သရော်စာဟူသည် နိုင်ငံတော်အား အကျိုးယုတ်စေသည့် အရာမဖြစ်သင့်ကြောင်း စစ်တပ်အရာရှိပြောကြား
ရန်ကုန်-- စစ်တပ်မှ ရိုက်ကူး ပြသခဲ့သည့် ရုပ်ရှင်ဇာတ်လမ်းကို လှောင်ပြောင်သရော်သည့် သဘောသက်ရောက်စေသောစာအား ဖော်ပြခဲ့မှုဖြင့် The Voice Daily သတင်းစာ အယ်ဒီတာချုပ်အား တရားစွဲဆိုခြင်း အကြောင်းအရင်းအား တရားလိုဖြစ်သူ စစ်တပ်အရာရှိက ဇူလိုင် ၁၁ ရက်တွင် တရားခွင်တွင် ရှင်းလင်းပြောကြားခဲ့သည်။
ဗဟန်းမြို.နယ်တရားရုံးတွင် ပြုလုပ်ခဲ့သော ၅ ကြိမ်မြောက် တရားရုံးကြားနာမှုတွင် တရားရုံးချိန်းသို့ ရောက်ရှိလာသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက သရော်စာတွင် အစိုးရနှင့် တရားဝင်အဖွဲ့အစည်းများကို ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ မပါဝင်သင့်သည်ဟု ယူဆကြောင်းပြောဆိုခဲ့သည်။
“သရော်စာဟူသည် ပြည်ထောင်စုနိုင်ငံတော်အားလည်းကောင်း၊ အစိုးရအားလည်းကောင်း၊ အခြားအဖွဲ.အစည်းတစ်ခုခုအားလည်းကောင်း အကျိုးမယုတ်လျော့စေသောအချက်အလက်များဖြင့် ပြည်သူအများနားလည်သိရှိစေရန် ရေးသားထားသောအရာဖြစ်သည်ဟု မိမိထင်မြင်မိပါသည်ဟု” ကိုကျော်မင်းဆွေကို တရားလိုပြုလုပ်သည့် ဒုတိယဗိုလ်မှုးကြီးလင်းထွန်းက ထွက်ဆိုခဲ့သည်။
အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ရာတွင် အစိုးရစစ်တပ်က တိုက်ခိုက်အောင်မြင်ခဲ့သည့် တိုက်ပွဲတစ်ခုအကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားသည့် “ပြည်ထောင်စုသစ္စာ” ရုပ်သံဇာတ်လမ်းကို အပိုင်းသုံးပိုင်းခွဲကာ စစ်တပ်ပိုင် မြ၀တီရုပ်မြင်သံကြားက မတ်လအတွင်း ထုတ်လွှင့်ခဲ့ပြီး ရက်ပိုင်းအကြာတွင် “ကျည်ထောင်စု သစ္စာ” ဟု အမည်ပေး ထားသည့် အဆိုပါ သရော်စာအား The Voice Daily သတင်းစာနှင့် အဆိုပါသတင်းစာ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
အဆိုပါ သရော်စာပိုင်ရှင် ဗြိတိသျှကိုကိုမောင်က အောက်ခြေစစ်သားအချင်းချင်း အားရပါးရတိုက်ခိုက်ပြီးချိန်တွင် ၎င်းတို့၏ခေါင်းဆောင်များမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ကာ ယမကာအတူသောက်ပြီး ဓာတ်ပုံများအရိုက်ခံကြကြောင်း၊ ရှေ.ခေတ် စစ်သူကြီးမဟာဗန္ဓုလကဲ့သို့ မည်သည့် စစ်ခေါင်းဆောင်မှ ဗုံးဆံ၊ သေနတ်ကျည်ဆံများအကြား ရှေ.တန်းစစ်မျက်နှာပြင်သို့ သွားရောက်ကွပ်ကဲသည် မဟုတ်ကြောင်း သရော်ရေးသားထားခြင်းဖြစ်သည်။
အဆိုပါ သရော်စာတွင် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ အမည်မဖော်ပြခဲ့သော်လည်း စစ်တပ်ဘက်မှ အမှုဖွင့်ပြီးနောက် ရေးသားသူနှင့် အယ်ဒီတာဦးကျော်မင်းဆွေတို့ကို ရဲများက ဖမ်းဆီးသွားခဲ့သည်။
အစပိုင်းတွင် ၎င်းတို့နှစ်ဦးစလုံးအား ဆက်သွယ်ဥပဒေပါ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခဲ့သည်။
အဆိုပါ သရော်စာဖော်ပြမှုသည် အယ်ဒီတာ ဦးကျော်မင်းဆွေတွင်သာ တာဝန်ရှိကြောင်း ဥပဒေအရာရှိများက ဆုံးဖြတ်ပြီးနောက် စာရေးသူ ဗြိတိသျှကိုကိုမောင်အား ပြစ်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သော ယင်းအမှုမှ ပယ်ဖျက်လိုက်သည်။
ဇူလိုင် ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်နာရီ ကြာမြင့်ခဲ့သည့် တရားရုံးချိန်းတွင် ဦးကျော်မင်းဆွေသည် ဗဟန်းမြို့နယ်တရားရုံးအတွင်း သစ်သားခုံတန်းလျားတစ်ခုပေါ်တွင် ၎င်း၏ဖခင်၊ ဇနီးတို့နှင့်အတူ တိတ်ဆိတ်စွာ ထိုင်နေသည်ကို တွေ့ခဲ့ရသည်။
ဦးကျော်မင်းဆွေ၏ ရှေ့နေ ဦးမျိုးသိန်းက တရားခွင်တွင် တရားလိုအား မေးခွန်းများစွာ မေးမြန်းခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသားများ အချင်းချင်း ရက်စက်စွာတိုက်ခိုက်မှုကို ပြသခဲ့သည့် ရုပ်သံဇာတ်လမ်းသည် နိုင်ငံတော်က ဦးတည်နေသော ငြိမ်းချမ်းရေးရရှိရန် အကြောင်းတရားကို မည်သို့အထောက်အကူပြုနေသနည်းဟု ရှေ.နေဦးမျိုးသိန်းက ဒုဗိုလ်မှုးကြီးလင်းထွန်းကို မေးခွန်းထုတ်ခဲ့သည်။
အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ တရားလိုက “ဒီရုပ်သံဇာတ်လမ်းက ဖြစ်ရပ်မှန်စစ်ပွဲကို အခြေခံရိုက်ကူးထားတာပါ။ တကယ့်စစ်မြေပြင်ပေါ်မှာ စစ်တိုက်တယ်ဆိုတာ ငယ်စဉ်က ကလေးတွေလို စစ်တိုက်တမ်းကစားတာမဟုတ်ပါဘူး။ ပြည်ထောင်စု ဆိုတဲ့ စကားရပ်ဟာ နိုင်ငံတော် သမ္မတရုံးအပါဝင် အခြားဌာနဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း သုံးစွဲနေပါတယ်ဟု” ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ယင်းသရော်စာသည် စစ်တပ်အရာရှိများနှင့် အောက်ခြေစစ်သားများအကြောင်း မညီညွတ်မှုကို ဖြစ်စေနိုင်ကြောင်းလည်း သူကဆိုသည်။
အဆိုပါ ရုံးချိန်တွင် ဦးကျော်မင်းဆွေအား အာမခံပေးရန် တရားသူကြီးက ထပ်မံငြင်းဆိုခဲ့ပြီး ရုံးချိန်းအား ဇူလိုင် ၁၄ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်။
ဆက်သွယ်ရေးဥပဒေပါ ၆၆ ဃ ပုဒ်မဖြင့် သတင်းစာဆရာအချို. နှင့် လူအများအပြား ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်းသွားပြီဖြစ်ကြောင်း ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
ထို့ကြောင့်မကြာသေးမီရက်ပိုင်းအတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်မူကြမ်းကို လွှတ်တော်သို့ ပေးပို့ခဲ့သည်။ ထိုမူကြမ်းတွင် ၆၆ ဃ ပုဒ်မသည် အာမခံပေးရမည့် ပုဒ်မဟု ပြင်ဆင်ထားသော်လည်း မူလပြဌာန်းချက်တွင်ပါသည့် ပြစ်ဒဏ် ၃ နှစ်အား ပြောင်းလဲခြင်းမရှိခြင်း၊ ရဲအရေးပိုင်အမှုဖြင့် ဆက်လက်ဖော်ပြထားခြင်းကြောင့် ပြင်ဆင်ချက်ဥပဒေမူကြမ်းသည် လုံလောက်မှုမရှိသော ပြင်ဆင်ချက်ဟု ဝေဖန်မှုများရှိနေသည်။
ဆွေဝင်း/Myanmar Now
Subscribe to:
Post Comments (Atom)
No comments:
Post a Comment