတ်သက်ရင် အခု ၂၀၁၆ မှာစပြင်တဲ့ အမျိုးသား ပညာရေးမှာကိုပဲ ဟာကွက်ချို့ယွင်းချက်တွေရှိနေတယ်။ အခုစပြင်လိုက်ပါပြီ ဆိုတဲ့ မူကြိုတန်းနဲ့ ပထမတန်းသင်ရိုးတွေမှာ ဘယ်လိုချို့ယွင်းချက်တွေ ရှိနေတယ်။ လာမယ့်အနာဂတ်မှာ လက်ရှိ သမ္မတဦးထင်ကျော် သမိုင်းတရားခံဖြစ်လိမ့်မယ်စသဖြင့် ထောက်ပြနေတာတွေရှိပါတယ်။ ဒါပေမဲ့ ပညာရေးဝန်ကြီးဌာနကလည်း ဒီထပ်တလဲလဲ ထောက်ပြနေတာတွေကို မသိတာလား၊ မဖတ်တာလား၊ မသိ ချင်ယောင်ဆောင်နေတာလား၊ ထောက်ပြနေတဲ့အချက်တွေကို မပြင်ပါဘူး။ ဘာကြောင့် ဆက်သုံးနေတယ်ဆိုတဲ့ ဖြေရှင်းချက်လဲ ပြည်သူကို မပေးပါဘူး။
NLD ပါတီမှာသာ သုတေသနအဖွဲ့ ခိုင်ခိုင်မာမာရှိခဲ့ရင် ဒီလိုအရေးကြီးတဲ့ ပညာရေးနဲ့ပတ်သက်တာမျိုးကို ထောက်ပြတာတို့ အမျိုးသားပညာရေးကော်မတီကို တင်ပြတာတို့၊ ပညာရေးဝန်ကြီးဌာနကို အသိပေးတာတို့ လုပ်ပေးတာမျိုးနဲ့ အစိုးရအဖွဲ့ကို ကူညီနိုင်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်က အရေးအသားတွေကို အလေးထားလို့သာ အခုလိုပါတီဝင်တွေကို ဖေ့စ်ဘုတ်ပေါ်ကနေ ပါတီတွင်း မကျေနပ်ချက်တွေကိုမရေးဖို့ သတိပေးတာပါ။ NLD ပါတီ စီအီးစီတယောက် တောပြောတောင်ပြောပြောပြီးတိုင်း ဖေ့စ်ဘုတ်ပေါ်မှာ ၀ိုင်းသြဘာပေးနေကြတာတွေကို သုတေသနလုပ် ကြည့်စေချင်ပါတယ်။

ပါတီဝင်တယောက်ရဲ့အပြောကြောင့် ဒီပါတီပေါ် ဘယ်လိုထိခိုက်နေ တယ်ဆိုတာ သိရပါလိမ့်မယ်။ ပါတီဝင်တဦးတယောက်က ပါတီတွင်း မကျေနပ်တာကို ဖေ့စ်ဘုတ်ပေါ် တက်ရေးလို့ NLD ပါတီကိုထိခိုက်တာထက်၊ နှုတ်စောင့်စည်းမှုမရှိဘဲ လက်လွတ်စပယ်စကားပြောနေတဲ့ စီအီးစီ တယောက်ကြောင့် ဖေ့စ်ဘုတ်ပေါ်မှာ လူထုရဲ့ မြို့မေတ္တာခံယူတဲ့သားပါခင်ဗျဖြစ်နေတာကို နှိုင်းယှဉ်ကြည့်ပါ။ လက်အောင်ငယ်သားပါတီဝင်တယောက်ရဲ့ ရေးသားမှုကို လူထုက သတိတောင်မထားမိချိန်မှာ မီဒီယာကို မဖွယ်မရာပြောတာတွေ၊ ဆတ်ဆတ်ထိမခံတဲ့ အဖွဲ့အစည်းတွေအပေါ် စကားမှားလို့ ပါတီရဲ့ ပုံရိပ်ကျဆင်းရတာတွေကို လူထုဘယ်လိုမှတ်ချက်ပေးကြောင်း တွေ့ရပါလိမ့်မယ်။ ဖေ့စ်ဘုတ်ပေါ်ရေးတာက အသေးအဖွဲပါလို့ ယူဆရင် မှားပါလိမ့်မယ်။
NLD ပါတီဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် အကောင်းဆုံးတာဝန်ကျေချင်တယ်ဆိုရင် နှုတ်မစောင့်စည်းသူကို စကားများများပြောရတဲ့ တာဝန်မျိုး မပေးသင့်ပါဘူး။ ဒီလို စီအီးစီတယောက်ကို ပေးစရာ တခြား တာဝန်တွေအများကြီးပါ။ လူမုန်းများနေတဲ့ ပါးစပ်တပေါက်ကို ထိန်းပေးလိုက်တာဟာ ၂၀၂၀ မဲမကွဲရေးအတွက် ပြင်ဆင်မှုကောင်းတရပ် ဖြစ်လာပါလိမ့်မယ်လို့ လူထုအသံကိုအခြေပြုပြီး အကြံပေးလိုက်ရပါတယ်။
ခင်နှင်းဦး(News Watch)

No comments:

Post a Comment