Latest News

Saturday, July 1, 2017

အိုဘားမားသည် ငယ်စဉ်က နေထိုင်ခဲ့သည့် ဂျကာတာမှ နေအိမ်သို့သွားရောက်

အိုဘားမားသည် ငယ်စဉ်က နေထိုင်ခဲ့သည့် ဂျကာတာမှ နေအိမ်သို့သွားရောက်

အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားသည် ဇွန် ၃၀ ရက်တွင် ၎င်းကလေးဘ၀က နေထိုင်ခဲ့သော ဂျကာတာသို့ သွားရောက်ခဲ့ကြောင်းသိရသည်။ အိုဘားမားသည် ၁၀ ရက်ကြာ မိသားစုအားလပ်ရက် ခရီးစဉ်အပြီးတွင် ဂျကာတာ၌ အင်ဒိုနီးရှား သမ္မတနှင့်လည်းတွေ့ဆုံခဲ့သည်။
   
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် အိုဘားမားကို ဂျကာတာမြို့အစွန်းတွင်ရှိသော သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည်။ အိုဘားမားသည် အင်ဒိုနီးရှားဘာသာဖြင့် နေကောင်းလားဟု အဓိပ္ပာယ်ရသော ‘apakabar’ ဟုနှုတ်ဆက်ခဲ့သဖြင့် ပြည်တွင်းမီဒီယာများကို ၀မ်းသာကျေနပ်စေခဲ့ကြောင်း သိရသည်။
   
အိုဘားမားတို့မိသားစုသည် လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်က အပန်းဖြေကျွန်းဘာလီသို့ ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် ဂျာဗားအလယ်ပိုင်းရှိ သမိုင်းဝင်ရှေးဟောင်းမြို့ ယော်ယာကာတာသို့သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် မြို့တော်ဂျကာတာသို့ ရောက်ရှိလာခြင်းဖြစ်သည်။
   
သမ္မတ၀ီဒိုဒိုကမူ သမ္မတအိမ်တော်ကပ်ရပ်တွင် တည်ရှိသည့် ရုက္ခဗေဒဥယျာဉ်ထဲမှ ကော်ဖီဆိုင်တစ်ဆိုင်သို့ ခေါ်သွားခဲ့သည်။ အိုဘားမားသည် ထိုဆိုင်တွင် ရိုးရာမုန့်များနှင့် အသားလုံးစွပ်ပြုတ်တစ်ပန်းကန်ကို စားခဲ့ကြောင်း သိရသည်။
   
အိုဘားမား၏မိခင်သည် ဖခင်ဖြစ်သူ ကင်ညာနိုင်ငံသားနှင့် အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ပြီးနောက် အင်ဒိုနီးရှားအမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ထို့နောက်ပိုင်း ၁၉၆၀ ပြည့်လွန်နှစ်က အိုဘားမားသည် ထိုစဉ်ကပျင်းရိငြီးငွေ့ဖွယ်ရာကောင်းသော မြို့တော်ဂျကာတာတွင် လေးနှစ်ကြာ နေထိုင်ခဲ့ရသည်။
   
အိုဘားမားသည် ငယ်စဉ်ကထိုကဲ့သို့ အင်ဒိုနီးရှားယဉ်ကျေးမှုနှင့် ထိတွေ့ခဲ့သူတစ်ဦးဖြစ်သဖြင့် အင်ဒိုနီးရှားအများအပြားသည် အိုဘားမားအပေါ်တွင် ခိုင်မာသည့် ရင်းနှီးသော ခံစားချက်ရှိကြသည်။ အိုဘားမားတက်ခဲ့သော စာသင်ကျောင်းတွင်လည်း ခြောက်ပေ (နှစ်မီတာ) မြင့်သော အိုဘားမား ကြေးရုပ်တုတစ်ခုကို ထားရှိထားသည်။ ဘောင်းဘီတိုနှင့် တီရှပ်ဝတ်ဆင်ထားပြီး လိပ်ပြာဖမ်းတံတစ်ခုကိုင်ထားသော လူငယ်အိုဘားမားသဏ္ဍာန် ထုလုပ်ထားသည့် ထိုရုပ်တုကြီးကို အိုဘားမားအား အင်ဒိုနီးရှား ကျောင်းနေဘက်များက ခေါ်ဆိုကြသည့် Little Barry ဟုအမည်ပေးထားကြောင်း သိရသည်။
   
အိုဘားမားသည် ကမ္ဘာပေါ်တွင် မွတ်စလင်အများဆုံး နေထိုင်သည့်နိုင်ငံဖြစ်သော အင်ဒိုနီးရှားခရီးစဉ်ကို ၎င်း၏ဇနီး၊ ဆယ်ကျော်သက်သမီး နှစ်ဦးနှင့်အတူ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အိုဘားမားသည် ၎င်း၏အပူပိုင်းအားလပ်ရက်ကို အဆုံးမသတ်မီ ဇူလိုင် ၁ ရက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် သည်းခံခြင်းတရားတို့ အကြောင်းကို မိန့်ခွန်းတစ်ခုပြောကြားမည်ဖြစ်သည်။


Eleven Media Group

No comments:

Post a Comment