Latest News

Monday, July 10, 2017

ရန်ကုန်မြို့တွင် အဆင့်မြင့် စက်မှုနည်းပညာသင်တန်းကျောင်း ဖွင့်လှစ်မည်

ရန်ကုန်မြို့တွင် အဆင့်မြင့် စက်မှုနည်းပညာသင်တန်းကျောင်း
ဖွင့်လှစ်မည်

ရန်ကုန် ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်း (ယခင်အခြေခံပညာဦးစီးဌာနရုံးစိုက်သည့်နေရာ)တွင် အဆင့်မြင့်စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်း ကျောင်း(School of  Industrial Training and Education- SITE)ကို ၂ဝ၁၈ ခုနှစ် ဇွန်လအတွင်း ဖွင့်လှစ် နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

အဆိုပါကျောင်းကို ပညာရေးဝန်ကြီးဌာန နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Sea Lion and its Global Partners ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သဘောတူလက်မှတ်ရေးထိုးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းတည်ရှိရာ နေရာ၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အဆိုပါကျောင်း၌ အလိုအလျောက်စက်မှုကုန်ထုတ် စနစ်နှင့် သက်ဆိုင်သောနည်းပညာများ၊ ကွန်ပျူတာ ကိန်းဂဏန်းထိန်းချုပ်စနစ်သုံး သတ္တုခုတ်ဖြတ်ပုံဖော်ပုံသွင်း နည်းပညာများ၊ ရေနှင့်မိလ္လာစနစ်စီမံခန့်ခွဲခြင်း နည်းပညာများ၊ နေရောင်ခြည်နှင့်လေအားသုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာများ၊  သစ်အခြေခံအချောထည်နှင့် ပရိဘောဂထုတ်လုပ်ရေးစက်မှုနည်းပညာများအတွက် လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံသည့် လေ့ကျင့်သင်ကြား ရေးသင်တန်းများကို ဂျာမနီနိုင်ငံနှင့်သြစတြီးယားနိုင်ငံတို့၌ လေ့ကျင့်သင်ကြားပို့ချသည့်စနစ်များနှင့် စက်ပစ္စည်းများ အသုံးပြုကာ သင်တန်းသားသင်တန်းသူများအား လက်တွေ့ကျွမ်းကျင်တက်မြောက်ပြီး လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် နိုင်ရန် ရည်ရွယ်ထားပြီး ကျောင်းသား ကျောင်းသူ ၁၂ဝ မှ ၂၄ဝ  အထိ တိုးချဲ့လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံနည်းပညာသင်တန်းများကို လေးလကြာ သင်တန်းများအဖြစ်စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆင့်မြင့် နည်းပညာသင်တန်းများသို့ ဆက်လက်တက်ရောက်လို သူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်တန်း ကာလလေးလကြာ  ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သည်။

အခြေခံနှင့်အဆင့်မြင့် နည်းပညာရပ်သင်တန်းများကို ကျွမ်းကျင်စွာ တတ်မြောက်ပြီးပါက သင်တန်းဆင်း လက်မှတ်များ ပေးအပ်မည်ဖြစ်ပြီး ကျွမ်းကျင်မှုအရည် အချင်းစစ်စာမေးပွဲထပ်မံဖြေဆို၍   အောင်မြင်သူများ အနေဖြင့် Festo မှ နိုင်ငံတကာအဆင့် သင်တန်းဆင်းလက် မှတ်များ ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

(ဇာနည်မောင်)
The Mirror Daily

No comments:

Post a Comment