Latest News

Thursday, July 20, 2017

မိုးရွာသွန်းမှုကြောင့် သံလွင်မြစ်ကမ်းဘေးရှိ ဘားအံမြို့ပေါ်ရပ်ကွက် အချို့တွင် မြစ်ရေဝင်

မိုးရွာသွန်းမှုကြောင့် သံလွင်မြစ်ကမ်းဘေးရှိ ဘားအံမြို့ပေါ်ရပ်ကွက်
အချို့တွင် မြစ်ရေဝင်

ဘားအံ ဇူလိုင် ၂ဝ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဘားအံ မြို့နယ်အတွင်းတို့၌ မိုးအဆက်အပြတ် ရွာသွန်းသဖြင့် သံလွင်မြစ်ရေမှာ စိုးရိမ် ရေမှတ်အထက် ရောက်ရှိနေပြီး ရပ်ကွက်၊ ကျေးရွာအချို့တွင် တောင်ကျ ချောင်းရေများကြောင့် ရေဝင်ရောက် လျက်ရှိကာ သံလွင်မြစ်ကမ်းဘေးရှိ ဘားအံမြို့ပေါ်ရပ်ကွက်အချို့တွင်လည်း မြစ်ရေများ ဝင်ရောက်လျက် ရှိကြောင်း၊ သံလွင်မြစ်ရေမှာ ဘားအံ မိုး/ဇလ၏တိုင်းတာချက်အရ မွန်းလွဲ ၁၂ နာရီခွဲတွင် ၇၆၁ စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ် မှာ ၇၅ဝ စင်တီမီတာဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် လှိုင်းဘွဲမြို့နယ်ရှိ အနိမ့်ပိုင်း ကျေးရွာ ရပ်ကွက်များဖြစ်သော ရွှေဂွန်းကျေးရွာ ရွှေပြည်တော်ရပ်ကွက်နှင့် ရွာသစ် (၂) ရပ်ကွက်တို့တွင် တောင်ကျချောင်း ရေများ ရေအနက် လေးပေခန့် ရပ်ကွက်များအတွင်း ဝင်ရောက်လာ သဖြင့် ရွှေဂွှန်းအထက်ဘုန်းကြီးကျောင်း တွင် ယာယီ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်၍ ရွှေဂွှန်းနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မြို့မင်းဦးစီးသည့် ရဲတပ်ဖွဲ့ ဝင်များ၊ ရွှေဂွန်းရှေ့တန်းတပ်စခန်းမှ စစ်သည်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှု ကူညီရေးအဖွဲ့များဖြင့် စုပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂ဝ ရက် မွန်းလွဲ ၂ နာရီခွဲထိ ရပ်ကွက်နေ အိမ် ထောင်စု ၄၉ စု၊ လူဦးရေ အမျိုးသား ၁၁၃ ဦး၊ အမျိုးသမီး ၁၂၇ ဦး၊ စုစုပေါင်း လူဦးရေ ၂၄ဝ ကို ရေဘေးလွှတ်ရာ ရေဘေးကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ နေရာချထားပေးထားကြောင်း သိရသည်။

ရေဘေး ကယ်ဆယ်ရေးစခန်း စတင်ဖွင့်လှစ်သည့် ဇူလိုင် ၁၉ ရက်တွင် လှိုင်းဘွဲအခြေပြုစစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး ဇော်မြင့်ဦးနှင့် တပ်မတော် သားများ ရောက်ရှိလာပြီး ရေဘေးသင့်ပြည်သူ များအတွက် ဆန်အိတ်လေး အိတ်၊ ကြက်ဥအလုံး ၃ဝဝ နှင့် ခေါက်ဆွဲထုပ် လေးဖာတို့ကို ကူညီထောက်ပံ့ပေးခဲ့ သည်။

ဇူလိုင်၂ဝ ရက်တွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ကရင်ပြည်နယ် မွန်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးမင်းတင်ဝင်းနှင့် တာဝန် ရှိသူများ ရောက်ရှိလာပြီး ရေဘေးသင့် ပြည်သူများအတွက် ဆန်အိတ် ၁၇ အိတ်၊ ရေသန့်ဘူးတစ်လီတာဘူး ၇၂ဝ ဘူး၊ ငါးသေတ္တာဘူး ၁၄၇ ဘူးတို့ ထောက်ပံ့ ပေးခဲ့သည်။

ယခုရေဝင်ရောက်သည့် ရွှေဂွန်း ကျေးရွာ အနိမ့်ပိုင်းနေရာများမှာ မိုးအဆက်မပြတ်ရွာချရာမှ တောင်ခြေ ချောင်းရေများမှတစ်ဆင့် ဝင်ရောက် ခဲ့ခြင်းဖြစ်ကာ ဘားအံမြို့နယ်အတွင်း၌ လည်း မိုးရွာသွန်းမှုကြောင့် လွန်းည တောင်တန်းမှ တောင်ကျရေမှတစ်ဆင့် အိန္ဒုကျေးရွာအုပ်စု နောင်လုံအရှေ့ ကျေးရွာနှင့် မြပြည်ကျေးရွာတို့တွင် ရေများဝင်ရောက်လျက်ရှိကြောင်း သိရ သည်။

 မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)
MOI

No comments:

Post a Comment