Latest News

Wednesday, July 12, 2017

မစ္စယန်ဟီးလီ စစ်တွေမြို့မိမြို့ဖတွေနဲ့ တွေ့ဆုံ

မစ္စယန်ဟီးလီ စစ်တွေမြို့မိမြို့ဖတွေနဲ့ တွေ့ဆုံ

ရခိုင်ပြည်နယ်အတွင်းမှာ ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူတွေကို အစိုးရအနေနဲ့ သေချာစိစစ်ပြီး လုပ်ပေးစေချင်တယ်လို့ စစ်တွေမြို့ မြို့မိမြို့ဖတွေက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ တွေ့ဆုံရာမှာ တိုက်တွန်းလိုက်ပါတယ်။

ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှာ မစ္စယန်ဟီးလီနဲ့ တွေ့ဆုံစဉ် တိုက်တွန်းပြောကြား လိုက်ကြတာဖြစ်တယ်လို့ အဲဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ ဦးကျော်သိန်းက ပြောပါတယ်။

 "၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ အမှန်တစ်ကယ်ဖြစ်သင့်တဲ့သူကိုဖြစ်ပေးဖို့၊ မဖြစ်သင့်တဲ့သူတွေကို မပေးဖို့ အဲဒါလေးဆွေးနွေးကြပါတယ်၊ ဘင်္ဂါလီတွေကလေ ဗမာဆိုပြီးတော့ လုပ်စားတာတွေရှိတယ် နိုင်ငံသားကဒ်ပြားရအောင်ယူတယ် အစိုးရနဲ့လုပ်စားတယ် မြို့မိမြို့ဖထည့်ပေးဖို့ အဲဒါလေးတွေလည်း ပြောခဲ့ကြပါတယ်"

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ မတူညီတဲ့လူမျိုးနှစ်ခု အတူပေါင်းစည်းနေထိုင်နိုင်ဖို့အတွက် ဘယ်လိုဖြစ် သင့်သလဲဆိုတာကို မစ္စယန်ဟီးလီဖက်က အကြံတောင်းရာမှာ အချိန်အတိုင်း အတာတစ်ခုတော့ ယူရလိမ့်မယ်လို့ တင်ပြခဲ့ကြောင်း ပြောပါတယ်။

လူမျိုးနှစ်ခုစလုံးမှာ အစွန်းရောက်သူတွေ အနည်းငယ်ရှိနေကြသေးသလို လက်ရှိမှာ ဘူးသီးတောင်နဲ့ မောင်တောဒေသတွေဖက်မှာ အကြမ်းဖက်လုပ်ရပ်တွေရှိနေသေးတာကြောင့် ရခိုင်တိုင်းရင်းသားတွေ က မနေရဲကြတဲ့အကြောင်း တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ကို တည်ငြိမ်အေးချမ်းဖို့ အရင်ဆုံးလုပ်ဆောင်ဖို့လိုသလို တည်ငြိမ်အေးချမ်းလာမှသာ တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်နိုင်မှာဖြစ်တဲ့အကြောင်း တင်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ မစ္စယန်ဟီးလီဟာ ကျောက်ဖြူမြို့ကနေ စစ်တွေမြို့ကို မြန်မာ့လေကြောင်းနဲ့ ရောက်ရှိလာရာမှာ ဒေသခံ ၁၀၀ ကျော်လောက်က စစ်တွေလေဆိပ်အနီးမှာ ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေးအခြေအနေကို မစ္စယန်ဟီးလီက အစီရင်ခံစာတင်သွင်းရာမှာ မွတ်ဆလင်တွေရဲ့ အခွင့်အရေးကိုသာ အဓိကပြောဆိုတင်ပြလေ့ရှိပြီး ရခိုင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မျက်ကွယ်ပြုထားတာကြောင့် ကန့်ကွက်ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြသူတွေ ကပြောပါတယ်။

မစ္စယန်ဟီးလီဟာ ဘူးသီးတောင်မြို့ကို ရေယာဉ်နဲ့ထွက်ခွာသွားပြီး ဒီနေ့ မောင်တောမြို့မှာ ညအိပ်ရပ်နားမယ်လို့သိရပါတယ်။

Photo: Min Thein Aung/ RFA

No comments:

Post a Comment