Latest News

Monday, July 10, 2017

ညောင်တုန်းမြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ပြီးစီးနေပြီဖြစ်၍ ဧရာဝတီမြစ်ရေ မြင့်တက်လာသော်လည်း မြို့နေလူထု စိုးရိမ်ပူပန်ရန်မလို

ညောင်တုန်းမြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ပြီးစီးနေပြီဖြစ်၍
ဧရာဝတီမြစ်ရေ မြင့်တက်လာသော်လည်း မြို့နေလူထု စိုးရိမ်ပူပန်ရန်မလို

ညောင်တုန်း  ဇူလိုင်  ၉

ယခုနှစ် ဖေဖော်ဝါရီလက ဆိုးဆိုးရွားရွား ကွဲအက်နိမ့်ကျ ပြိုကျခဲ့သော ညောင်တုန်းမြို့မြစ် (၂၁)လမ်း မြစ်ကမ်းနှင့် အခြားစိုးရိမ်ရသော ရေကာတာမြစ်ကမ်းများ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အချိန်မီလုပ်ငန်းများ ပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် လုပ်ငန်းများပြီးစီးနေပြီဖြစ်သဖြင့်  ဧရာဝတီမြစ်ရေတက်လာချိန်၊ မိုးများလာချိန်တွင်  အဆင်ပြေကြောင်း သိရှိရသည်။

ယခုအခါ  ဧရာဝတီမြစ်ရေမှာ  မြင့်တက်လာပြီဖြစ်သည့်အပြင် မိုးပါများလာချိန်ဖြစ်သောကြောင့်   လုပ်ငန်းများအချိန်မီ မပြီးစီးပါက ညောင်တုန်းမြစ်ကမ်း မှာ အထူးစိုးရိမ်ရသော အခြေအနေဖြစ်သဖြင့်  မြို့လူထုမှာ စိုးရိမ်ပူပန်မှုများရှိခဲ့ရာ လုပ်ငန်းများအချိန်မီ ရာနှုန်းပြည့်ပြီးစီးသွားသဖြင့် စိတ်အေးရသော အခြေအနေဖြစ်ကြောင်း သိရသည်။

ဆိုးဆိုးရွားရွားကွဲအက်နိမ့် ကျခဲ့သော ညောင်တုန်းမြို့ (၂၁) လမ်းမြစ်ကမ်းတွင်  ဘိုးပိုင် အခြေပြုကျောက်စီမြေထိန်းနံရံ အလျား ပေ ၂၅ဝ၊ မျောတိုင်တန်း အခြေထိန်း ရေကာတန်း အလျား ပေ ၂၅ဝ၊ ညောင်တုန်းမြို့ (၂၄) လမ်းမှ(၂၇)လမ်းအထိ မြစ်ကမ်း တွင် ဘိုးပိုင်အခြေပြုကျောက်စီ မြေထိန်းနံရံ အလျား ပေ ၃၃ဝ နှင့် မျောတိုင်တန်းအခြေထိန်း ရေကာတန်းများတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က  ညောင်တုန်းမြစ်ကမ်းကာကွယ်ထိန်းသိမ်းရေးအတွက် ခွင့်ပြုရန်ပုံငွေ သိန်း ၉ဝဝဝ ကျခံ သုံးစွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ   ဧရာဝတီမြစ်ရေ မြင့်တက်လာသော်လည်း ဘိုးပိုင် အခြေပြု  ကျောက်စီမြေထိန်း နံရံ  အခိုင်အမာတည်ဆောက် ထားနိုင်ပြီဖြစ်သည့်အတွက် စိုးရိမ်စရာမရှိကြောင်း သိရသည်။

ညောင်တုန်းမြစ်ကမ်းမှာ ၁၉၈၇-၁၉၈၈ ခုနှစ်မှ စတင်၍  မြစ်ကမ်းပြိုမှု  အန္တရာယ်ကို ကြုံတွေ့ခဲ့မှုကြောင့်  ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို  နှစ်စဉ် ငွေကြေးမြောက်မြားစွာ အကုန်အကျခံ ဆောင်ရွက်ခဲ့ရသော်လည်း နှစ်စဉ်ပင်စိုးရိမ် ပူပန်မှုများဖြင့်  ရင်ဆိုင်ခဲ့ရကြောင်း၊  မိုးရာသီ ရောက်ချိန် တိုင်းတွင်  ပိုမို၍ ငွေအား လူအားများဖြင့်  ကာကွယ်ရေး လုပ်ငန်းများကို  ဆောင်ရွက် ခဲ့ကြရကြောင်း၊ လွန်ခဲ့သော နှစ်က ပိုမို၍စိုးရိမ်ခဲ့ရကြောင်း သိရသည်။

ယခုအခါ ဧရာဝတီမြစ်ရေမှာ သိသိသာသာ  မြင့်တက်လျက်ရှိ သော်လည်း   ယခုနှစ်စိုးရိမ်ရ သော (၂၁)လမ်းနှင့်(၂၄)လမ်းမှ (၂၇)လမ်းအထိ   မြစ်ကမ်း တစ်လျှောက်တွင်   ဘိုးပိုင် အခြေပြုကျောက်စီ  မြေထိန်း နံရံများ၊ မျောတိုင်တန်းအခြေ ထိန်းရေကာတန်းများ အချိန်မီ တည်ဆောက်ပြီးစီးသဖြင့် စိတ်ချ ရသောအခြေအနေဖြစ်ပြီး ရေတက်လာချိန်တွင်  အဆင်ပြေလျက်ရှိသဖြင့်   ဘိုးပိုင်အခြေပြု  ကျောက်စီမြေထိန်း နံရံများ တည်ဆောက်ရန် ကျန်ရှိ နေသေးသော မြစ်ကမ်းနေရာ များတွင်လည်း    လာမည့်နွေရာသီတွင် ဆက်လက်တည် ဆောက်ပေးရန် ဒေသခံများက လိုလားလျက်ရှိကြကြောင်း သိရသည်။

နေလင်း(ညောင်တုန်း)
The Mirror Daily

No comments:

Post a Comment