Latest News

Saturday, July 1, 2017

သာသနာတော်သန့်ရှင်းရေးနှင့် မြန်မာနိုင်ငံ၏ အနာဂတ်သာသနာခရီး

သာသနာတော်သန့်ရှင်းရေးနှင့် မြန်မာနိုင်ငံ၏ အနာဂတ်သာသနာခရီး

သာသနာတော်သန့်ရှင်းရေးအကြောင်းအရာကို မတင်ပြမီ သာသနာတော်ပေါ်ထွန်းလာမှုကို ဦးစွာ တင်ပြသွားမည်ဖြစ်ပါသည်။ သာသနာနှစ်မတိုင်မီ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် (ဘီစီ-၅၈၈) တွင် ဤဘဒ္ဒကမ္ဘာ၏ လေးဆူမြောက် ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူခဲ့ပြီး ၄၅ ဝါပတ်လုံး သတ္တဝါဝေနေယျတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးချေချွတ် တော်မူပြီးနောက် မဟာသက္ကရာဇ် ၁၄၈ ခု (ဘီစီ-၅၄၃) တွင် မဟာပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ပါသည်။

ထေရဝါဒဗုဒ္ဓသာသနာဆိုသည်မှာ မြတ်စွာဘုရားရှင်ဟောကြားတော်မူသော ပိဋကအားဖြင့် သုံးသွယ်၊ နိကာယ်အားဖြင့် ငါးရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် တရားတော်များကို မူလအတိုင်း သင်ယူကျင့်ပွားလိုက်နာရသော အသိအကျင့် ဒွန်တွဲထားသည့် သာသနာဖြစ်ပါသည်။ မြန်မာ နိုင်ငံ၌ လူအများ ကိုးကွယ်ယုံကြည်မှုကြောင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကို ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသော ဘာသာ သာသနာအဖြစ် အသိအမှတ်ပြုထားခြင်းဖြစ်ပါသည်။

ထိန်းသိမ်းစောင့်ရှောက်

မြတ်စွာဘုရားရှင်သည် အနန္တသတ္တဝါများအား လောကသံသရာမှလွတ်မြောက်အောင် တရားဓမ္မများကို လိုက်နာကျင့်သုံးနိုင်ရေးအတွက် ပြည့်စုံစွာ ညွှန်ပြဟောကြားထားတော်မူခဲ့ပြီးဖြစ်ပါသည်။ ထိုညွှန်ပြထားခဲ့သောလမ်းကြောင်းကို အတိမ်းအစောင်းခံ၍ မရနိုင်သကဲ့သို့ တရားတော်များ၏ မူရင်း အနှစ်သာရမပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာလည်း အရေးကြီးလှပေသည်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံပြီးစအချိန်တွင် ရာဇဂြိုဟ်ပြည်၌ သုဘဒ္ဒရဟန်းကြီးကဲ့သို့ ရဟန်းဆိုးများ ပေါ်ပေါက်လာသဖြင့်  အရှင်မဟာ ကဿပ အမှူးပြုသည့် မထေရ်မြတ်ကြီးများ အဆက်ဆက်တို့က ပထမသံဂါယနာမှ ဆဋ္ဌသံဂါယနာတိုင် အောင် သံဂါယနာ ၆ တန်တင်၍ သာသနာတော် သန့် ရှင်းစင်ကြယ်အောင် အဆက်ဆက်သော အစိုးရများ၏ အကူအညီဖြင့် ဆောင်ရွက်နိုင်ခဲ့ပါသည်။

တည်တံ့ခိုင်မြဲ

မြန်မာသက္ကရာဇ် ၄၁၉ တွင် အနော်ရထာမင်းသည် သထုံမှ ကြွလာသော ရှင်အရဟံ ဟောကြားသည့် တရားစကားကို နာကြားရ၍ ကြည်ညိုစိတ်ဖြစ်ကာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်း လေးပါးဖြင့် ထောက်ပံ့သည့်အပြင် ရှင်အရဟံ၏ လမ်းညွှန် မှုဖြင့် သထုံမှ ပိဋကတ်တော်များကိုပင့်ကာ မိမိရော တိုင်းသူပြည်သားများပါ တရားတော်အတိုင်း လိုက်နာ ကျင့်သုံးခြင်းဟူသော ဓမ္မပူဇာဖြင့် ပူဇော်သောကြောင့် ဗုဒ္ဓသာသနာတော်သည် ယနေ့တိုင်အောင် မြန်မာနိုင်ငံ၌ တည်တံ့ခိုင်မြဲ၍ ထွန်းကား ကျယ်ပြန့်ခဲ့ပါသည်။

၁၉၈ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ဂိုဏ်းပေါင်းစုံသံဃမထေရ်ကြီးများနှင့် နိုင်ငံတော်အစိုးရတို့၏ ဆရာဒကာညီညွတ်မှုကြောင့် သာသနာဝင်သမိုင်းလိုအပ်ချက် အရ ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့ကြီး ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ 'သုခါ သံဃဿ သာမဂ္ဂီ သမဂ္ဂါနံ တပေါ သုခေါ' သံဃာ ညီညွတ်မှုကို အကြောင်း ပြု၍ ထေရဝါဒဗုဒ္ဓသာသနာ ခိုင်မြဲစေရန် ပေါ်ပေါက် ခဲ့ခြင်းဖြစ်ပါသည်။

ဆရာဒကာ ညီညွတ်စွာ

ဤသို့လျှင် ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်သော ပြည်သူလူထုနှင့် အုပ်ချုပ်သူ အဆက်ဆက်တို့က ဆရာတော်သံဃာတော် အရှင်မြတ်တို့နှင့် လက်တွဲ၍ ဆရာဒကာ ညီညွတ်စွာ ထေရဝါဒဗုဒ္ဓ သာသနာတော် မြတ်ကြီးအား ချီးမြှင့်ထောက်ပံ့ခဲ့သည်မှာ ယနေ့အချိန်အထိပင်ဖြစ်ပါသည်။

ထေရဝါဒဗုဒ္ဓသာသနာတော် ညှိုးမှိန်စေရာသော ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါတိုင်း သံဃအဖွဲ့အစည်းကြီး၏ ဓမ္မစက်အရှိန်အဝါကြီးမားအောင် ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ဓမ္မစက်ကို ဝန်းရံထောက်ကူပေးသော အာဏာစက် အကူအညီဆိုသည်မှာ ယနေ့ခေတ်တွင် ပြဋ္ဌာန်းထားသည့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ တည်ဆဲဥပဒေများဖြစ်၍ သံဃာ့ကိစ္စ သံဃာဆောင်ရွက်ရန် လျော်ကန်ညီညွတ်သော တရားဥပဒေများဖြစ်ကြပါသည်။

ဓမ္မဝါဒနှင့်အညီ   ဆုံးဖြတ်နိုင်ရန်မှာ   ဥပဒေ၏ အထောက်အပံ့၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်နိုင်မှသာ သံဃာ့အဖွဲ့အစည်းကြီးကို ပံ့ပိုးကူညီရာ ရောက်မည်ဖြစ်ပြီး ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးကို ထိန်းသိမ်းရာ ရောက်မည်ဖြစ်ပါသည်။

အဆင့်ဆင့်ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံဃအဖွဲ့ အစည်းအဆင့်ဆင့်တွင် ပရိယတ္တိပညာအရည်အချင်း ဓမ္မာစရိယအဆင့်ရှိ ကျမ်းဂန်တတ် ဝိနည်းဓိုရ်ဆရာ တော်များ ပါဝင်ကြပါသည်။ ဝိနည်းဓိုရ် အဖွဲ့သည် မြို့နယ်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် နိုင်ငံ တော်အဆင့်ဟူ၍ အဆင့်ဆင့်ရှိပါသည်။

အဆင့်ဆင့်သော ဝိနည်းဓိုရ်အဖွဲ့များက အငြင်းပွားမှု (ဝိဝါဒါဓိကရုဏ်းမှု) စွပ်စွဲခံရမှု (အနုဝါဒါ ဓိကရုဏ်းမှု)များကို အဆင့်အလိုက် အသီးသီးဆုံးဖြတ်ကြပြီး သာသနာတစ်ရပ်လုံးနှင့် သက်ဆိုင်သော ဓမ္မ၊ အဓမ္မအထူးကိစ္စများကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကနိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ကို ဖွဲ့စည်း၍ တာဝန်ပေးအပ်ပါသည်။ ဝိနည်းဓိုရ်ဆရာတော်များက ထေရဝါဒပိဋကတ်ကျမ်းစာများနှင့်အညီ ဓမ္မ၊ အဓမ္မ ဆုံးဖြတ်ချက်များ ချမှတ်ပေးလျက်ရှိပါသည်။

၁၉၈ဝ ပြည့်နှစ် ဝန်းကျင်ကာလများ၌ ဂိုဏ်းပေါင်း စုံ သံဃအဖွဲ့အစည်းအဆင့်ဆင့်သည် သာသနာတော်အရေးသုံးပါးဖြစ်သော သာသနာတော်သန့်ရှင်းရေး၊ တည်တံ့ရေးနှင့် ပြန့်ပွားရေး အစရှိသည့် ဦးတည်ချက်များကို ဓမ္မစက် အာဏာစက် နှစ်ရပ်ကို ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲအစည်းအဆင့်ဆင့် ပေါ်ပေါက်ခဲ့ပြီးနောက် သာသနာတော်သန့်ရှင်းရေးကို ဆောင်ရွက်ရာတွင် ပုဂ္ဂိုလ်သန့်ရှင်းရေးနှင့် ဓမ္မသန့်ရှင်းရေး နှစ်မျိုးစလုံးကို တစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါသည်။

သာသနာတော်သန့်ရှင်းရေး

ဥပမာအားဖြင့် ပုပ္ပါးဦးပရမဝဏ္ဏသိဒ္ဓိ၊ သိမ်ဖြူဆေးသိပ္ပံဘုန်းကြီး၊ မုတ်ကျွန်းဓာတ်ဘုန်းကြီး၊ တောင်တွင်းကြီး ဓာတ်ဘုန်းကြီး၊ ရတနာပုံဓမ္မကထိက၊ နေရင်းဓမ္မကထိက စသဖြင့် ရန်ကုန်-မန္တလေးနှင့် အနယ်နယ်အရပ်ရပ်
မှ ဝိနည်းတော်အရ ရဟန်းအဖြစ်မထိုက်လျော်တော့ သည့် ပုဂ္ဂိုလ် ၂ဝဝ ကျော်တို့အား သာသနာတော် သန့်ရှင်းရေးအတွက်   အရေးယူဆောင်ရွက်ခဲ့ပါ    သည်။

 ကျောင်းပိုင်ကျောင်းထိုင် အဆက်ပြတ်သွားသော ဘုန်းတော်ကြီးကျောင်းပေါင်း ၁၅ဝ ကျော်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ကြီးကြပ်မှုအောက်၌ ထားရှိခဲ့ပါသည်။ ဘုရားကျောင်းကန် ပရိဝုဏ်များအတွင်း အမြင်မတင့်တယ်ဖြစ်နေသော အမြဲနေလူပုဂ္ဂိုလ် အိမ်ထောင်စုများကိုလည်း မြို့သစ်များ၌ နေရာပေး၍ ပြောင်းရွှေ့ရှင်းလင်းနိုင်ခဲ့ပါသည်။

ယနေ့မျက်မှောက်ခေတ်ကာလတွင် သာမဏ သာရုပ္ပမဖြစ်သည့်ကိစ္စရပ်များဖြစ်သော ရဟန်းများ ဆိုင်ကယ်မောင်းနှင်ခြင်း၊ စီးနင်းခြင်း၊ မော်တော်ယာဉ်
များ ကိုယ်တိုင်မောင်းနှင်ခြင်း၊ နေ့လွှဲညစာ စားသုံး ခြင်း၊ အရက်သေစာသောက်စားမူးယစ်ခြင်း၊ လောင်း ကစားပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အယောင်ဆောင် အလှူခံခြင်း၊ လိုင်စင်မဲ့ယာဉ်များ လက်ခံထိန်းသိမ်းခြင်း၊ မာတုကာမများနှင့် ရောထွေးနေထိုင်ပြီး အိမ်ရာထူထောင်ခြင်း၊ မူးယစ်ဆေးဝါးများ လက်ခံထိန်းသိမ်းခြင်း၊ လောင်းကစားဒိုင်များ ဖွင့်လှစ်ခြင်း အစရှိသည့် အကြောင်းအရာများသည် မြန်မာနိုင်ငံ၏ အနာဂတ်သာသနာတော် သန့်ရှင်းစင်ကြယ်ရေး အတွက် ရှင်းလင်းသုတ်သင်ရမည့်ကိစ္စရပ်များပင်ဖြစ်ပါသည်။

ဓမ္မနှင့်အညီ ဆုံးမ

ဓမ္မသန့်ရှင်းရေးကား ပုဂ္ဂိုလ်သန့်ရှင်းရေးထက် ပိုမိုအဓိပ္ပာယ်လေးနက်ပါသည်။ ၁၉၈၁ ခုနှစ်က နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၁) ဖြင့် ဆုံးဖြတ်ခဲ့သော ကျောက်သင်္ဘောဝါဒမှ အစပြု၍ ၂ဝ၁၄ ခုနှစ် နိုင်ငံတော်
သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၁၈/၂ဝ၁၄)ဖြင့် ဆုံးဖြတ်သော ၃၁ ဘုံ ထွက်လမ်း အဓမ္မဝါဒအထိ ဝန်ခံကတိ ပြုပဋိညာဉ် လက်မှတ်ရေးထိုးရသော အဓမ္မဝါဒပေါင်း (၁၈) ခုနှင့် ဓမ္မ၊ အဓမ္မ ဝိနိစ္ဆယအထိမရောက်ဘဲ ဓမ္မနှင့်
အညီ ဆုံးမ၍ ဝန်ခံကတိလက်မှတ်ထိုး၍ လိုက်နာစေမှု သုံးခုထိ ရှိခဲ့ပါသည်။

အဓမ္မဝါဒ အဆုံးအဖြတ်ခံရသော အငြင်းပွားမှုများ အားလုံးကို ခြုံငုံ၍ သုံးသပ်ကြည့်သောအခါ အဓိကနှစ်မျိုး တွေ့ရပါသည်။ ပထမတစ်မျိုးမှာ ထေရဝါဒ
ပိဋကတ်တော် ကျွမ်းကျင်နှံ့စပ်မှုမရှိဘဲ မိမိ ဆရာဝါဒကို ချဲ့ထွင်ရာမှ လမ်းချော်နေသော အဓမ္မဝါဒဖြစ်ပါ သည်။ ဒုတိယတစ်မျိုးမှာ မည်သည့် ဘာသာကိုမျှလက်ခံလိုခြင်းမရှိသူများက ဘာသာရေးအယူအဆ များကို ကမောက်ကမဖြစ်အောင် ဝေဖန်ပုတ်ခတ်ပြုမူသော အဓမ္မဝါဒများပင်ဖြစ်ပါသည်။

ဥပမာအားဖြင့် ကျောက်သင်္ဘောဝါဒ၊  ကြောင်ပန်း တောရဝါဒ၊ ကျောက်ပုံတောရဝါဒ၊ အောင်ဆန်းတော ရဝါဒ၊ တွံတေး ဦးပုညာစာရနှင့် မော်လမြိုင် ရွှေဝါမြိုင် ကျောင်း ဓမ္မ၊ အဓမ္မ အငြင်းပွားမှုများမှာ ဝိနိစ္ဆယ ဆုံးဖြတ်ချက်ဖြင့် ထေရဝါဒအဆုံးအမများနှင့် ညီညွတ် အောင် တည့်မတ်ပေးခဲ့ရသည့် ဓမ္မ၊ အဓမ္မ ဆုံးဖြတ်မှု များဖြစ်ပါသည်။

ထို့အပြင် လူသေလူဖြစ်ဝါဒ၊ ရွှေအဘိဓမ္မာဝါဒ၊ ရေတာရှည် ဦးမာလာဝရ၊ ပစ္စုပ္ပန်ကမ္မဝါဒ တို့သည် ဗုဒ္ဓဓမ္မတရားတော်များကို ထေရဝါဒပိဋကတ်တော်နှင့် ဆန့်ကျင်၍ ကာယကံနှင့်ဝစီကံမြောက် ဖျက်ဆီးသော အဓမ္မဝါဒများပင်ဖြစ်ပါသည်။

ယခုအခါ အချို့သော ထုတ်ဝေသူများက မိမိတို့၏စီးပွားရေး တစ်ခုတည်းကိုကြည့်၍ စာအုပ် စာပေ လွတ်လပ်စွာ ထုတ်ဝေခွင့်မူဝါဒများကို လက်ကိုင်ပြုလျက် အဓမ္မဝါဒများကို ခွင့်ပြုချက်မဲ့ ထုတ်ဝေဖြန့်ချိမှုပြုလျက်ရှိကြပါသည်။ ထိုသူတို့သည် ထေရဝါဒပိဋကတ်တော်များကို ဖျက်ဆီးသော အဓမ္မဝါဒီ စီးပွားရေးလုပ်ငန်းရှင်များပင်ဖြစ်ပါသည်။

ဒေဝဒတ်ကိုဆရာတင်

ဘုရားရှင်လက်ထက်က ဒေဝဒတ်ရဟန်းသည် မြတ်စွာဘုရား၏ နည်းလမ်းညွှန်ပြမှုဖြင့် တရားအားထုတ်ရာ ဈာန်အဘိဥာဏ်တန်ခိုးများ ရရှိလာပြီး အသိဥာဏ်ပညာနည်းပါးသော ရဟန်းများကို သူ့ဘက်ပါအောင် သွေးဆောင်ခဲ့လေသည်။ အဇာတသတ် မင်းသားလည်း ဒေဝဒတ်၏ တန်ခိုးကို အထင်ကြီး၍ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ပူဇော်ရာ အဆိပ်ပင် ရေ
လောင်းသကဲ့သို့ဖြစ်ခဲ့ပါသည်။ သို့ဖြစ်၍ ဆရာဒေဝဒတ်
၏ နည်းပေးညွှန်ပြမှုကြောင့် ခမည်းတော် ဗိမ္မိသာရမင်းကြီးကို သတ်မိပြီး ပိတုဃာတက ကံကြီးထိုက်ကာ ငရဲကျခဲ့ရပေသည်။

ယနေ့မျက်မှောက်ခေတ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး နိုင်ငံမတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်သပ်လျှိုနေသည့် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားလျက်ရှိသော နိုင်ငံရေးအဖွဲ့အစည်း များ၊ အသင်းအဖွဲ့များရှိနေပါသည်။ ထိုကဲ့သို့ ဘာသာရေး၊ လူမျိုးရေးကို သွေးခွဲ၍ ဘာသာရေးကို နိုင်ငံရေး ဒိုင်းသဖွယ် အသုံးပြုလာခြင်းသည် အနာဂတ်မြန်မာ
နိုင်ငံသာသနာတော်အတွက် လွန်စွာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေသည့်ကာလဖြစ်ပါသည်။

ဆရာတင်မှား

ဒေဝဒတ်ရဟန်းကို ဆရာတင်မိသော အဇာတသတ် မင်းကဲ့သို့ ခမည်းတော်ကို ပြန်သတ်ဝံ့သည့် ဖြစ်စဉ်မှာ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် က ဖြစ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ယနေ့မျက် မှောက်ခေတ်တွင်လည်း ဒေဝဒတ်ရဟန်းကဲ့သို့ ဒုဗ္ဗဇ အလဇ္ဇီရဟန်းများကို ဆရာတင်မှားပါက ဘာသာရေးကို  နိုင်ငံရေးအဖြစ် အသုံးချခံရဖွယ်ရှိပြီး လူမှုအသိုင်း
အဝိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ဘေးဒုက္ခများ ကျရောက်မည့်အပြင် နိုင်ငံတစ်ခုလုံး၏ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်လာနိုင်ဖွယ်ရှိပါသည်။ ထို့အပြင် မြင့်မြတ်သောသာသနာတော်၏ ဂုဏ်ကျက်သရေများ ကျဆင်းပြီး ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ညှိုးနွမ်း ဖွယ်အတိ ဖြစ်လာနိုင်ပါသည်။

သို့ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည် တည်တံ့ ခိုင်မြဲစေရန်နှင့် သာသနာတော်သန့်ရှင်းရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ နိုင်ငံတော်အစိုးရ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၊ ပြည်သူလူထုတစ်ရပ်လုံးက ဆရာဒကာညီညွတ်စွာ ပူးပေါင်း၍ ဒုဗ္ဗဇအလဇ္ဇီရဟန်းများ ပပျောက်ရေးအတွက် စီမံချက်ချကာ အလေးအနက်ထားဆောင်ရွက်သွားရန် လိုအပ်ပါသည်။ တစ်ဖက်မှလည်း အဓမ္မဝါဒ ရေးသားထုတ်ဝေ မှုများ၊ ဟောပြောချက်များကို ထိရောက်စွာ ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မြန်မာ နိုင်ငံ၏အနာဂတ် သာသနာတော်အကျိုး ရည်မျှော်ကိုး လျက် တိုက်တွန်းရေးသားအပ်ပါသည်။
ဇာနည်/စီးပွားရေး(The Mirror Daily)

No comments:

Post a Comment