Latest News

Wednesday, July 12, 2017

ဇူလိုင် ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ အာဇာနည် ခေါင်းဆောင်များကို ဂါရဝပြုနိုင်

ဇူလိုင် ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ အာဇာနည် ခေါင်းဆောင်များကို ဂါရဝပြုနိုင်

ရန်ကုန်၊ ဇူလိုင် ၁၂

နှစ်(၇၀) ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်အတွင်းသို့ အများပြည်သူ လာရောက် ဂါရဝပြုနိုင်ရန် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အာဇာနည်ဗိမာန်သို့ ဝင်ရောက်ဂါရဝပြုမည့် ပြည်သူများ၏ လုံခြုံရေးကို ထိခိုက်စေနိုင်မည့် ပစ္စည်း တစ်စုံတစ်ရာ ယူဆောင်ခွင့် မပြုကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အာဇာနည်ဗိမာန် ဝင်ထွက်ရာ လမ်းကြောင်းနဲ့ ဂိတ်တွေမှာ လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှု လုပ်မယ်။ ပြည်သူတွေဘက်ကလည်း သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ ဝင်ရောက်ထွက်ခွာပြီး ကြည်ဖြူစွာ အစစ်ဆေးခံဖို့ ပူးပေါင်း ကူညီပေးကြပါ”ဟု ၎င်းကဆိုသည်။

အာဇာနည်ဗိမာန်သို့ ဝင်ရောက် ဂါရဝပြုမည့်သူများသည် ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း အမျိုးမျိုး၊ လက်ကိုင်အိတ် အမျိုးမျိုး၊ ကင်မရာ အမျိုးမျိုး လက်ကိုင်ဖုန်း အမျိုးမျိုး၊ ဗီနိုင်းစ အမျိုးမျိုး၊ ပုလင်း/ဘူး အမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်၊ သံပိုက်နှင့် ကော်ပိုက်တို့ကို ယူဆောင်ခွင့် မပြုကြောင်း နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီက ထုတ်ပြန်ကြေညာသည်။

အာဇာနည်ဗိမာန်သို့ လာရောက်ကြမည့် ပြည်သူများသည် အနောက် ရွှေဂုံတိုင်လမ်းမှတစ်ဆင့် အနောက် ရွှေဂုံတိုင်လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ် ၁ မှဝင်ရောက်၍ ဂိတ် ၂ မှတစ်ဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ် စောင်းတန်းသို့ ထွက်ခွာရမည်ဖြစ်သည်။

ယခုနှစ်တွင် အာဇာနည်ဗိမာန်အတွင်း အာဇာနည် ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဖြစ်ရပ်များကို Graphic Board များဖြင့် ပြသသွားမည်ဖြစ်သည်။
The Voice

No comments:

Post a Comment