Latest News

Sunday, July 2, 2017

အရေခြုံအမှိုက်တွေနှင့် မြို့ရန်ကုန်

အရေခြုံအမှိုက်တွေနှင့် မြို့ရန်ကုန်

ဗိုလ်ချုပ်လမ်းမပေါ်ရှိ စာအုပ်အရောင်းဆိုင် တစ်ဆိုင်အတွင်း၌ စာအုပ်ဝယ် ယူသူတွေနှင့် ရှုပ်ယှက်ခတ်နေစဉ် ဆိုင်တွင်းသို့ ဦးပဉ္ဇင်းတစ်ပါး ကြွလာသည်။ ဦးပဉ္ဇင်းက စာအုပ်ရွေးနေ၊ ၀ယ်နေကြသူတွေကို တစ်ချက် အကဲခတ်လိုက်ပြီး အသက်ကြီးကြီး၊ ပြည့်စုံဟန် အသွင်အပြင်ရှိသည့် အမျိုးသမီးကြီးဆီ ချဉ်းကပ်လိုက်၏။

“ဒကာမကြီး”

အမျိုးသမီးကြီးက သူ့ကိုခေါ်သည်မထင်၍ လှည့်မကြည့်မိ။ နောက်တစ်ခွန်း ထပ်ခေါ်သံကြားမှ သူ့ကို ခေါ်နေတာ ပါလားဟု အသိဝင်ပြီး လှည့်ကြည့်ကာ ‘ဘုရား’ ထူးလိုက်သည်။ ဦးပဉ္ဇင်းက သူသည် နယ်မှလာရောက်ပြီး (…..) မြို့နယ်ရှိ စာသင်တိုက်တွင် စာပေပရိယတ္တိသင်ကြားနေသူ စာသင်သား သံဃာတစ်ပါး ဖြစ်ကြောင်း၊ နယ်မှ ချို့ချို့ငဲ့ငဲ့ လာရောက်ရခြင်းဖြစ်၍ စာအုပ်စာတမ်း မပြည့်စုံကြောင်း၊ သို့အတွက်ကြောင့် စာအုပ် အလှူခံ ပါကြောင်း တို့ကို ရှည်ရှည်ဝေးဝေး မိန့်လိုက်တော့ အမျိုးသမီးကြီး တစ်ချက်တွေသွားသည်။

ဦးပဉ္ဇင်းမှာ ကိုယ်ဟန်နွမ်းနွမ်း၊ သင်္ကန်းမှာလည်း အရောင်များပင် လွင့်ချင်ချင်မို့ တစ်နယ်တစ်ကျေးမှ လာရောက်ပြီး မပြည့်မစုံ အနေအထားဖြင့် ပညာဆည်း ပူးနေရသူ သံဃာတစ်ပါးပါလားဟု အမျိုးသမီးကြီးစိတ်ထဲ တွေးထင် မိသွားသည်။ သို့ကြောင့် …

“ ဘယ်လိုစာအုပ်မျိုး အလိုရှိတာပါလဲ ဘုရား”

“ဒကာကြီး ဦးရွှေအောင်ရေးတဲ့ ‘အနှိုင်းမဲ့ဗုဒ္ဓ’၊  ဒါမှမဟုတ် ဆန်းလွင်ရေးတဲ့ ‘ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် လာသူ တစ်ယောက်အကြောင်း’ စာအုပ်တွေ လိုတာပါဒကာမကြီး”

အမျိုးသမီးကြီးက အဆိုပါစာအုပ်တွေကို ဆိုင်ထဲမှာ ပျာပျာသလဲ လိုက်ရှာတော့ ‘အနှိုင်းမဲ့’ တစ်မျိုးသာရသည်။ ဆရာဆန်းလွင်၏ စာအုပ်က ကုန်နေသည်။ သည်စာအုပ်တွေက စာဖတ်ပရိသတ်၊ အထူးသဖြင့် ဘာသာရေး စာပေကို လေ့လာဖတ်ရှုသူတွေ အ၀ယ်များကြသည်မို့ အရောင်းသွက် စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသည်။ ဘာပဲဖြစ်ဖြစ် ဦးပဉ္ဇင်းအတွက် နှစ်အုပ်ထဲက တစ်အုပ် လှူနိုင်လိုက်သောကြောင့် ကြမ်းပြင်တွင် ထိုင်ကန်တော့ရင်း အမျိုးသမီးကြီးမှာ သဒ္ဓါစိတ်တွေ ယိုဖိတ်ပြီး ပီတိတွေဖြာနေသည်။  ဦးပဉ္ဇင်းကတော့ ဆုတွေ တစ်သီကြီး ပေးပြီးသည်နှင့် ဆိုင်ထဲက ခပ်သွက် သွက် ကြွသွားတော့သည်။

သည်လို ကြည်နူးဖွယ်မြင်ကွင်းကို ဆိုင်ထဲတွင် စာအုပ်ရွေးနေသူ ကိုမြင့်လွင်တွေ့လိုက်ရတော့ ဦးပဉ္ဇင်း၏ နောက်ကျောကို လှမ်းကြည့်ပြီး နှုတ်က ‘သာဓု၊ သာဓု၊ သာဓု’ ဟု ခပ်တိုးတိုး ခေါ်လိုက်မိသည်။ သို့သော်လည်း ကိုမြင့်လွင် သာဓုခေါ်ပြီး သိပ်မကြာသော ရက်တစ်ရက်မှာပင် ထိုဦးပဉ္ဇင်းနှင့် နောက်တစ်ကြိမ် ဆုံဖြစ်ပြန်သည်။

ထိုနေ့က အနော်ရထာလမ်းမပေါ်ရှိ စာအုပ်အရောင်းဆိုင်မှာ နယ်ကမှာ လိုက်သော စာအုပ်တွေကို ရှာနေတုန်း ‘ဒကာကြီး၊ ဦးဇင်းက နယ်ကလာပြီး ….’ ဟူသော စကားသံတွေကို ကြားလိုက်တော့ သည်အသံ ကြားဖူးသလို ပါလား တွေးကာ လှည့်ကြည့်လိုက်မိသည်။ ဆိုင်ထဲရှိ အန်ကယ်ကြီး တစ်ယောက်ဆီမှာ စာအုပ် အလှူခံနေသူက စာသင်သား ဟုဆိုသည့် တလောက ဦးပဉ္ဇင်းပင် ဖြစ်နေ၏။ ကနေ့အလှူခံသည့် စာအုပ်တွေကလည်း ဦးရွှေအောင်နှင့် ဆန်းလွင်ရေးသည့် စာအုပ်တွေ ဖြစ်နေပြန်သည်။ အန်ကယ်ကြီးက စာအုပ်နှစ်အုပ်ကို သာမက ၀တ္ထုငွေကိုပင် စာအိတ်ထဲ ထည့် ကပ်လိုက်သေးသည်။ ‘တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ဒီနေ့က ကျွန်တော့်မွေးနေ့ဗျ’ ဟု အန်ကယ်ကြီးက သူနှင့်သိကျွမ်းခြင်း မရှိသည့် ကိုမြင့်လွင်ကို ၀မ်းသာအားရ လှမ်းပြောနေသည်။

ကိုမြင့်လွင်မှာတော့ အန်ကယ်ကြီး၏ ပီတိကို မုဒိတာမပွားနိုင်အားဘဲ ဆိုင်ထဲမှ ပြန်ထွက်သွားသော ဦးပဉ္ဇင်း နောက်ကို မသိမသာ လိုက်ကြည့်မိသည်။ ဆိုင်အပြင် မလှမ်းမကမ်း၌ ကြွပ်ကြွပ်အိတ် တစ်ထုပ်ကိုင်ထားသော၊ ခန္ဓာအနှံ့ ဆေးမင်ကြောင် ထိုးထားသူ လူရွှယ်တစ်ဦးက ဦးပဉ္ဇင်းကို အသင့်စောင့်နေ သည်။ ဦးပဉ္ဇင်းက စာအုပ်တွေကို ထိုလူ့အိတ်ထဲ ထိုးထဲပြီး ‘ကဲလာ၊ ပန်းဆိုးတန်းဘက် သွားရအောင်’ ဟု ဆိုကာ ရှေ့မှဦးဆောင် ထွက်သွားတော့ သည်။

နောက်မှ လိုက်ကြည့်မိသူ ကိုမြင့်လွင်မှာ ပါးစပ်အဟောင်းသားနှင့် ကျန်ရစ် ခဲ့သည်။ ပန်းဆိုးတန်းတွင်လည်း စာအုပ်ဆိုင်တွေ များစွာရှိနေလေတော့ မည်သူတွေ ဒကာကြီး၊ ဒကာမကြီး ခေါ်ခံထိဦးမည်မသိ ဟူ၍လည်း သူ တွေးတောနေမိ၏။ သည်အကြောင်းကို စာအုပ်အဟောင်း ရောင်းဝယ်ရေး ဆိုင် ဖွင့်ထားသူ ကိုမြင့်လွင် မိတ်ဆွေ ကို ပြောမိတော့ မိတ်ဆွေက ပြုံးသည်။ ပြီးတော့ - “ကျွန်တော့်ဆိုင်မှာ စာအုပ်လာလာရောင်းကြ သူတွေရှိ တယ်ဗျ။ တချို့က အသုံးလိုလို့ ရိုးရိုးသားသား လာရောင်းကြတာ။ တချို့ကျတော့ မသင်္ကာစရာဗျ။ ဖတ်ထားပြုထားတဲ့ လက္ခဏာလုံးဝ မတွေ့ရဘူး။ ခုမှ ရလာတဲ့ အသစ်စက်စက်တွေ။ ခင်ဗျားပြောတဲ့ စာအုပ်မျိုးတွေလည်း ပါသပေါ့” ဟု ဆိုသည်။

နောက်ပိုင်းလည်း သည်လိုဖြစ်ရပ်မျိုး ဆန်ဆန်တွေ ကိုမြင့်လွင်ကိုယ်တိုင် မကြာမကြာ ကြုံလာရသည်။ ခဏခဏ ဖိနပ်ပြတ်သည့် ကိုယ်တော်တွေကို ဟိုမှာသည်မှာ တွေ့လာရသည်။ လိုင်းကားတွေပေါ် နေ့စဉ်တက်ပြီး စာအိတ် တစ်ထပ်ကိုင်ကာ အလှူလိုက်ခံနေသည် ကိုလည်း မတွေ့ချင်မှအဆုံး။ နိုင်ငံခြားသားတွေ ဖြတ်သွားဖြတ်လာ ပြုသည့် နေရာတွေမှာ အတင်းကပ်ပြီး မပေးမချင်း အလှူခံနေသည့် သင်္ကန်းဝတ်တွေကိုလည်း စိတ်ပျက်ဖွယ် မြင်နေရသည်။ ယုတ်စွအဆုံး အရက်ဆိုင်၊ ဘီယာဆိုင်တွေထဲအထိ ၀င်ရောက် အလှူခံနေသည့် မြင်ကွင်းတွေက ဘယ်လိုမှ မတင့်တယ်။

တစ်ခါက ယခု ပြည်ထောင်စုဝန်ကြီး ဖြစ်နေသူ ပုဂ္ဂိုလ်တစ်ဦး၏ ရုံးခန်းသို့ စာပေကိစ္စတစ်ခုဖြင့် ကိုမြင့်လွင် ရောက်သွားသည်။ ထိုပုဂ္ဂိုလ်၏ ရုံးခန်းမှာ မြို့ထဲ မြေညီထပ်တွင်ရှိပြီး ဧည့်သည်များ အလွယ်တကူ ၀င်ထွက်နိုင်အောင် တံခါးကို အမြဲဖွင့်ထားလေ့ရှိသည်။ ကိုမြင့်လွင် ရောက်သွားသည့်နေ့က ပန်းချီဆရာ၊ စာပေဝေဖန်ရေး ဆရာ စသည့် ဧည့်သည်တွေကလည်း ရုံးခန်းမှာ စုံစုံလင်လင် ရှိနေသည်။ သည်အခိုက် အသက်သုံးဆယ် အရွယ် ဦးပဉ္ဇင်း တစ်ပါး ရုံးခန်းထဲ ၀င်ချလာသည်။ ဦးပဉ္ဇင်းက အသားဖြူဖြူ၊ ဥပဓိရုပ်က သန့်သန့်ပြန့်ပြန့်။ အားလုံးက ဦးပဉ္ဇင်းဆီ အကြည့် ရောက်သွားကြသည်။ ဦးပဉ္ဇင်းက အခန်းထဲက လူတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး -

“ကျုပ်ကို ပိုက်ဆံတစ်ထောင်လှူစမ်းပါ”

မည်သူ့ကို ရည်ရွယ်ပြောမှန်းတော့ မသိ။ သို့ပေမယ့် လေသံက ခပ်မာမာ၊ ခပ်ပြတ်ပြတ်။ ပန်းချီဆရာက ဦးပဉ္ဇင်း၏ အသွင် သိပ်မဟန်မှန်း အကဲခတ်မိပြီး ‘ဘယ်ကျောင်းတိုက်ကပါလဲ ဘုရား’ ဟု မေးလျှောက် လိုက်သည်။ ထိုဦးပဉ္ဇင်းက ပန်းချီဆရာကို မျက်မှောက်ကုတ်ကာ ကြည့်လိုက်ပြီး ‘မလှူရင် လည်း နေစမ်းပါ။ မစပ်စုပါနဲ့’ ဟု ဆိုကာ ချာခနဲ လှည့်ထွက် သွားတော့သည်။ သည်တစ်ခါလည်း အားလုံး ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့ကြရသည်။ ‘တစ်ယောက်တည်းဆိုရင် မလှူလို့ ရိုက်တောင်သွားမလား မသိဘူး’ ဟု တစ်ယောက်က မှတ်ချက်ပြုသည်။ ကိုမြင့်လွင် မိတ်ဆွေတစ်ဦးကတော့ -

“တချို့က ချောင်ကျတဲ့ ဆင်ခြေဖုံးနေရာတို့၊ ကျူးကျော်တဲတို့မှာ အုပ်စု လိုက်နေကြတာဗျ။ မနက်မနက်ဆို အဲဒီအထဲတွေကနေ ဘုန်းကြီးတုတွေ၊ မယ်သီလတုတွေ ထွက်ထွက် လာတတ်တယ်။ ဒီလိုမျိုး သင်္ကန်းကို ခုတုံးလုပ်သူတွေ များလာရင် သာသနာအတွက် ရင်လေးစရာပဲ”  ဟု ပြောပြဖူး သည်။

ကြာတော့ ကိုမြင့်လွင်မှာ ကိုယ့်အနား သင်္ကန်းဝတ်နှင့်မြင်မိလျှင် အလှူခံများ လား မသိဘူးဟု တွေးလာမိသလို၊ နောက်က ‘ဒကာကြီး၊ ဒကာကြီး’ ဟု လှမ်းခေါ်သံကြားလျှင်လည်း ထိတ်ခနဲဖြစ်ရသည်။ အတုအယောင် များပြား လာခြင်းက သီလသမာဓိနှင့် ပြည့်စုံသော သံဃာတော်တွေကိုပါ ထင်ယောင် ထင်မှား ဖြစ်စေသည်မို့ သက်ရောက်မှုက မကောင်း။ ကြည်ညိုဖွယ် အရောင်အဆင်းကို သံသယအမြင်ဖြင့် ကြည့်လာမိ၊ တွေးလာမိ သည့် အဖြစ်က ရင်နာစရာတော့ ကောင်းလှသည်။

ကုန်လွန်ခဲ့သော ခေတ်အဆက်ဆက်က အကျင့်သီလပျက်ယွင်းသူ သံဃာအတုအယောင် တို့ကြောင့် သာသနာ ကွယ်ပျောက်မည့် ဘေးရန်မှ ကာကွယ်ရန် ဘုရားဟောကြားခဲ့သော သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတို့ဖြင့် သင်္ဂါယနာ တင်ခဲ့ရသည်။ ဓမ္မာစက်၊ အာဏာစက်တို့ဖြင့် သာသနာကိုသန့်ရှင်းခဲ့ရသည်။

တစ်နေ့က သတင်းတစ်ပုဒ်မှာတော့ ‘အများပြည်သူ သွားလာသော နေရာများတွင် သံဃာ အယောင် ဆောင်ပြီး အလှူခံခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် သံဃာ့နာယက ဆရာတော်များနှင့် တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်းရှင်းလင်းမည်’ ဆိုသည့် သတင်းတစ်ပုဒ်ကို ကိုမြင့်လွင် ဖတ်လိုက်ရသည်။ သည်လို အစီအစဉ်မျိုးကို ရန်ကုန်တိုင်း တစ်ခုတည်းသာ မဟုတ်ဘဲ ကျန်သည့် ဒေသတွေမှာ လည်း ပြုလုပ်စေချင်သည်။ နိုင်ငံအနှံ့ ရှိနေသည့် အရေခြုံတွေကို ထိထိရောက်ရောက် နှိမ်နင်းစေချင် သည်။

သပ္ပာယ်သော စေတီပုထိုးတွေနှင့်၊ ကြည်ညိုဖွယ်ကောင်းပြီး သီလ စင်ကြယ်သော ရဟန်း သံဃာ တော်တွေ ရှိသည့်နိုင်ငံဟု ဂုဏ်သတင်း မွှေးပျံ့နေဆဲဖြစ်သော ကိုမြင့်လွင်တို့နိုင်ငံကို အကျင့်ပျက်နေသူတို့ လက်ချက်ဖြင့် အမည်းစက် မစွန်းထင်းစေလိုပါ။ အများအမြင်၊ အခြား ဘာသာဝင်တို့၏ အမြင်မှာလည်း အထင်အမြင် လွဲမှားခြင်း မဖြစ်စေလိုပါ။

အတုသည် အစစ်မဟုတ်သော်ငြား၊ အစစ်၏ ကြီးမြတ်မှုကို အတုက မမီသော်ငြား၊ အတုသည် အတုလမ်းစဉ် အတိုင်းသာ သူ့အကျိုးပေးနှင့်သူ သွားလိမ့်မည်ဟု ဆိုကြသော်ငြား လောက၀န်းကျင် တွင် အစစ်ယောင်ဆောင် ထားသည့် အတုတွေ များပြားလာခြင်းက ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေသည်မို့ မလိုလားအပ်သော ‘အမှိုက်’ တွေကို ပြတ်ပြတ်သားသား ရှင်းလင်းပစ်မှရမည် ဟု ကိုမြင့်လွင်စိတ်မှာ ခံယူမိလေသည်။

ဆောင်းဖြူ (The Ladies News)

No comments:

Post a Comment