Latest News

Sunday, July 9, 2017

ရခိုင်ပြည်နယ် အတွင်း စစ်အုပ်ချုပ်ရေး ကြေညာရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မဖြစ်နိုင်ဟု ဦးဝင်းထိန် ဆို

ရခိုင်ပြည်နယ် အတွင်း စစ်အုပ်ချုပ်ရေး ကြေညာရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မဖြစ်နိုင်ဟု ဦးဝင်းထိန် ဆို

ရခိုင်ပြည်နယ် အတွင်း နယ်မြေ မငြိမ်မသက်မှုများ ရှိသော်လည်း စစ်အုပ်ချုပ်ရေး ကြေညာလောက်သည် အထိ အခြေအနေ မဆိုးသေး သောကြောင့် စစ်အုပ်ချုပ်ရေး ကြေညာရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မဖြစ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ဇူလိုင် ၈ ရက်တွင် ပြောဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဦးဆောင်သော နိုင်ငံရေး ပါတီ ၁၄ ခုက ရခိုင်ပြည်နယ် အတွင်း နယ်မြေ မတည်ငြိမ်မှုကို ထောက်ရှုပြီး ဒေသ အချို့ကို နိုင်ငံတော် သမ္မတ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၃ ပုဒ်မခွဲ (ခ) အတိုင်း စစ်အုပ်ချုပ်ရေး ကြေညာပေးရန် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က တောင်းဆိုခဲ့ခြင်း အပေါ် ဦးဝင်းထိန်က ယင်းသို့ တုံ့ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''အဲဒီလူတွေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေချာ မဖတ်ဘူး ထင်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖတ်ရင် ဥပဒေ အရ ဒီလိုလုပ်လို့ မရဘူး ဆိုတာ သူတို့ သိသင့်တာ ပေါ့။ သူတို့ကတော့ လုပ်နေမှာပဲ'' ဟု ဦးဝင်းထိန် က ပြောဆိုသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄ဝ၃ ပုဒ်မခွဲ (ခ) တွင်  နိုင်ငံတော် သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ ယင်း စစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အား အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လည်းကောင်း၊  ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လည်းကောင်း သတ်မှတ်ပေးရမည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ယင်း လုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက် အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်း ပြုနိုင်သည် ဟု ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် သမားများ အန္တရာယ်ကြောင့် တရားဥပဒေ စိုးမိုးရေး အခြေအနေကို ခြိမ်းခြောက် ခံနေရသည်မှာ မှန်သော်လည်း အရပ်သား အုပ်ချုပ်မှုကို ဖျက်သိမ်းကာ စစ်အုပ်ချုပ်ရေး ကျင့်သုံး လောက်သည် အထိ အခြေအနေ မဆိုးသေးကြောင်း တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့် က သုံးသပ်သည်။

''စစ်အုပ်ချုပ်ရေး ကြေညာတယ် ဆိုတာက လက်ရှိ ရွေးကောက် ခံထားတဲ့ ကိစ္စတွေ၊ အုပ်ချုပ်ရေးတွေကို ရပ်ဆိုင်း လိုက်တာပေါ့။ အားလုံးက တပ်အောက်ကို ရောက်သွားတာပေါ့။ အရေးပေါ် အခြေအနေကို မရောက်သေးဘူး။ အရပ်ဘက် အုပ်ချုပ်ရေးကို ဖျက်သိမ်း လောက်အောင် အဲဒီလောက်ကြီး အခြေအနေ မဆိုးသေးဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက
ပေးအပ် ထားတာက အဲဒီလို အခြေအနေ ရောက်မှ စစ်အုပ်ချုပ်ရေးကို ကြေညာရမှာ။ အဲဒီလိုဆိုရင် အမတ်တွေရဲ့ လုပ်ပိုင်ခွင့်တွေ၊ အရပ်ဘက် အုပ်ချုပ်ရေး တွေရဲ့ လုပ်ပိုင်ခွင့်တွေ မရှိတော့ဘူး'' ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ် အတွင်း ၂ဝ၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကို အကြောင်းပြုကာ အကြမ်းဖက် အဖွဲ့အစည်းများ ပေါက်ဖွားလာခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များ အတွင်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာတွင် အကြမ်းဖက်မှုများ စတင် ဖြစ်ပေါ်ခဲ့သည်။

ထိုအချိန်မှစ၍  ယနေ့ အချိန်အထိ အရပ်သား ၃၈ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ဇွန်လကုန်ပိုင်းက ထုတ်ပြန်ထားသည်။

မြန်မာတိုင်း(မ်)

Thet Paing Shein

No comments:

Post a Comment