Latest News

Wednesday, July 12, 2017

ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခြင်း

ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခြင်း

‘မယ်သီတာအခွေမှာ အောင်လနဲ့နှစ်ယောက်တွဲ သီချင်းတစ်ပုဒ်ဆိုခွင့်ရတော့ အမှတ်တရဖြစ်ရသလို ပျော်လည်းပျော်ပါတယ်’
သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကထဲ စတင်လျှောက်လှမ်းခဲ့သော်လည်း တေးသံရှင်တစ်ဦးအဖြစ်ပါ ပရိသတ်လက်ခံအားပေးမှု အများအပြား ရရှိထားသူတစ်ဦးမှာ သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းပင်ဖြစ်သည်။ တေးစီးရီးသစ် ထွက်ရှိလာတိုင်းတွင် ပရိသတ်အားပေးမှု ရရှိခဲ့သည့် တေးသံရှင် ၀ိုင်းစုခိုင်သိန်းက ‘မယ်သီတာ’ ဟု အမည်ပေးထားသည့် မီနီအယ်လ်ဘမ်ကို ဇူလိုင် ၁၆ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်သည်။ တေးသီချင်းရှစ်ပုဒ် ပါဝင်ထားသည့် အဆိုပါ တေးအယ်လ်ဘမ်တွင် ထူးခြားသည့် တေးသီချင်းပုံစံများ ထည့်သွင်းထားပြီး တေးသံရှင်အောင်လနှင့် စုံတွဲတေးသီချင်းတစ်ပုဒ်လည်း ထည့်သွင်းထားသည်။ နှစ်ကုန်ပိုင်းတွင် ရောက်ရှိမည့် ဒီဇင်ဘာ ၂၄ ရက် မွေးနေ့တွင်လည်း တစ်ကိုယ်တော် ဖျော်ဖြေပွဲကျင်းပရန် စီစဉ်ထားသူ သရုပ်ဆောင်တေးသံရှင် ၀ိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံဖြစ်သည့်အခိုက် ‘မယ်သီတာ’ တေးအယ်လ်ဘမ်အတွက် ကြိုးစားအားထုတ်ထားမှုများ၊ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေမှုများကို မေးမြန်းဖြစ်ခဲ့ပါသည်။
■ မေး - မယ်သီတာအခွေကို အချိန်ဘယ်လောက်ယူပြီး ဖန်တီးဖြစ်ခဲ့တယ်ဆိုတာလေး အရင်ပြောပြပေးပါဦး။
ဖြေ - ဒီအခွေက ၀ိုင်းစုတော်တော်လေး အားစိုက်ထုတ်ခဲ့ရသလို အောင်လလည်း အရမ်းပင်ပန်းခဲ့တယ်။ ၀ိုင်းစုဖြစ်ချင်တာတွေ အားလုံးကို သူက ဘေးကနေ အများကြီး လိုက်လုပ်ပေးရတယ်လေ။ ဒီအခွေလေးကို ၀ိုင်းစုပရိသတ်တွေကို သီချင်းအသစ်တွေ နားထောင်စေချင်တဲ့စိတ်နဲ့ ဖန်တီးဖြစ်ခဲ့တာပါ။ ပုံမှန်အားဖြင့်တော့ သီချင်းခွေသစ်ကို ပွင့်လင်းရာသီမှပဲ ထွက်လေ့ရှိပေမယ့် ဒီအခွေလေးကို စိုးရိမ်စိတ်တွေကြားထဲကပဲ မိုးရာသီမှာထွက်ဖို့ ဆုံးဖြတ်လိုက်တာ။ အဓိက,ကတော့ ၀ိုင်းစုမွေးနေ့ ဒီဇင်ဘာ ၂၄ မှာလည်း တစ်ကိုယ်တော်ပွဲလုပ်ဖို့ရှိတဲ့ အခါကျတော့ သီချင်းအသစ်လေးတွေလည်း ရှိချင်သလို ပါဖောမန့်စ်လုပ်လို့ရတဲ့ သီချင်းတွေလည်း ပိုများချင်တာကြောင့် ဒီအခွေလေးကို ထွက်ဖြစ်လိုက်တာပါ။
■ မေး - ဒီအခွေမှာ သီချင်းပုံစံတွေကရော ဘယ်လိုပုံစံတွေများမလဲ။
ဖြေ - ဒီအခွေမှာ ၀ိုင်းစုဆိုနေကျ သီချင်းပုံစံလေးတွေပါသလို သီချင်းအမြူးလေးတွေလည်း ပါတယ်။ ပါဖောမန့်စ်ကောင်းကောင်းလုပ်လို့ရမယ့် သီချင်းမျိုးလေးတွေလည်း ပါပါတယ်။ ဂီတပုံစံကတော့ Electro ပုံစံလေးတွေပါသလို Fusion လေးတွေလည်း ပါပါတယ်။ သီချင်းအကြောင်းအရာပိုင်းကတော့ အချစ်သီချင်းလေးတွေပါမှာ ဖြစ်သလို ပိုက်ဆံမရှိရင် အချစ်မရှိဘူးဆိုတဲ့ ကိုရွှေ (ရွှေဂျော်ဂျော်) ရေးတဲ့ သီချင်းလိုမျိုးလေးတွေလည်း ပါတယ်။ အကြောင်းအရာလေးတွေလည်း စုံပါတယ်။ ပရိသတ်တွေအတွက်တော့ ရသစုံခံစားရမှာပါ။
■ မေး - သီချင်းဖန်တီးမှုနဲ့ ပတ်သက်ရင်ရော တခြားအခွေတွေနဲ့ ဘယ်လိုကွာခြားမှုရှိလဲ။
ဖြေ - ဒီအခွေမှာကတော့ သီချင်းဖန်တီးမှုအပိုင်းမှာ တော်တော်လေးအားစိုက်ထားတယ်။ တချို့သီချင်းလေးတွေဆိုရင် သီချင်းတစ်ပုဒ်တည်းကို သီချင်းလေးငါးပုဒ်စာလောက် အကုန်ကျခံပြီး တီးထားတယ်။ အဓိက,ကတော့ ဂီတပုံစံ အသစ်လေးတွေ ဖန်တီးချင်တဲ့အတွက် အချိန်ကုန် ငွေကုန်ခံပြီး ကြိုးစားဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေ နားဆင်ကြည့်တဲ့အခါ ခံစားရမှာပါ။
■ မေး - အောင်လနဲ့ နှစ်ယောက်တွဲဆိုတဲ့ သီချင်းလေးက ဘယ်လိုအမှတ်တရတွေ ရှိခဲ့လဲ။
ဖြေ - အောင်လနဲ့က အရင်တစ်ခေါက်တုန်းက သူသီချင်းနှစ်ပုဒ် ရေးပေးဖူးတယ်။ ၀ိုင်းစု အဲဒီတုန်းက တစ်ပုဒ်ပဲ ဆိုခွင့်ရခဲ့ပြီး နောက်တစ်ပုဒ်ကို ဆိုခွင့်မရတဲ့အတွက် တခြားအဆိုတော်ကို ရောင်းခဲ့ရဖူးတယ်။ အခုလို သူနဲ့နှစ်ယောက်တွဲ ဆိုခွင့်ရလိမ့်မယ်လို့တောင် မျှော်လင့်မထားဘူးပေါ့နော်။ အခု ‘မယ်သီတာ’ အခွေမှာ အောင်လနဲ့ နှစ်ယောက်တွဲ သီချင်းတစ်ပုဒ်ဆိုခွင့်ရတော့ အမှတ်တရ ဖြစ်ရသလို ပျော်လည်းပျော်ပါတယ်။ သီချင်းနာမည်က ‘အနားမှာရှိရင်’ ဆိုတဲ့ သီချင်းပါ။ မင်းသာအနားမှာရှိရင် ဘယ်လိုအခက်အခဲပဲ ရှိပါစေ တစ်ယောက်လက်တစ်ယောက်တွဲပြီး ရင်ဆိုင်နိုင်တယ်ဆိုတဲ့ အကြောင်းအရာလေးပါ။
■ မေး - မယ်သီတာဆိုတဲ့ Title ပေးဖြစ်တာကရော။
ဖြေ - အဲဒါကတော့ တေးရေးဝေယံမင်းသူ ရေးပေးထားတဲ့ သီချင်းလေးပါ။ ၀ိုင်းစုက အခွေသစ်ထွက်တိုင်း နာမည်ဆန်းဆန်းလေးတွေ ပေးလေ့ရှိတော့ အခုတစ်ခေါက်လည်း နာမည်ဆန်းဆန်းလေး ပေးချင်တယ်။ အဲဒီမှာ ဝေယံမင်းသူက ‘မယ်သီတာ’ ဆိုတဲ့နာမည်လေးနဲ့ သီချင်းလေးရေးဖို့ရှိတယ်ဆိုတာ ပြောလာတော့ ၀ိုင်းစုလည်းသဘောကျသွားပြီး ‘မယ်သီတာ’ ဆိုတဲ့နာမည်လေးပဲ ယူဖြစ်သွားတာပါ။
■ မေး - အခွေအတွက် ပရိုမိုးရှင်းအစီအစဉ်ကိုရော ဘယ်လိုစီစဉ်ထားလဲ။
ဖြေ - ပရိုမိုးရှင်းကတော့ ဇူလိုင် ၁၆ ရက်မှာ ရန်ကုန်လှည်းတန်းစင်တာမှာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး လက်မှတ်ထိုးပေးမယ်။ မန္တလေးမှာလည်း ဇူလိုင် ၁၉ မှာ လုပ်ဖို့ချိတ်ထားပေမယ့် အရှေ့က ပရိုမိုးရှင်းပွဲတစ်ခုမှာ ပြဿနာတက်ထားတော့ သူတို့က ခွင့်ပြုမှပဲ ၀ိုင်းစုတို့ကလုပ်လို့ရမှာ။ ခွင့်ပြုတယ်ဆိုတာနဲ့ လုပ်ဖြစ်မှာပါ။ ရန်ကုန်ပရိသတ်တွေအားလုံးနဲ့လည်း ပျော်ပျော်ရွှင်ရွှင် တွေ့ချင်ပါတယ်။ ပျော်စရာ အစီအစဉ်တွေ အများကြီးလည်းပါမှာပါ။
■ မေး - တစ်ကိုယ်တော်ပွဲကရော သေချာသွားပြီလား။
ဖြေ - တစ်ကိုယ်တော်ပွဲက ၀ိုင်းစုမွေးနေ့ ဒီဇင်ဘာ ၂၄ ရက်မှာလုပ်ဖို့ သေချာသလောက် ဖြစ်နေပါပြီ။ အရင်နှစ်တွေကတည်းက မွေးနေ့မှာ တစ်ကိုယ်တော်ပွဲတွေ လုပ်ချင်ပေမယ့် တခြားပွဲတွေနဲ့ တိုက်နေတာကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်မှာတော့ ပရိသတ်တွေကို မေးကြည့်တဲ့အခါလည်း အဲဒီနေ့လေးမှာ ၀ိုင်းစုကို လက်ဆောင်တွေပေးချင်တယ်။ တွေ့ချင်တယ်လို့ ပြောကြတာကြောင့် အဲဒီနေ့မှာလုပ်ဖို့ စီစဉ်ထားပါတယ်။
■ မေး - တစ်ကိုယ်တော်ပွဲအတွက်ရော ဘာတွေပြင်ဆင်သွားမလဲ။
ဖြေ - အဓိက,ကတော့ သီချင်းတွေကို သေချာလေး ရွေးချယ်မယ်။ Theme လေးတွေ ခွဲခြားပြီး ဖျော်ဖြေနိုင်ဖို့ လုပ်သွားပါမယ်။ သီချင်းနဲ့လိုက်ဖက်တဲ့ ပါဖောမန့်စ်လေးတွေကို လုပ်နိုင်ဖို့အတွက်လည်း အခုကတည်းကစပြီး ပြင်ဆင်နေပါပြီ။ ဖျော်ဖြေရေးရသ အပြည့်အ၀ပေးနိုင်ဖို့ ပြင်ဆင်မှာဖြစ်သလို ၀ိုင်းစုပရိသတ်တွေအတွက် ကျေနပ်စေမယ့် အမှတ်တရမျိုးလေးတွေ ဖန်တီးပေးချင်တယ်။ ဒါကြောင့် အများကြီး ပြင်ဆင်သွားပါမယ်။
■ မေး - ၀ိုင်းစုအခုချိန်မှာ ကိုယ်ဖြစ်ချင်တာ၊ လုပ်ချင်တာလေးတွေကို ဖြည်းဖြည်းချင်း အကောင်အထည် ဖော်ခွင့်ရနေတယ်ဆိုတော့ ကျေနပ်စရာကောင်းတဲ့ အခြေအနေတစ်ခုလို့ ပြောလို့ရမလား။
ဖြေ - ဟုတ် ပြောလို့ရပါတယ်။ ၀ိုင်းစုအတွက် အခုဆိုရင် ချစ်ရတဲ့ပရိသတ်တွေကပေးတဲ့ ခွန်အားတွေလည်းရှိတယ်။ ၀ိုင်းစုဖန်တီးချင်တာတွေ၊ လုပ်ချင်တဲ့ အနုပညာဖန်တီးမှုတွေကို ဘေးကနေမိသားစုတွေ၊ ချစ်ခင်ရသူတွေက အများကြီးလည်း ပံ့ပိုးပေးကြတယ်။ ၀ိုင်းစုချစ်ခင်သူတွေနဲ့လည်းအတူ ဖြတ်သန်းခွင့်တွေရတယ်။ ကျေနပ်ပါတယ်။
■ မေး - ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်များ ရှိဦးမလား။
ဖြေ - ၀ိုင်းစု ‘မယ်သီတာ’ ဆိုတဲ့အခွေလေးမှာ အများကြီး ကြိုးစားထားပါတယ်။ သီချင်းတစ်ပုဒ်ချင်းစီတိုင်း အတွက်လည်း အပြည့်အ၀ အားစိုက်ထုတ်ထားတယ်။ ဒါကြောင့် ၀ိုင်းစုပရိသတ်တွေအတွက်လည်း ကျေနပ်စရာဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အခွေထွက်လာတဲ့အခါလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။
Writer:
လင်းလင်းခိုင်
Eleven Media Group

No comments:

Post a Comment