Latest News

Thursday, July 20, 2017

တောင်ကျရေများကြောင့် သုဝဏ္ဏဝတီမြို့အဝေးပြေးကားလမ်း အနိမ့်ပိုင်း ရေကျော်မှုဖြစ်

တောင်ကျရေများကြောင့် သုဝဏ္ဏဝတီမြို့အဝေးပြေးကားလမ်း
အနိမ့်ပိုင်း ရေကျော်မှုဖြစ်

သထုံ ဇူလိုင် ၂ဝ

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက် တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်း လာသောကြောင့် ဇူလိုင် ၁၉ ရက် နံနက်က ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း အနိမ့်ပိုင်း၊ ကျိုက္ကော်ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးအနီး အလျား ပေ ၈ဝဝ ခန့်တွင် ရေကျော်ပြီး ယာဉ် အသွားအလာများ ခေတ္တနှောင့်နှေးမှုဖြစ် ပွားခဲ့ကြောင်း သိရ သည်။

''မိုးက အဆက်မပြတ်ရွာတော့ တောင်ကျရေတွေ စီးဆင်း လာတာပါ၊ ပုံမှန်စီးဆင်းနေတဲ့ ကျိုက္ကော်ချောင်းကလည်း တဖြည်းဖြည်းကျဉ်းလာတော့ မိုးများပြီဆိုတာနဲ့ ချောင်းရေ လျှံတယ်။ မနေ့က ည ၁၁ နာရီလောက်ကစပြီး လမ်းပေါ် ရေရောက်တယ်၊ မိုးများလာတာနဲ့ ရေက ပိုမြင့်လာတယ်၊ လမ်းပေါ်ကို ရေက နှစ်ပေလောက်၊ အချို့နေရာ သုံးပေလောက် မြင့်လာတာ၊ အခုတော့ ရေကကျသွားပါပြီ''ဟု ကျိုက္ကော်ရပ်ကွက်နေ ကိုကျော်ကျော်က ပြောသည်။

ယင်းနေရာတွင် လွန်ခဲ့သည့်ရက် အနည်းငယ်အတွင်းကလည်း ရေလွှမ်းမှုများ ဖြစ်ပွားခဲ့ပြီး ယခုအကြိမ်မှာ တစ်ပတ်အတွင်း တတိယအကြိမ် ကားလမ်းပေါ် ရေလျှံ ခြင်းဖြစ်သည်။ ကျိုက္ကော်ချောင်းမှာ အကွေ့များပြီး ရေစီးလမ်းကြောင်း ပြောင်းလာ ခြင်းနှင့် လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ရေစီးရေလာမကောင်းခြင်းတို့ကြောင့် ယခုကဲ့သို ကားလမ်းပေါ် ရေလွှမ်းခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
အဆိုပါ ရေလွှမ်းမှုကြောင့် ထိခိုက်ဆုံးရှုံးမှုမရှိခဲ့သော်လည်း ဒေသခံများနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာရန်ခက်ခဲခဲ့ရာ နယ်မြေခံ တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေး အသင်းများက ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI

No comments:

Post a Comment