Latest News

Saturday, July 1, 2017

တစ်ပြည်ထောင် နှစ်စနစ် ခေတ်သစ် ဟောင်ကောင် - ဆောင်းပါး

တစ်ပြည်ထောင် နှစ်စနစ် ခေတ်သစ် ဟောင်ကောင် - ဆောင်းပါး

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာ ရေးတို့အတွက် ထာဝရ အားပေးထောက်ခံ နေမည်သာဖြစ်ကြောင်း သန္နိဌာန်ပြုပြော ကြားလိုက်သူက  သမ္မတရှီကျင့်ဖျင်ဖြစ်သည်။ ရှီသည် သုံးရက်ကြာ ခရီးစဉ်အဖြစ်ဟောင်ကောင်နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာစဉ် ဟောင်ကောင်ပြည်သူတို့ကို နှုတ်ခွန်းဆက် ပြောကြားခဲ့လေသည်။

ဟောင်ကောင်ကျွန်းအား တရုတ်ပြည်မ ကြီးသို့ ပြန်လည်လွှဲပြောင်းပေးအပ်မှု နှစ် ၂ဝ မြောက် နှစ်ပတ်လည်အောင်ပွဲသဘင် အခမ်းအနားသို့ တက်ရောက်ရန်လည်း ကောင်း၊ ဟောင်ကောင်၏ ပဉ္စမမြောက် သက်တမ်းအတွက် အစိုးရအဖွဲ့စတင် တာဝန်ယူမှု အထိမ်းအမှတ်အခမ်းအနား သို့ တက်ရောက်ရန်လည်းကောင်း ဟောင် ကောင်သို့ တရုတ်နိုင်ငံခေါင်းဆောင် ရောက်ရှိလာခြင်းဖြစ်သည်။

ဟောင်ကောင်ပြည်သူတို့အတွက် ဆုမွန်ကောင်းများချွေလိုပြီး ဗဟိုအစိုးရအဖွဲ့က ဟောင်ကောင်ဒေသအား ထောက်ခံအား ပေးမှုကို မိမိဖော်ထုတ်ပြသလိုကြောင်း၊ ဟောင်ကောင်ပြည်သူများ၏ အနာဂတ်ဘဝ သာယာစိုပြည်ရေးအတွက် ဗဟိုအစိုးရအဖွဲ့က ကူညီသွားမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားသည်။

အထူးအုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းလာခဲ့ပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကြာကာလပတ်လုံး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ခြင်းအတွက် မိမိဂုဏ်ယူဝမ်းမြောက် ကြောင်း ရှီက ဆက်လက်ပြောကြားသည်။

ဟောင်ကောင်၏ ထူးခြားသော နှစ် ၂ဝ ကြာ ခရီးလမ်းကို ပြန်လည်သုံးသပ်နိုင်ရန် ဟောင်ကောင်ရှိ အလွှာအသီးသီးမှ ပြည်သူများနှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ဟောင်ကောင် ၏ အတွေ့အကြုံကို အခြေခံကာ အနာဂတ်အစီအစဉ်ရေးဆွဲပြီး ''တစ်နိုင်ငံ စနစ်နှစ် မျိုး'' မူဝါဒကို ကာလရှည်အောင်မြင်စွာ ကျင့်သုံးနိုင်ရန် ဦးတည်ဆောင်ရွက်မည်ဖြစ် ကြောင်း သမ္မတရှီက ပြောကြားသည်။

ထိုစဉ်အတွင်း ဟောင်ကောင်၌ ဒီမို ကရေစီလှုပ်ရှားသူများက ဆန္ဒပြခဲ့ကြ သည်။

ဟောင်ကောင် သမိုင်းကြောင်း တစ်စေ့တစ်စောင်း

ဟောင်ကောင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ နှစ် ၅ဝ အတွင်း မပြောင်း မလဲ တည်ရှိနေမည့် 'တစ်ပြည်ထောင် စနစ် နှစ်မျိုး' နိုင်ငံရေးမူအရ အထူးအုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့ကို ဖွဲ့စည်းထားသည်။ ဟောင် ကောင်သည် နိုင်ငံတကာအဆင့်မီ မြို့ပြကြီးဖြစ်ကာ အရင်းရှင်စီးပွားရေးစနစ် ထွန်းကားလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးလုပ်ငန်းများ၏ အချက်အချာဖြစ် သည်။

ပထမ ဘိန်းစစ်ပွဲပြီးနောက် ၁၈၄၂ ခုနှစ်တွင် ဟောင်ကောင်ကျွန်းသည် ဗြိတိသျှအင်ပါယာ၏ ကိုလိုနီနယ်ဖြစ်လာသည်။ ၁၉၈၃ ခုနှစ်တွင် ဗြိတိသျှ၏ ပင်လယ်ရပ် ခြား နယ်မြေတစ်ခုအဖြစ် ပြန်လည်သတ် မှတ်ခဲ့သည်။ နန်ကျင်းစာချုပ်အရ ဗြိတိန် က ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဟောင်ကောင်၏ အချုပ်အခြာအာဏာကို တရုတ်ဗဟိုအစိုးရအဖွဲ့ထံ ပြန်လည် လွှဲပြောင်း အပ်နှင်းခဲ့သည်။ ထို့နောက်တွင် ဟောင်ကောင်အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ပေါ်ထွန်းလာသည်။

ဟောင်ကောင်လူဦးရေ၏ ၉၃ ဒသမ ၆ ရာခိုင်နှုန်းမှာ တရုတ်လူမျိုးများဖြစ်ကြပြီး ငါးရာခိုင်နှုန်းမှာ အခြားမျိုးနွယ်များဖြစ်ကြ သည်။ စတုရန်းမိုင် ၄ဝ၇ မိုင်မျှသာ ကျယ် ဝန်းသည့် ဟောင်ကောင်တွင် လူဦးရေ စုစုပေါင်း ၇ ဒသမ ၄ သန်းနေထိုင်လျက် ရှိရာ ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ် ဆုံးဒေသတစ်ခုဖြစ်သည်။

အင်္ဂလိပ်ဘာသာ "Hong Kong"ဆို သည်မှာ ကွမ်တုန်အသံထွက်မှ ဆင်းသက် လာသည်။ အမွေးနံ့သာသင်းသော ဆိပ် ကမ်းဟု အဓိပ္ပာယ်ရသည်။ တရုတ်ရုံးသုံး ဘာသာစကားအရ 'ရှန်းကန်' (Xiang Gan) ဟုခေါ်တွင်သည်။

ဟောင်ကောင်ဟူသော ဝေါဟာရကို ပထမဦးဆုံးအကြိမ် တွေ့ရှိရသည်မှာ ၁၈၄၂ ခုနှစ် တရုတ်နှင့် ဗြိတိန်တို့ ရေးထိုး ခဲ့သည့် နန်ကျင်းစာချုပ်တွင်ဖြစ်သည်။

၁၈၃၉ ခုနှစ်တွင် မန်ချူးအစိုးရက ဘိန်းတင်သွင်းမှုကို ပိတ်ပင်ခဲ့သဖြင့် တရုတ်နှင့် အင်္ဂလိပ်အကြား ပထမဘိန်းစစ်ပွဲဖြစ်ပွား ခဲ့ပြီး ၁၈၄၁ ခုနှစ်တွင် ဗြိတိသျှတို့ ဟောင် ကောင်ကို ဝင်သိမ်းခဲ့သည်။

ဘိန်းစစ်ပွဲအပြီး တရုတ်တို့ စစ်ရှုံးသဖြင့် နန်ကျင်းစာချုပ်အရ ဟောင်ကောင်အား ဗြိတိသျှလက်ထဲသို့ လွှဲပြောင်းပေးအပ်ရ သည်။ နောက်တစ်နှစ်တွင် ဗြိတိသျှတို့က ဝိတိုရိယမြို့ကို တည်ထောင်ခဲ့သည်။ ၁၈၆ဝခုနှစ် ဒုတိယ ဘိန်းစစ်ပွဲတွင် တရုတ်တို့ စစ်ရှုံးပြန်ရာ နန်ကျင်းစာချုပ်အရ ကျိုလုံ ကျွန်းဆွယ်ကို ဗြိတိသျှလက်ထဲ ထပ်မံထိုး ပေးရပြန်သည်။

၁၈၉၈ ခုနှစ်တွင် သဘောတူညီချက် များကို တိုးချဲ့ရေးထိုးခဲ့ပြီး ဟောင်ကောင် အား ဗြိတိသျှတို့ကို ၉၉ နှစ်ကြာ ငှားရမ်း ပေးခဲ့ရသည်။ ထိုအခါမှစ၍ ဟောင်ကောင် နယ်နိမိတ်သည် ယနေ့တိုင် ပြောင်းလဲခြင်း မရှိခဲ့ချေ။

တောင်တရုတ်ပင်လယ်ကို မေးတင်နေ သော ဟောင်ကောင်ပင်လယ်ဆိပ်ကမ်း သည် အရှေ့ဖျားကုန်သွယ်ရေးလမ်း ကြောင်းများနှင့် ချိတ်ဆက်ထားသဖြင့် မဟာဗျူဟာမြောက် ပင်လယ်ဆိပ်ကမ်း တစ်ခုဖြစ်သည်။ ပထဝီဝင်အရ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသော အာရှ-ပစိဖိတ်ချိုင့်ဝှမ်းဒေသ၏ ဗဟိုချက်တွင်တည်ရှိ သဖြင့် ကမ္ဘာ့ထိပ်တန်းပင်လယ်ဆိပ်ကမ်း များစာရင်းတွင် ပါဝင်သည်။

သမိုင်းဝင် အခါသမယ

ဇူလိုင် ၁ ရက်သည် ဟောင်ကောင် အတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အချုပ်အခြာအာဏာအောက်သို့ ပြန်လည် ရောက်ရှိခဲ့မှု နှစ် ၂ဝ ပြည့် အခါသမယတွင်ဟောင်ကောင်၏ သမိုင်းမှတ်တိုင်များကို ပြန်လည်ငဲ့စောင်းကြည့်လိုပေသည်။

တရုတ်နိုင်ငံတည်းဟူသော အမိရင်ခွင် သို့ ဟောင်ကောင်ပြန်လည် ခိုလှုံနိုင်ခြင်း မှာ အမျိုးသားရေးဂုဏ်ဒြပ်အရ ကြီးမြတ် ဝင့်ထည်ခဲ့သည်။ အထူးကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဟောင်ကောင်၏ ပထမဆုံးသော အမှုဆောင်အရာရှိချုပ် တုန်ချိဟွာ၏ ဦးဆောင်မှုဖြင့် အသွင်ကူးပြောင်းမှုကို ချောချောမွေ့မွေ့ ဖြစ်စေခဲ့သည်။

သို့ရာတွင် မကြာမတင်ကာလမှာပင် အရှေ့အာရှဘဏ္ဍာရေးပြဿနာကို ဟောင်ကောင်တွေ့ကြုံခံစားခဲ့ရသည်။ အရှေ့ အာရှတစ်ခွင် ငွေတန်ဖိုးကျခြင်းနှင့် စီးပွား ရေးကျဆင်းခြင်းတို့  ဖြစ်ပေါ်ခဲ့ပြီးနောက် ၂ဝဝ၃ ခုနှစ်sars (ခေါ်) ဆားစ်ရောဂါ (အသက်ရှူလမ်းကြောင်းရောဂါ) ကိုလည်း ကောင်း၊ ၂ဝဝ၈ ခုနှစ်တွင် ဘဏ္ဍာရေး ပြဿနာကိုလည်းကောင်း၊ ၂ဝဝ၉ ခုနှစ်နှစ်ကုန်တွင် စတင်ခဲ့သော ယူရိုဇုန်အဖွဲ့ဝင် နိုင်ငံများ၏ ဘဏ္ဍာရေးပြဿနာကိုလည်း ကောင်း ဟောင်ကောင်တွေ့ကြုံခံစားခဲ့ရ ပြီး စီးပွားရေးအရ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ ရလေသည်။

ဒေသဆိုင်ရာ စီးပွားရေး ဝဲသြဃများကို လွန်မြောက်လေသော် ဟောင်ကောင် စီးပွားရေး ပြန်လည်ဦးမော့လာခဲ့ပြန် သည်။ ယနေ့ကာလတွင် ဟောင်ကောင် သည် တစ်ဦးကျ ဂျီဒီပီတန်ဖိုးအရ တောင် ကိုရီးယားနှင့် တရုတ်တိုင်ပေတို့ထက် အသာရရှိနေပြီဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုတာကာလပတ်လုံး ဒေသအလိုက် စီးပွားရေးအောင် မြင်မှုများကို ဟောင်ကောင်က ထုတ်ဖော် ပြသနိုင်လင့်ကစား  ပြည်သူတို့အတွင်း လူမှုရေးအရ အချိုးမညီမှုပြဿနာက ထင် ရှားလှသည်။ ဟောင်ကောင်ပြည်သူတို့ အတွင်း ဝင်ငွေညီမျှမှုမရှိသည့် ပြဿနာ၊ နေရေးစရိတ်ကြီးမြင့်သည့် ပြဿနာတို့မှာ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်နေဆဲပင်။

တစ်နိုင်ငံ စနစ်နှစ်မျိုး

နိုင်ငံရေးအရ 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒကို   ဖော်မြူလာထုတ်ပေးခဲ့သူမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခေါင်းဆောင် ကြီး တိန့်ရှောင်ဖိန်ဖြစ်လေသည်။ လက်ရှိ ဟောင်ကောင်နှင့် မကာအိုတို့၌ ကျင့်သုံးနေ
သည့် တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒ သည် ၂ဝ ရာစုနှောင်းပိုင်းတွင် တရုတ်နိုင်ငံအပေါ် သာမက ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးတို့ အပေါ် အတိုင်းအတာတစ်ခုအထိ အကျိုး သက်ရောက်စေခဲ့သည်ကား အမှန်ပင်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ အောက်ရှိ ဟောင်ကောင်နှင့် မကာအိုတို့ ကို အရင်းရှင်စနစ် စီးပွားရေးပုံစံနှင့် နိုင်ငံ ရေးပုံစံတို့တွင် နေမြဲအတိုင်း ဆက်လက်ရှိ နေရန် ခေါင်းဆောင်ကြီးတိန့်က ခွင့်ပြုပေး ခဲ့သည်။

အဆိုပါမူအရ ဟောင်ကောင်သည် နဂို မူလရှိရင်းစွဲ နိုင်ငံရေးစနစ်၊ တရားဥပဒေ၊ စီးပွားရေးစနစ်တို့ကို ဆက်လက်ကျင့်သုံး
ခွင့် ရရှိခဲ့လေသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇွန် ၂၉ ရက်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျန်ကျိန့်ရင်းနှင့်လည်းကောင်း၊ အုပ်ချုပ် ရေး၊ တရားဥပဒေပြုရေးနှင့် တရားစီရင် ရေးဆိုင်ရာ တာဝန်ရှိသူများနှင့်လည်း
ကောင်း တွေ့ဆုံဆွေးနွေးခဲ့ရာတွင် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒအား အကောင်အထည်ဖော်နိုင်မှုကို ထုတ်ဖော်ချီးကျူးခဲ့ လေသည်။

ဟောင်ကောင်သည် မိခင်နိုင်ငံ၏ အုပ် ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိမှု နှစ် ၂ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဟောင်ကောင်အထူးဒေသ၏ ပဉ္စမမြောက်အစိုးရအဖွဲ့အား တာဝန်ပေးခန့်အပ်ခြင်း
အခမ်းအနားသို့ တက်ရောက်လာသည့် တရုတ်သမ္မတအား လျန်ကျိန့်ရင်းက ကျေးဇူး တင်စကားဆိုခဲ့လေသည်။

ဟောင်ကောင်စီးပွားရေးမှာ ဖွံ့ဖြိုးတိုး တက်နေပြီး လူမှုဘဝ တည်ငြိမ်အေးချမ်းမှု ရှိနေခြင်းမှာ ဗဟိုအစိုးရ၏ အလေးထားမှု နှင့်  ထောက်ခံမှုတို့ကြောင့်ဖြစ်ကြောင်း၊ဟောင်ကောင်အထူးဒေသသည် နိုင်ငံတော် ၏ ၁၃ ကြိမ်မြောက် ငါးနှစ်စီမံကိန်း၊ 'ခေတ်သစ်ပိုးလမ်းမကြီး' ဖော်ဆောင်မှုနှင့် ကွမ် တုန်း-ဟောင်ကောင်-မကာအိုဒေသ မြို့ပြ
အသိုက်အဝန်း    တည်ဆောက်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဟောင်ကောင်အထူးဒေသ၏ အားသာမှုကို ထုတ်ဖော်ပြီး ပြည်မကြီးနှင့် အပြန်အလှန် ဖြည့်စွက်ပေးကာ နိုင်ငံဖွံ့ဖြိုး
တိုးတက်မှုအတွက် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း လျန်က ပြောကြားခဲ့လေသည်။

ဟောင်ကောင်နှင့် နိုင်ငံတော်အတွက် ဆောင်ရွက်သည့် စိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းရန် သမ္မတရှီက တိုက်တွန်းခဲ့ပြီး    ဟောင်ကောင်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆက်လက်ဆောင်ရွက် မည်ဟုဆိုသည်။ အထူးဒေသအုပ်ချုပ်မှု အတွက်  အစိုးရအဖွဲ့ကို   ဆက်လက် ထောက် ခံအားပေးကာ ဟောင်ကောင်နှင့်
ပြည်မကြီးအကြား ပူးပေါင်းဖလှယ်မှုကို တွန်းအားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊  လူငယ်များနှင့်အတူ နိုင်ငံတော်ချစ်စိတ်၊
ဟောင်ကောင်ချစ်စိတ်တို့ကို ထိန်းသိမ်းကာ  ဟောင်ကောင် ပိုမိုအင်အားရှိလာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သမ္မတ
ရှီ မြွတ်ကြားခဲ့သည်ကို တွေးတောမိရင်း ''တစ်ပြည်ထောင် နှစ်စနစ် ခေတ်သစ် ဟောင်ကောင်'' ဟူ၍ ကျွန်ုပ် ကျူးရင့်မိပါ သတည်း။     ။
Ref:  20 years prove success of "one country, two systems" (scmp)
ကိုရင်သြ(The Mirror Daily)

No comments:

Post a Comment