Latest News

Wednesday, July 12, 2017

မန္တလေးတိုင်းလယ်သမား သပိတ်စခန်း ရက်ထပ်တိုးဖွင့်ခွင့်ရ

မန္တလေးတိုင်းလယ်သမား သပိတ်စခန်း ရက်ထပ်တိုးဖွင့်ခွင့်ရ

မန္တလေးတိုင်းအတွင်း လယ်ယာမြေပြဿနာတွေကို ဖြေရှင်းပေးဖို့နဲ့ တရားစွဲဆိုခံထားရတဲ့ တောင်သူတွေကို အမှုရုပ်သိမ်းပေးဖို့ တောင်သူ တစ်ရာကျော် မန္တလေးမြို့၆၂ လမ်းမှာ သပိတ် စခန်းဖွင့် တောင်းဆိုနေတာ ဒီနေ့ တစ်ပတ်ပြည့်ပြီဖြစ်ပေမယ့် နောက်ထပ် တစ်ပတ်ထပ်တိုး ဆန္ဒပြခွင့် ရရှိထားတယ်လို့ သိရပါတယ်။

သပိတ်စခန်းဖွင့်ဆန္ဒပြတာ တစ်ပတ်ပြည့်သွားပေမယ့် တိုင်းအစိုးရတာဝန်ရှိသူတွေက ဖြေရှင်းပေးတာ မရှိသေးတဲ့အတွက်ထပ်တိုးဆန္ဒပြခွင့်တောင်းလိုက်တာဖြစ်တယ်လို့   မြန်မာတစ်နိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးမောင်စိုးက ပြောပါတယ်။

 "မန္တလေးတိုင်းအစိုးရ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အနေနဲ့ မြေပြင်ကိုကွင်းဆင်းခြင်းမရှိဘဲနဲ့ အောက်ခြေကတင်ပြတဲ့ပြသနာတွေနဲ့ဆုံးဖြတ်နေတာတွေဟာ တရားစွဲတဲ့ပြဿနာတွေ လယ်ယာမြေ သိမ်းဆည်းတဲ့ဖြေရှင်းရမယ့် ပြသနာတွေက ဘယ်လိုမှမပြီးနိုင်ဘူး၊ ပြီးတဲ့ ၇ ရက်မှာ ဘာမှ သူတို့ဘက် က ကမ်းလှမ်းခြင်း ဖြေရှင်းခြင်းမရှိဘူး၊ မရှိတဲ့အတွက် နောက်ထပ်ကျနော်တို့ ၂၀ ရက်နေ့ထိ ခွင့်ပြု မိန့်ရတယ် ၂၀ ရက်နေ့ထိအောင် မန္တလေးတိုင်းအစိုးရအနေနဲ့ ဖြေရှင်းမပေးဘူးဆိုရင် ရက်အတိုင်း အတာ အကန့်အသတ်မရှိ ကျနော်တို့က သပိတ်စခန်းဖွင့်သွားဖို့ အစီအစဉ်ရှိပါတယ်"

မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၁၂ ခုက တရားစွဲဆိုခံတောင်သူတွေကို အမှုမှပြန်ရုတ်ပေးဖို့နဲ့ သိမ်းဆည်းခံမြေယာပြသနာတွေကို တိုင်းအစိုးရအနေနဲ့ ပြေလည်အောင်ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၆ရက်နေ့က သပိတ်စခန်းဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့နယ်၊ မတ္တရာ၊ မြစ်သား၊ စဥ့်ကူး၊ စဥ့်ကိုင်နဲ့ ပုသိမ်ကြီးမြို့နယ် က သိမ်းဆည်းခံ တောင်သူတွေ ပါဝင်ပါတယ်။

အစိုးရသစ်လက်ထက်မှာမှ ပိုင်နက်ကျူးလွန်မှု ၄၄၇၊ ၄၂၇ အပြင် အာမခံမရတဲ့ ဓါးမြမှုတွေနဲ့ပါ တရားစွဲဆိုတာမျိုးတွေရှိလာပြီး တောင်သူတွေ တရားစွဲခံနေရတဲ့အခြေအနေအဖြစ်မှန်တွေကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အနေနဲ့ မြေပြင်ကို ကွင်းဆင်းစစ်ဆေးပြီး ဖြေရှင်းပေးဖို့ တောင်သူတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။

လယ်ယာမြေပြဿနာကြောင့် မန္တလေးတိုင်းအတွင်း မြို့နယ် ၁၂ ခုက တောင်သူ ၅၀၀ ကျော် တရားစွဲဆိုထားပြီး ပြင်ဦးလွင်မြို့နယ်မှာ တောင်သူ ၁၀၀ ကျော်အထိ တရားစွဲဆိုခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့ချုပ် က ထုတ်ပြန်ထားပါတယ်။

RFA

No comments:

Post a Comment