Latest News

Thursday, July 6, 2017

မြောက်ကိုရီးယားအား ပိတ်ဆို့အရေးယူမှု ထပ်မံပြုလုပ်ရန် အမေရိကန် ဦးဆောင်ကြိုးပမ်း

မြောက်ကိုရီးယားအား ပိတ်ဆို့အရေးယူမှု ထပ်မံပြုလုပ်ရန် အမေရိကန် ဦးဆောင်ကြိုးပမ်း

မြောက်ကိုရီးယားအား ပို၍ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန်အတွက် အမေရိကန်က ဇူလိုင် ၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တွန်းအားပေးခဲ့ပြီး အထီးကျန်ပြုံယမ်းအစိုးရ၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးစမ်းသပ်မှုသည် သံတမန်ရေးရာလမ်းကြောင်းကို အလွန်အမင်း ကျဉ်းမြောင်းသွားစေခဲ့ကြောင်း အမေရိကန်က သတိပေးခဲ့သည်။

ဇူလိုင် ၄ ရက်တွင် မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးစမ်းသပ်မှုသည် ကမ္ဘာကြီးအား ပိုမိုအန္တရာယ်ကြီးမားစေခဲ့ပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်သော ပြုံယမ်း၏ခြိမ်းခြောက်မှုအား ဖြေရှင်းရန်အတွက် လိုအပ်လျှင် ၀ါရှင်တန်က အင်အားအသုံးပြုသွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက သတိပေးခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ်ခဲ့သော ယင်းဒုံးပစ်လွှတ်စမ်းသပ်မှုသည် အမေရိကန်ပြည်မကြီးအား နျူကလီးယား တိုက်ခိုက်မှုဖြင့် ခြိမ်းခြောက်နိုင်သည့်စွမ်းရည် ရရှိရန် ပြုံယမ်းက ဆယ်စုနှစ်နှင့်ချီ ကြိုးပမ်းလာခဲ့မှုတွင် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အတွက်လည်း သိသာသော ပြည်ပမူဝါဒရေးရာ စိန်ခေါ်မှု ဖြစ်စေခဲ့သည်။

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံး မပိုင်ဆိုင်စေရဟု ထရန့်က ပြောကြားထားသော်လည်း ကျွမ်းကျင်သူများက မြောက်ကိုရီးယား၏ဒုံးသည် အလက်စကာ သို့မဟုတ် ယင်းထက်ပို၍ အမေရိကန်ကုန်းမြေသို့ ရောက်ရှိနိုင်ကြောင်း သတိပေးခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးပစ်လွှတ်ခဲ့အပြီး နောက်တစ်ရက်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတပ်များကလည်း ဂျပန်ပင်လယ်ထဲသို့ ဒုံးများပစ်လွှတ်ပြခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းအား တိတိကျကျ ပစ်ခတ် တိုက်ခိုက်နိုင်ကြောင်း ပြသခဲ့သည်။ ၀ါရှင်တန်တွင် အတော်အတန် ကြီးမားသော စစ်အင်အားရှိပြီး အသုံးပြုရန် လိုအပ်လျှင် အသုံးပြုသွားမည်ဟု ဟာလေးက ပြောကြားခဲ့သည်။

သို့သော် အမေရိကန်အာရုံစိုက်နေသည်မှာ မြောက်ကိုရီးယားအား ပို၍ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်ဖြစ်ပြီး ဆုံးဖြတ်ချက်မူကြမ်းအား ရက်ပိုင်းအတွင်း တင်သွင်းသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက ၂၀၀၆ ခုနှစ်တွင် ပထမဆုံးအကြိမ် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့အပြီး ကုလသမဂ္ဂက ပိတ်ဆို့အရေးယူသည့် ဆုံးဖြတ်ချက် ခြောက်ကြိမ်ပြုလုပ်ခဲ့သော်လည်း ပြုံယမ်း၏ စစ်ဘက်အဆင့်မြှင့်မှုများအား မဟန့်တားနိုင်ခဲ့ပေ။

ထပ်မံချမှတ်မည့် ပိတ်ဆို့အရေးယူမှုသစ်များတွင် မြောက်ကိုရီးယားနှင့် ကုန်သွယ်မှု ဆက်လက်ပြုလုပ်နေသော နိုင်ငံများအား ပစ်မှတ်ထားခြင်း၊ ပြုံယမ်းသို့ ရေနံတင်ပို့မှုများအား ထိန်းချုပ်ဟန့်တားခြင်း၊ ဝေဟင်နှင့် ရေကြောင်းသွားလာမှုများအား ကန့်သတ်ခြင်း၊ မြောက်ကိုရီးယား တာဝန်ရှိသူများအား ခရီးသွားလာမှု ပိတ်ပင်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း သိရသည်။

အမေရိကန်၏ ယင်းဆုံးဖြတ်ချက်အား ပြင်သစ်က ထောက်ခံခဲ့သော်လည်း ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုတိယသံအမတ်ကြီး ဗလာဒီမာဆဖရွန်ကော့ဗ်က ပိတ်ဆို့အရေးယူမှုများသည် ပြဿနာအား ဖြေရှင်းနိုင်မည် မဟုတ်ဟု ချက်ချင်းကန့်ကွက်ခဲ့သည်။ တရုတ်သံအမတ်ကြီး လျူကျဲယီကလည်း ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန်အတွက် မြောက်ကိုရီးယားက ဒုံးနှင့်နျူကလီးယား စမ်းသပ်မှုများအား ရပ်ဆိုင်းပြီး အပြန်အလှန်အားဖြင့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုများအား ရပ်ဆိုင်းပေးရန် အချက်အား အခြေပြုသော အဆိုပြုချက်ကို ထပ်မံတွန်းအားပေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment