Latest News

Sunday, July 9, 2017

အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၂၁) - ဇော်သက်ထွေး

အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၂၁) - ဇော်သက်ထွေး


စိန်ဝင်းကို ဘယ်သူလက်သပ်မွေးထားတာလဲ

တကယ်တော့ ဆေးရုံကြီးစိန်ဝင်းက ရန်ကုန်ဆေးရုံကြီးဝင်းထဲကနေ အရေးအခင်းလူသတ်မှုနဲ့ ထောင်ကျလာတာ ဖြစ်ပါတယ်။ ဆေးရုံကြီးအုပ်စုက ပြောရရင် အမျိုးတွေချည်းပဲ။ စိန်ဝင်းတို့ ထောင်ထဲ ရောက်လာတော့လည်း ညီအစ်ကိုတွေ၊ တူတွေ၊ ဦးလေးတွေ တစ်အုပ်ကြီး ပါလာတယ်။ သူ့အမျိုးတွေထဲမှာ မာသီးတို့၊ မရမ်းပြားတို့၊ ကိုင်ဇာတို့ ပါတာပေါ့။ ဒီတော့ အင်းစိန်မှာ အင်အားတောင့်တဲ့ အုပ်စုကြီးတစ်စုလို ဖြစ်နေတယ်။ ဒီအုပ်စုကြီးရဲ့ ခေါင်းဆောင်ကတော့ ဆေးရုံကြီးစိန်ဝင်းပဲ။ စိန်ဝင်းက ပါးရည်နပ်ရည်ရှိတယ်။ ထောင်ထဲမှာလည်း ထောင်အာဏာပိုင်တွေ အကျိုးရှိအောင် လုပ်ကိုင်ပေးတယ်။ ရှင်းရှင်းပြောရရင် ပေါင်းပြီးစားတာပေါ့။ ထောင်ပိုင်နဲ့ပိုင်တော့ အမျိုးတွေကို ထောင်ရဲ့နေရာကောင်းတွေမှာ ရအောင် လုပ်ထားပေးတယ်။ ၀င်ငွေကောင်းတဲ့ မိန်းဂျေးလ်လိုနေရာကနေ မိလ္လာဘုတ်ကိုင်အထိ သူ့အမျိုးတွေ နေရာယူထားကြတယ်။ ဒါကြောင့် စိန်ဝင်းတို့အုပ်စုဆိုရင် အခြားအကျဉ်းသားတွေက ကြောက်တယ်၊ ရှောင်ကြတယ်။ ထောင်ထဲမှာ အာဏာပိုင်တွေအလန့်ဆုံးက နိုင်ငံရေးပြစ်မှုနဲ့ကျတဲ့ အကျဉ်းသားတွေပဲ။ သူတို့တွေ ထောင်ထဲမှာ နိုင်ငံရေးလှုပ်ရှားမှုလုပ်မှာ ဆန္ဒပြမှာ အရမ်းကြောက်တယ်။ ဒီတော့ နိုင်ငံရေး အကျဉ်းသားတွေနေတဲ့ တိုက်တွေ၊  အဆောင်တွေမှာ ထောင်အာဏာပိုင်တွေက  သတင်းပေးတွေကို မွေးထားတယ်။ နေ့စဉ် ဘာတွေလုပ်သလဲဆိုတာကို စောင့်ကြည့်ခိုင်းထားတယ်။ စိန်ဝင်းတို့က ဒီတာဝန်ကို အပြည့်အ၀ယူတယ်။ ဒီတော့ ချွန်တယ်၊ တက်တယ်ဆိုပြီး နာမည်ကြီးတယ်။

တစ်ခါကတော့ စိန်ဝင်းက လူတစ်ယောက်ကို ချွန်လိုက်တာ ကံကောင်းလို့ အသက်သေတော့မလို့။ သူချွန်လိုက်တဲ့သူက ကောက်ချိတ်လို့ ခေါ်တယ်။ နာမည်ကသာ ကောက်ချိတ် လူက ခပ်ဖြောင့်ဖြောင့်ပါ။ ရာဇ၀င်လူဆိုးလည်း မဟုတ်ဘူး။ ထောင်ထဲကို ၀င်လိုက် ထွက်လိုက် လုပ်နေတဲ့သူ။ ကောက်ချိတ်က ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ပါဘူး။ ဒါပေမဲ့ လောင်းကစားတော့ အရမ်းဝါသနာပါတယ်။ တစ်နေ့တော့ (၃)ဆောင်မှာ လောင်းကစားလုပ်နေရင်း ချွန်လိုက်လို့ ၀န်ထမ်းနဲ့ မိသွားတယ်။ ဒီတော့ ထုံးစံအတိုင်း ဒေါက်ခတ်၊ ခြေကျင်းခတ်ပြီး စစ်ခွေးတိုက် ပို့တာပေါ့။ ကောက်ချိတ်က ပြစ်ဒဏ်နဲ့ စစ်ခွေးတိုက်သာ ရောက်သွားတာ သူ့ကို ဘယ်သူချွန်လို့ ချွန်မှန်းမသိဘူး။ နောက်တော့မှ စိန်ဝင်းချွန်လို့ သူခံလိုက်ရတာကို သိသွားတယ်။ စစ်ခွေးတိုက်မှာ ပြစ်ဒဏ်စေ့လို့ အဆောင်ပြန်ရောက်တော့ ကောက်ချိတ်က စိန်ဝင်းကို ပေါ်တင်ပဲ ဗြောင်မေးတယ်။

“ခင်ဗျား ကျုပ်ကို ချွန်လိုက်တာလား”
စိန်ဝင်းက ခြေကျင်းဖြုတ်မပေးသေးတဲ့ ကောက်ချိတ်ကိုကြည့်ပြီး ခပ်ရင့်ရင့်ပဲပြန်ဖြေလိုက်တယ်။  သူ့အနေအထားက အဆောင်မှာ တပည့်လက်သား မြောက်မြားစွာနဲ့ ကြီးကျယ်ခမ်းနားနေတာ၊ ကောက်ချိတ်လောက် တန်းကိုတော့ လုံးဝမမှုဘူး။

“အေး ... ဟုတ်တယ်”

“ဘာလို့အဲဒီလိုလုပ်တာလဲ”

“မင်းကိုကြည့်မရလို့ကွာ ရှင်းလား”

ကောက်ချိတ် ထောင်းခနဲ ဒေါသထွက်သွားပေမယ့် သူ့အခြေအနေက စိန်ဝင်းကို ဖြိုနိုင်တဲ့ အခြေအနေမဟုတ်မှန်း သဘောပေါက်တယ်။ ဒီတော့ ပါးပါးနပ်နပ်ပဲ နောက်ဆုတ်သွားတယ်။

“ဒါဆိုလည်း ပြီးတာပဲဗျာ”

ကောက်ချိတ်က ဘာမှမဖြစ်သလို စိန်ဝင်းနဲ့သူ့လူတွေကို ခင်ခင်မင်မင်နေတော့ စိန်ဝင်းတို့လည်း တစ်ချက်ပေါ့သွားတယ်။ တစ်ညမှာတော့ ဝေလီဝေလင်း မနက်သုံးနာရီလောက်မှာ ကောက်ချိတ်က ဘာယာကို မိလ္လာသွားဖို့ ခွင့်တောင်းတယ်။ ခွင့်ပြုလိုက်တဲ့ အချိန်မှာ အိပ်နေတဲ့စိန်ဝင်း နှပ်နေတဲ့နေရာသွားပြီး သူ့ခြေကျင်းကို ခတ်ထားတဲ့ ဒေါက်နဲ့ လည်ပင်းကို ဖိထားလိုက်တယ်။ စိန်ဝင်းအသက်ရှူရပ်ပြီး ဘာမှကို ပြန်မအော်နိုင်ဘူး။ ဒီအချိန်မှာ ကောက်ချိတ်က ၀ှက်ကိုင်ထားတဲ့ သံချွန်နှစ်ခုနဲ့ စိန်ဝင်းကို စိမ်ပြေနပြေ ထိုးတယ်။ ဘေးနားကလူတွေ နိုးလာပြီး တစ်ခန်းလုံး အော်သံဟစ်သံတွေ ဆူညံသွားတယ်။ အော်သံတွေကြောင့် တာဝန်ကျတဲ့ ၀န်ထမ်းတွေ၊ ၀ါဒါတွေ တံခါးဖွင့်ဝင်လာတယ်။ ပြီးတော့ ကောက်ချိတ်ကို ၀ိုင်းချုပ်လိုက်ကြတယ်။ တစ်ခန်းလုံးကတော့ သွေးအလိမ်းလိမ်းနဲ့ စိန်ဝင်းသေသွားပြီလို့ တွက်ထားကြတယ်။ ဒါပေမဲ့ စိန်ဝင်းက လည်ပင်းကို ဒေါက်နဲ့ဖိထားလို့ သတိလစ်ရုံသာ လစ်နေတာ။ သတိလည်လာတော့ ဘာမှမဖြစ်ဘူး။ အားလုံးက အံ့သြတကြီး ကြည့်နေတဲ့အချိန်မှာ စိန်ဝင်းက သူ့အင်္ကျီကို ချွတ်ပြလိုက်တယ်။ သူ့အင်္ကျီအောက်မှာက ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးကို သားရေပြားနဲ့ ခံထားတယ်။ ဒါကြောင့် ကောက်ချိတ် သံချွန်နဲ့ထိုးသမျှ လူကိုမထိဘဲ သားရေပြားကိုသာထိနေတာ။ ဆေးရုံကြီးစိန်ဝင်းက ထောင်ထဲမှာ လက်တံရှည်တော့ သူ့အသက်အန္တရာယ်အတွက် အကာအကွယ်တွေ လုပ်ထားတယ်။ အင်းစိန်ထောင်မှာက အလုပ်ကြီးဘုတ်ဆိုတာရှိတယ်။ အလုပ်ကြီးဘုတ်မှာ ယက်ကန်းဌာန၊ စက်ပြင်ဌာန၊ လက်သမားဌာန၊ ဖိနပ်ချုပ်ဌာန စသည်ဖြင့်ရှိတယ်။ စိန်ဝင်းက ဖိနပ်ချုပ်ဌာနက ဘုတ်ကိုင် တစ်ယောက်နဲ့ ပေါင်းပြီး သူ့ခန္ဓာ ကိုယ်ကို ကာကွယ်ဖို့ သားရေပြားညှပ်ပြီး ယူထားတာ။ ဒီတစ်ကွက်မှာတော့ ကောက်ချိတ် ခံသွားရတယ်။

နောက်တစ်နေ့ကစပြီး အင်းစိန်ထောင်မှာ စိန်ဝင်းရဲ့ လေမုန်တိုင်း တိုက်တာကို ခံရတော့တာပဲ။

“စိန်ဝင်းကို လျှော့တွက်ရင် မှားမှာပေါ့” တို့၊ “ဆေးရုံကြီးထွက်ကွ” တို့၊ “သူကြီးကိုပိုင်လို့ ဂေါ်လီလုပ်တာ” တို့ လေတစ်လုံး မိုးတစ်လုံး ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ ထောင်မှာက ပြဿနာဖြစ်ရင် “ဘုန်းကြီးစားတယ်” လို့ ပြောလေ့ရှိတဲ့အတိုင်း နှစ်ဖက်လုံးကို အပြစ်ပေးလေ့ရှိတယ်။ ကောက်ချိတ်က စိန်ဝင်းကို သတ်ဖို့ကြိုးစားတာကြောင့် ဒေါက်နှစ်ချောင်းခတ်ပြီး တခြားအဆောင်ကို ပို့လိုက်သလို စိန်ဝင်းကိုလည်း သူ့ဆရာ ထောင်ပိုင်က စစ်ခွေးတိုက်တန်းစီးအဖြစ် ပို့လိုက်တယ်။ ပြစ်ဒဏ်နဲ့ပို့တယ်လို့ အားလုံးက ထင်ကြပေမယ့် အမှန်တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ ဆရာတပည့်နှစ်ယောက် အကွက်ရိုက်ထားပြီးသား။ ဘာလို့လဲဆိုတော့ စစ်ခွေးတိုက်မှာ လူငယ်ကျောင်းသားအများစုပါတဲ့ နိုင်ကျဉ်းတွေရှိတယ်။ ဒီလူတွေ ဘာလုပ်သလဲ၊ ဘာတွေစီစဉ်နေသလဲဆိုတာကို အနီးကပ်ကြည့်ဖို့ စိန်ဝင်းကို ထည့်လိုက်တာဖြစ်ပါတယ်။ စိန်ဝင်းဆရာ ထောင်ပိုင်က တကယ်တော့ အကျဉ်းဦးစီးဌာနရဲ့ သန္ဓေထောင်ပေါက် မဟုတ်ဘူး။ တပ်ကနေ အထူးအရာရှိအဖြစ်နဲ့ ပြောင်းလာပြီးတော့ ထောင်ပိုင်တက်လုပ်နေတာ။ ဒီတော့ နိုင်ငံရေးသမားတွေဆိုရင် နှိပ်ကွပ်ချင်တာ မထူးဆန်းပါဘူး။ ဒီထောင်ပိုင်နဲ့ ပတ်သက်ပြီး ဥပမာတစ်ခုကို ပြောပြရရင် ၁၉၉၀ ကာလတစ်ဝိုက်က NLD ပါတီဝင်တွေကို အမျိုးမျိုး အပြစ်ရှာပြီး ထောင်ထဲထည့်နေတဲ့အချိန်။ NLD ရဲ့ လူကြီးပိုင်းက ဟံသာဝတီဦးဝင်းတင်နဲ့ သူရဦးငွေလှိုင်တို့ ထောင်ထဲရောက်လာတယ်။ သူတို့နှစ်ယောက်လုံးက စစ်ကိုနိုင်ကို အကြောင်းပြုပြီး မြောက်ဥက္ကလာဆေးရုံက ဆရာဝန်ကြီး ဒေါက်တာဌေးကြွယ်နဲ့အတူ အဖမ်းခံရတာဖြစ်ပါတယ်။ အဘဦးဝင်းတင်နဲ့ အဘဦးငွေလှိုင်ကို ခပ်ပေါ့ပေါ့သဘောထားပြီး ထောင်က (၅) ဆောင် (၂) ခန်းမှာ နေရာချထားလိုက်တယ်။ တစ်ရက်မှာ အကျဉ်းဦးစီးဌာန ညွှန်ချုပ် လာစစ်ဆေးတော့ ဦးဝင်းတင်ကို တွေ့သွားတယ်။ ညွှန်ချုပ်က ဒီလိုလူကြီးတွေကို အဆောင်မှာ မထားရဘူးလို့ ပြောသွားတော့ ထောင်ပိုင်က ဦးဝင်းတင်ကိုပဲ တိုက်ထဲပို့လိုက်တယ်။ သူရဦးငွေလှိုင်ကို ကြည့်မရတော့ မသိချင်ယောင်ဆောင်ပြီး အဆောင်မှာပဲ ဆက်ထားလိုက်တယ်။ အဲဒီမှာ ပြဿနာတက်ပါလေရော။

ဖြစ်ပုံက အင်းစိန်ထောင်မှာ အကျဉ်းသားတွေကို အရင်က “ရှေ့ကြည့်” ဆိုတာပဲရှိတယ်။ အထူးအရာရှိကနေ ထောင်ပိုင်ဖြစ်လာတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်ချင်တော့ “ပုံစံ” ဆိုတာကို ချပေးလိုက်တယ်။ “ပုံစံ” ဆိုတာကတော့ ထောင်မှူးအဆင့်ကနေ ထောင်ပိုင်အထိလာရင် တင်ပလ္လင်ခွေထိုင်၊ လက်ဆန့်တန်းပြီး ခေါင်းကို အောက်ငုံ့ထားရတာ ဖြစ်ပါတယ်။ တစ်ရက်တော့ (၅) ဆောင်ကို ထောင်ပိုင်တန်းစီလှည့်လာတဲ့အချိန်မှာ တပ်ကြပ်တစ်ယောက်က “ပုံစံ” ဆိုပြီး အော်လိုက်တယ်။ အားလုံး ခေါင်းငုံ့နေရတဲ့အချိန်မှာ သူရဦးငွေလှိုင်က ခေါင်းမငုံ့ဘူး။ ဦးငွေလှိုင်ကိုခေါ်ပြီး ဘာလို့ ခေါင်းမငုံ့တာလဲလို့မေးတော့ ခပ်အေးအေးပဲ ပြန်ဖြေတယ်။

“ဟကောင်ရ ... နယ်ချဲ့တွေကိုတောင် ခေါင်းမငုံ့ချင်လို့ အသေတိုက်လာတာ။ ဗမာဗမာချင်း ငါက ဘာလို့ ခေါင်းငုံ့ရမှာလဲကွ”

ဦးငွေလှိုင်စကားကြောင့် ထောင်ပိုင်လည်း မွှန်ထူသွားတယ်။ သူ့တပည့်ထောင်မှူးတွေကို ဦးငွေလှိုင် ခေါင်းငုံ့ပြီး ပုံစံထိုင်ဖို့ မဖြစ်မနေလုပ်ရမယ်လို့ မှာသွားတယ်။ ဒီမှာတင် တပည့်ကျော်တွေကလည်း တပ်မတော်မှာ အစဉ်အလာရှိပြီး “သူရဘွဲ့” ရခဲ့တဲ့ သမိုင်းဝင် ပုဂ္ဂိုလ်ကို ဂန်းပိုက်တွေနဲ့ရိုက်၊ တုတ်တွေနဲ့ရိုက်ပြီး ဇွတ်ပုံစံထိုင်း ခိုင်းတယ်။ ဦးငွေလှိုင်က လုံးဝ ပုံစံမထိုင်ဘူး။ သွေးအလိမ်းလိမ်းကြားထဲမှာ အံကြိတ်ခံခဲ့တယ်။ အဲဒီအချိန်က လူ့တန်ဖိုးကိုမသိ၊ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ချင်တဲ့စိတ် ငယ်ထိပ်ရောက်နေတဲ့သူက ထောင်မှာ အကြီးဆုံးအာဏာပိုင် ဖြစ်နေတော့ စိန်ဝင်းတို့ မြောက်ကြွ မြောက်ကြွ ဖြစ်နေတာ ဘာမှမဆန်းပါဘူး။
အခုလည်း စိန်ဝင်းကို စစ်ခွေးတိုက်မှာ “သတင်းပေး” အဖြစ် မွေးလိုက်တယ်။ စိန်ဝင်းက စစ်ခွေးတိုက် ရောက်လာတဲ့အချိန်မှာ ချိုချိုသာသာ မျက်နှာပေးနဲ့ နိုင်ငံရေးသမားအားလုံးကို ပေါင်းတယ်။ သူ့ကိုယ်သူလည်း ၈၈ ဒီမိုကရေစီ အရေးအခင်းမှာ ဆေးရုံကြီးကနေ ပါဝင်သပိတ်မှောက်ခဲ့တဲ့ အရေးတော်ပုံ တပ်သားကြီးအဖြစ် မွှန်းတယ်။ ပြီးတော့မှ နိုင်ငံရေးသမားတွေကို စည်းရုံးတယ်။ တစ်ဖက်မှာတော့ နိုင်ငံရေးသမားတွေရဲ့ လှုပ်ရှားမှုတွေကို ထောင်ပိုင်ဆီ နေ့စဉ်သတင်းပို့တယ်။ ဒီအခြေအနေကို နိုင်ကျဉ်းတွေကလည်း မရိပ်မိသေးဘူး။

ဖြစ်ချင်တော့ တခြားကိစ္စနဲ့ သွားငြိကြတယ်။ စိန်ဝင်းက ချွန်ရုံ၊ တက်ရုံသာမက ကလိမ်ကကျစ်ပါ လုပ်လာတယ်။ စစ်ခွေးတိုက်ကို တစ်ပတ်တစ်ကြိမ် အသားစားပေးတဲ့နေ့မှာ ဖိုကြီးက ၀က်သားတုံးကိုသာမက ၀က်ဆီကိုပါပေးတယ်။ စိန်ဝင်းက ၀က်ဆီကို ဖြတ်ခုတ်ထားပြီး တိုက်ကလူတွေကို အသားတုံးပဲပေးတယ်။ ထောင်မှာက ၀က်ဆီဆိုတာ ရွှေပဲ။ ၀က်ဆီကို အ၀တ်စမှာ ဆွတ်ပြီး လောင်စာလုပ်လို့ရတယ်။ ပုံစံ ဒန်ပန်းကန်ပြားတွေတွေကို ဒယ်အိုးလိုပြန်ထုထားပြီး အိမ်ကပို့လိုက်တဲ့ အကြော်အလှော် ဟင်းတွေကို ပြန်နွေးရင် အဲ့ဒီလောင်စာက မရှိမဖြစ်ပဲ။ သူရဲ့ အားကောင်းချက်က လုံးဝမီးခိုးမထွက်ဘူး။ စိန်ဝင်းက ၀က်ဆီကိုသာမက ၀က်သားတုံးတွေကိုလည်း အဆောင်မှာ အတုံးကြီးနဲ့ အတုံးသေးလဲပြီးမှ နိုင်ကျဉ်းတွေအတွက် ပေးတာတွေ လုပ်လာတယ်။ ဒါကို ၅(ည) တစ်ယောက်ဖြစ်တဲ့ ပျံလွှားက လုံးဝမကျေနပ်ဘူး။ ပျံလွှားဆိုတာကလည်း ပေါ့သေးသေးမဟုတ်ဘူး။

၈၈ အရေးအခင်းမှာ မိုးကောင်းဘုရားထဲ ဆန္ဒပြနေတုန်း လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ ကျည်ဆန်က သူ့လည်ပင်းကို ဖောက်သွားတယ်။ အဲဒီအချိန်က ဆေးရုံပို့ရင်လည်း အဖမ်းခံရနိုင်တာကြောင့် (လက်ရှိ NLD တာဝန်ရှိသူ) ဆရာဝန်ကြီးတစ်ဦးက ချင်းချောင်းရိပ်သာထဲမှာ တိတ်တဆိတ် ကုသပေးခဲ့ရတယ်။ ပျံလွှား အသက်မသေပေမယ့် အသံအိုးကွဲသွားတယ်။ ဒါကြောင့် စကားပြောတဲ့အခါ မပီတာတွေ၊ ထစ်တာတွေ ဖြစ်လာတယ်။ နောက်တော့ တခြားနိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ကျလာရင်း စစ်ခွေးတိုက်မှာနေရတာပါ။ စိန်ဝင်းရဲ့ လုပ်ပေါက်ကြောင့် နောက်ဆုံး ပျံလွှားနဲ့ထိပ်တိုက်တွေ့တယ်။ ပျံလွှားက ပြောမရတဲ့အဆုံး ထောင်ပိုင်တန်းစီမှာ တင်ပြမယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ စိန်ဝင်းက နဂိုဗီဇပေါ်လာတယ်။

“ကြိုက်သလို ရှင်းလို့ရတယ်၊ ဘယ်ကိုတင်တင် ဘယ်ကိုတိုင်တိုင် ဂရုမစိုက်ဘူး” လို့ပြောတော့ ပျံလွှားလည်း အကြီးအကျယ် ပေါက်သွားတယ်။ လာမယ့်ထောင်ပိုင်တန်းစီမှာ တင်ပြဖို့လည်း စီစဉ်လိုက်တယ်။ ထောင်ပိုင်တန်းစီမလာခင် တစ်ရက်မှာ ရေချိုးချိန်ပေးတော့ ပျံလွှားနဲ့ တစ်ခန်းတည်းနေတဲ့ ညီညီလှိုင်က ဘေးခန်းမှာ စကားပြောနေတဲ့အချိန်၊ ဇော်သန်းထွဋ်က တိုက်ခန်းရှေ့ကို တံမြက်စည်းလှည်းနေတဲ့အချိန် အခန်းထဲကို စိန်ဝင်းက ရုတ်တရက် ပြေးတက်သွားတယ်။ အခန်းထဲမှာ ပျံလွှားက နောက်ကျောပေးပြီး ဆေးဖို့ကြောဖို့ ခွက်တွေ၊ ပန်းကန်တွေယူနေတဲ့ အချိန်မှာ စိန်ဝင်း ရိပ်ခနဲ တက်သွားတာကို မြင်လိုက်တဲ့ သားကြီး (ခ) သော်ထွန်းဦးက အားလုံးကို လှမ်းသတိပေးလိုက်တယ်။

“စိန်ဝင်း မင်းတို့အခန်းပေါ် တက်သွားတယ်နော်”

သားကြီး စကားဆုံးဆုံးချင်း ညီညီလှိုင်နဲ့ ဇော်သန်းထွဋ်က စိုးရိမ်တကြီးနဲ့ တိုက်ခန်းပေါ်ပြေးသွားတယ်။ အထဲမှာ စိန်ဝင်းက သံချွန်ကို လက်ကိုင်ပ၀ါနဲ့ပတ်ပြီး ပျံလွှားကို ထိုးမလို့လုပ်နေတယ်။ ပျံလွှားက မသိဘူး။ တိုက်ခန်းထဲကို ညီညီလှိုင်တို့ဝင်လာတော့ သုံးယောက်တစ်ယောက်ဖြစ်ပြီး အခြေအနေ မဟန်မှန်းသိတော့ စိန်ဝင်းက အချိုသပ်လိုက်ပြီး တိုက်ခန်းအပြင်ကို အမြန်ထွက်တယ်။ လက်ထဲက ချွတ်ကို တောင်ယာထဲပစ်ပြီး လက်စဖျောက်လိုက်တယ်။ အခန်းထဲကို ဘာလို့လာတာလဲမေးတော့ အချိုမှုန့်လာတောင်းတာလို့ ဖြေတယ်။

စိန်ဝင်းလုပ်ရပ်ကို စစ်ခွေးတိုက်မှာရှိနေတဲ့ ၅ (ည) တွေက မကျေနပ်ဘူး။ ထောင်ပိုင်ကို အားလုံး ၀ိုင်းတိုင်ပြီး စိန်ဝင်းကိုရွှေ့ဖို့ စီစဉ်ကြတယ်။ ဒါပေမဲ့ စိန်ဝင်းက တစ်ကွက်ဦးသွားတယ်။ နောက်တစ်နေ့မှာပဲ ညီညီလှိုင်နဲ့ ပျံလွှားကို ထောင်ပိုင်ကြီးရုံးခန်းက ဆိုပြီးလာခေါ်တယ်။ ရုံးခန်းရောက်တော့ ထောင်ပိုင်ရှေ့မှာ စိန်ဝင် ထိုင်နေတယ်။ ထောင်ပိုင်က ညီညီလှိုင်တို့ကိုကြည့်ပြီး “သူတို့နှစ်ယောက်လား”လို့ စိန်ဝင်းကိုမေးတယ်။ စိန်ဝင်းက “ဟုတ်ပါတယ်၊ မနက်ဖြန်မှာ သူတို့ ထောင်ဆူပူမှု စလုပ်ပါလိမ့်မယ်” ဆိုပြီးပြောတယ်။ စိန်ဝင်းစကားကြောင့် ပျံလွှားက အရမ်းဒေါကန်သွားတယ်။ ဒါပေမဲ့ စိတ်ဆိုးလွန်းလို့ စကားတွေက ဗလုံးဗထွေးဖြစ်နေတယ်။ ညီညီလှိုင်က အခြေအနေကိုဝင်ထိန်းပြီး ပျံလွှားကို စိန်ဝင်းက သံချွန်နဲ့ထိုးဖို့ စီစဉ်တဲ့အကြောင်း သံချွန်ကို တောင်ယာထဲမှာရှာရင် တွေ့မှာဖြစ်ကြောင်း ရှင်းတော့မှ ထောင်ပိုင်လည်း ငြိမ်သွားတယ်။ နောက်ဆုံးတော့ ဘုန်းကြီးစားတာပါပဲ။ ပျံလွှားနဲ့ညီညီလှိုင်ကို ထောင်ဝင်စာပိတ်ပြီး တွဲဖက်ထောင်ပို့ဖို့ အမိန့်ချမှတ်လိုက်ပြီး စိန်ဝင်းကိုတော့ ပြစ်ဒဏ်နဲ့ ဆေးရုံမှာ ပြောင်းရွှေ့လေဘာချလိုက်တယ်။ ဆေးရုံကို ရွှေ့လိုက်တာဟာ စိန်ဝင်းကို စူဠလိပ် ရေထဲလွှတ်လိုက်သလိုပါပဲ။ စိန်ဝင်းကလည်း နိုင်ငံရေးအကျဉ်းသားတွေကြောင့် ကျဆင်းသွားတဲ့ သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်ချင်နေတယ်။ ဒီတော့ ဇာတ်လမ်းလိုက်ရှာတဲ့အခါမှာ ဆေးရုံရောက်နေတဲ့ ကျော်သူကို သွားတွေ့တယ်။
တကယ်တော့ ဆေးရုံကြီးစိန်ဝင်းနဲ့ မြွေဖြူလေး (ခ) ကျော်သူရဲ့ကြားမှာ ဘာရန်ငြိုးရန်စမှမရှိဘူး။ ဒါပေမဲ့ ကျော်သူလိုလူမျိုးကို လုပ်လိုက်ရင် သူ့ရဲ့ဂုဏ်သိက္ခာ ပြန်တက်မယ်လို့ ယူဆပြီး စိန်ဝင်းက သတ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ သူ့အစီအစဉ်ကတော့....။
(ဆက်လက်ဖော်ပြပါမည်)
ဇော်သက်ထွေး
Tomorrow News Journal

No comments:

Post a Comment