Latest News

Sunday, July 2, 2017

အနေဝေးပေမယ့် ချစ်သူတွေကြား သွေးအေး မသွားရအောင်

အနေဝေးပေမယ့် ချစ်သူတွေကြား သွေးအေး မသွားရအောင်

အခြေအနေ အမျိုးမျိုးကြောင့် တယောက် တနယ်စီ၊ နိုင်ငံရပ်ခြားအထိတောင် ဝေးခြားပြီး ခွဲခွာနေရတဲ့ ချစ်သူတွေကြားမှာ အနေဝေးလို့ မီးဝေးချိတ်လို အေးစက်မာကျောသွားတဲ့ ခံစားချက်တွေ ဖြစ်လာတတ်ပါတယ်။ တကယ့် ချစ်ခြင်း မေတ္တာ ဆိုရင် နယ်မြေ နီးခြင်း ဝေးခြင်းနဲ့ မဆိုင်၊ အချိန် ကြာခြင်း မကြာခြင်းနဲ့လည်း မပတ်သက်ဘဲ စိတ်ရင်ခွင်မှာ အမြဲ ရှိနေကြပါတယ်။

အခုဖော်ပြမှာက ရပ်ဝေး မြေခြား ခွဲခွာနေတဲ့ ချစ်သူတွေကြား အနေဝေး သွေးအေး မသွားဖို့၊ တကယ့်ချစ်ခြင်း မေတ္တာကို ဖော်လှစ်ပြနိုင်ဖို့ Journal of Communication မှာ ဖော်ပြထားတဲ့ အကြံပြုချက် ၇ ခုကို တင်ပြပေးမှာပါ။

အနေဝေးနေတဲ့ ချစ်သူတွေကြားမှာ ကြီးမားတဲ့ ပြဿနာ ဖြစ်စေတာက “သြော် … ဒီအချိန်မှာ သူ ဘယ်သူနဲ့ ဘာတွေ လုပ်နေလေမလဲ၊ သူက တကယ်ရော စိတ်ချရပါ့မလား၊ ငါကတော့ သူ့ကို ယုံကြည်နေရတာ” စဖြင့် တွေးတောနေရာကနေ ပူပန်မိလာ၊ ပူပန်ရာ ကနေ တဖြည်းဖြည်း မယုံသင်္ကာစိတ်တွေ ဖြစ်လာတော့တာပဲ။

အဲဒီထက် ပိုဆိုးတာက အချစ်ကြီးချစ်ပြီးမှ မယုံကြည်ရသလို ဖြစ်လာတော့ ရင်နာမဆုံး ခံစားရတော့တာပဲ။ ချစ်သူ နှစ်ဦးကြားသာမက အဖွဲ့အစည်း အချင်းချင်းနဲ့ လူ့အဖွဲ့အစည်း တရပ်လုံး အထိ ယုံကြည်မှု မရှိရင် ဘာမှ တည်ဆောက်လို့ မရနိုင်ပါဘူး။ ယုံကြည်မှု ရှိမှသာ ငြိမ်းချမ်းမှုနဲ့ တိုးတက်မှုကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။

နေ့စဉ် မပျက်မကွက် ဖုန်းဆက်ပါ

ယနေ့ခေတ် နည်းပညာသစ်တွေရဲ့ ကျေးဇူးကြောင့် ဖုန်းဆက်နိုင်ပြီ၊ အွန်လိုင်းကနေ Skype ကတဆင့် မျက်နှာချင်းဆိုင် ကြည့်မြင် ပြောဆို ကြားနေနိုင်ပြီ ဖြစ်သလို ဖေ့စ်ဘုတ်လို လူမှုကွန်ရက် စာမျက်နှာကနေပြီး တော့လည်း တယောက်နဲ့ တယောက် တွေ့နိုင်ကြပြီလေ။ ကိုယ်စီ အလုပ်အားမယ့် အချိန် တခု သတ်မှတ်ပြီး အဲဒီအတော အတွင်း မပျက်မကွက် ဆက်သွယ်ဖို့ လိုပါတယ်။ ကြားထဲမှာ ဖုန်းမက်ဆေ့ဂ်ျလေးတွေ၊ အသံဖိုင်လေးတွေ မကြာခဏ မပြတ် မပြတ် ပို့ပေးတာကလည်း ချစ်သူတို့ကြား ယုံကြည်မှု ပိုမို ရှိစေပါတယ်။

တယောက်ဆီ တယောက် အလည်သွားပါ

ရပ်ဝေးချစ်သူတွေ အနေနဲ့ တခါတလေ တယောက်ဆီကို တယောက် အလည်အပတ် သွားတာက အချင်းချင်းကြား ယုံကြည်မှု ခိုင်မာစေသလို တဦးရဲ့ လှုပ်ရှားရုန်းကန်နေရတာကို တဦးက နားလည် ပေးနိုင်တာ ကြောင့် ဖြစ်ပါတယ်။ ပြီးတော့ လွမ်းအားပိုခဲ့ကြတဲ့ နေ့ရက်တွေ အတွက်လည်း အစားထိုး ခင်တွယ်စေတယ်လေ။

အရင်ခေတ်တွေတုန်းကတော့ နိုင်ငံရပ်ခြား မပြောနဲ့ ပြည်တွင်း ခရီးသွားဖို့ တောင် အခက်အခဲတွေ ရှိခဲ့ပေမယ့်၊ အခုဆိုရင် အာဆီယံ နိုင်ငံများ အချင်းချင်း ဗီဇာကင်းလွတ်ခွင့်ရတော့ ဖြစ်လို့ ဝေးကွာနေရတဲ့ ချစ်သူတွေအတွက် သွားလာတွေ့ဆုံဖို့ အခွင့်အလမ်းတွေ ရှိနေပါပြီ။

ရိုးသားမှုက နှစ်ဦး ချစ်ခြင်းကို ခိုင်မြဲစေပါတယ်

ချစ်သူတွေကြားမှာ မကြာခဏဆိုသလို ရောက်ရောက်လာတတ်တာက မယုံကြည်မှုပဲ။ ချစ်သူတို့ကြား တခြားသူ တဦး ဝင်လာမှာကို ချစ်သူတိုင်း လက်မခံ မလိုလားကြသို တခြားတဦးကို ချစ်သွားမှာလည်း မလိုလားကြပါဘူး။ ဒါကြောင့် ပွင့်လင်း ရိုးသားတဲ့ ဆက်သွယ်မှုတွေ ရှိဖို့ လိုပါတယ်။ ဆိုလိုတာက ကိုယ်နဲ့ အတူ ရှိနေတဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အကြောင်း ဖုံးကွယ်တာမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ပါ။

နှစ်ဦးသား ရှိနေခိုက်မှာ စိတ်ပျက်စရာ အကြောင်းတွေ အများကြီး မပြောပါနဲ့

There is no smoke without fire. There is no life without hope. (မီးမရှိဘဲ မီးခိုးမရှိနိုင်၊ မျှော်လင့်ချက် မရှိဘဲ ဘ၀ မရှိနိုင်) လို့ ဆိုပေမယ့် အလွန်အမင်း မျှော်လင့်တာက တဦးနဲ့ တဦးကြား အပြန်အလှန် နားလည်မှု လွဲစေနိုင်ပါတယ်။

ချစ်သူတို့ ဘဝမှာ ‘မှန်းချက်နဲ့ နှမ်းထွက် မကိုက်’ ဆိုသလို လိုချင်၊ ဖြစ်ချင်တာနဲ့ ဖြစ်လာ၊ ရလာတာက မကိုက်ညီ ဖြစ်တတ်တာတွေ တွေ့ကြုံရတတ်ပါတယ်။ အဲဒီမှာ ကိုယ်က အရမ်းမျှော်လင့်ထားရင် အရမ်း နာကျင် ရတတ်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ် နှစ်ဦးသား မှန်မှန်ကန်ကန် သုံးသပ်ပြီး နှစ်ဦးသား အနာဂတ်အရေး ဆွေးနွေး တိုင်ပင် ကြဖို့ပါ။

နှစ်ဦးသားရင်ခုန်သံအကြောင်း ပြန်ပြောင်းပြောပါ

နယ်မြေကွာခြား နေရတဲ့ ချစ်သတို့ အနေနဲ့ ဟိုယခင် ချစ်ခဲ့စဉ်က ချစ်ရင်ခုန်သံ အကြောင်း တိုတိုလေးပဲ ဖြစ်ဖြစ်၊ ရယ်မောစရလိုလေးပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရှည်ရှည်လျာလျားပဲ ဖြစ်ဖြစ် ပြန်ပြောပြ၊ ရေးပြခြင်းက တဦးကို တဦးချစ်ခင်ယုံကြည်မှု ရစေပါတယ်။ နှစ်ဦးတည်းသာ သိထားတဲ့ အကြောင်းအရာလေးကို ပြန်ပြန်ပြောတာက တဦးရဲ့ စိတ်ဝင်စား ခံစားမှုနဲ့ လိုလားမှု မျှော်လင့်မှုကို ခိုင်မာစေပါသတဲ့။

ချစ်သူ လိုလားတဲ့ အတိုင်း ပြုမူနေထိုင်ပါ

ချစ်သူရဲ့ ရှေ့မှာရော နောက်မှာရော ချစ်သူ လိုလားတဲ့ အတိုင်း ပြုမူနေထိုင်ကြတာက နှစ်ဦးသားရဲ့ ချစ်ခြင်းကို ခိုင်မာစေသလို ယုံကြည်မှု ပိုလာစေပါတယ်။ ယုံကြည်မှုနဲ့ ချစ်ခြင်း ခိုင်မာတဲ့သူတွေရဲ့ အနာဂတ်ကို ချစ်သူတို့ နှစ်ဦး ကိုယ်တိုင် တည်ဆောက် အောင်မြင်နိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်

အေဘယ်လ်(ဧရာဝတီ)

No comments:

Post a Comment