Latest News

Wednesday, July 19, 2017

ဗိုလ်ချုပ်ပြောကြားခဲ့တဲ့ နိုင်ငံရေးနဲ့ ဘာသာရေး အကြောင်း

ဗိုလ်ချုပ်ပြောကြားခဲ့တဲ့ နိုင်ငံရေးနဲ့ ဘာသာရေး အကြောင်း

ယခင်က နိုင်ငံရေးဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ်သုံးစွဲခွင့်မရခဲ့ပေမယ့် အခုအချိန်အခါ မှာ တွင်တွင်ကျယ်ကျယ်သုံးနေ ကြပါတယ်။ အချို့ကလည်း နိုင်ငံ ရေးဆိုတာ ငါတို့နဲ့မဆိုင်ဘူး၊ ဘယ်အစိုးရတက်တက် ကိုယ် လုပ်မှ ကိုယ်စားရမယ်လို့ ပြောကြပါတယ်။ အချို့ကလည်း နိုင်ငံရေးဆိုတဲ့ စကားကို မကြားနိုင်ကြပြန် ဘူး။ နိုင်ငံရေးဆိုတာ နက်နဲရှုပ် ထွေးတယ်၊ အဆင်မသင့်ရင် ထောင်ကျနိုင်တယ်လို့လည်း ပြောနေကြပါတယ်။ အချို့ကျပြန် တော့ နိုင်ငံရေးနဲ့ ဘာသာရေးရောထွေးပြီး ပြောကြပြန်တယ်။ နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးသင့်ဘူး၊ ရောထွေးလို့ မဖြစ်ဘူးဆိုပြီး အမျိုးမျိုးပြောနေကြပြန်ပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ ဘာသာရေး ဘယ်လိုကွာခြားတယ်ဆိုတာကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်းက အခုလို ပြော ကြားခဲ့ပါတယ်။

ဗိုလ်ချုပ်က ကမ္ဘာကြီးတစ်ခု လုံးသည် ရုန်းရင်းဆန်ခတ်နေရာ မလပ်အောင် လှုပ်ရှားပြောင်းလဲ လျက်ရှိနေပေ၏။ အမျိုးသားရေး၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဆက် သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကြီးပွားရေး၊ ယဉ်ကျေးရေး၊ ဘာ သာရေး၊ အကျင့်ကောင်းရစေရေး စသော ထိုထိုသောအရေးတို့သည် စင်စစ်မှာ ဤရောထွေးယှက်သန်း လျက်ရှိသော ကမ္ဘာ့ပြဿနာကြီး ၏ အစိတ်အပိုင်းများသာ ဖြစ်သည့် အားလျော်စွာ ခေတ်ကာလနှင့် လိုက်၍ အစဉ်တစိုက် သဘော သဏ္ဌာန်ပြောင်းလဲလျက် ရှိကြပေသည်။ သို့သော် ပြောင်းလဲလျက်ရှိ သောကြောင့် ကျွန်ုပ်တို့သည် ဤအရေး၊ ဤကိစ္စများကို အသီးသီးအသက အသက တစ်ခုနှင့်တစ်ခု မဆိုင်ဘိသကဲ့သို့ စဉ်းစားခြင်းငှာ မဖြစ်နိုင်တော့ချေ။ ဤအရေး ဤကိစ္စဥဿုံအလုံးစုံကို ဆင်ခြင်စဉ်းစားသောအခါ၌လည်း ကျွန်ုပ်တို့သည် ခေတ်မမီသော အတွေးအဆ၊ ခေတ်နောက်ကျကျန်ရစ်ခဲ့သော ဥပဒေသတို့ကို လှေနံဓားထစ်လိုက်နာခြင်းငှာ မဖြစ်နိုင်တော့ချေ။ ကျွန်ုပ်တို့နိုင်ငံတွင် ယခုအချိန်အခါ၌ ခေတ်ပြောင်းခေတ်လွဲရှိကြောင်း အငြင်းမထွက်ဘဲလျက် သဲသဲမဲမဲရှေးက အတွေးအဆရှိသူများ ရှိကြပေသေး၏။ အချို့သောသူများသည် ယခုထက်ထိပင် ယုတ်မာညစ်ထေး ရှေးက နိုင်ငံရေးမျိုးကို သိလျက်နှင့်ဖြစ်စေ၊ မသိဘဲလျက်နှင့်ဖြစ်စေ လိုက်စားလျက်ရှိကြသေး၏။

နိုင်ငံရေးမည်သည် ယုတ်မာ ညစ်ထေးသည်ဟုဆိုရမည်လော။ စင်စစ်နိုင်ငံရေးသည် ယုတ်မာ ညစ်ထေးသည်မဟုတ်။ နိုင်ငံရေး ကို ညစ်ထေးအောင်လုပ်သူတို့ သာလျှင် ယုတ်မာခြင်းသာဖြစ်ပေ ၏။ နိုင်ငံရေးဆိုတာ ဘာလဲဟု မေးဘွယ်ရာရှိပြန်၏။ ကျွန်ုပ်တို့ သည် သာမန်ပုထုဇဉ်များဖြစ် သောကြောင့် နိုင်ငံရေးကို မလုပ် သင့်၊ နိုင်ငံရေးသည် အလွန်မြင့် မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ၊ လေးမြတ်စွာ မျှော်ရှု ရန်သာလျှင် ရှိသည်ဟူ၍ ဆိုရ မည်လော။ သို့တည်းမဟုတ် နိုင်ငံရေးဆိုသည်မှာ အချို့သော လူ ညာလူလိမ်တို့က တောအုံကနား ကျေးတောသား လူရိုးလူအတို့ အား အတိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတို့ကို တွင်တွင်ကြီး ဟော ပြော၍၊ ထိုသူတို့၏ မနောအကြိုက်ကိုလိုက်၍ အငိုက်ကိုဖမ်းပြီး နောက် စားပေါက်ထွင်ကြသည့် ကိစ္စဟု ဆိုရမည်လော။ သို့တည်း မဟုတ် နိုင်ငံရေးသည် ကန္တာရခရီးပမာ ကြောက်မက်ဘွယ်သော၊ အန္တရာယ်များစွာရှိသော အရေး ကိစ္စဖြစ်သောကြောင့် ကျွန်ုပ်တို့ သည် တတ်သာလျှင် ရှောင်ရှား သင့်သည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့် အတိုင်း အမျိုးဘာသာ သာသနာ ရေးဟူ၍ပင် ဆိုရဦးမည်လောဟု ပြောဆိုပြီး နိုင်ငံရေးသဘောအ မှန်ကို အခုလို ဆက်လက်ဟော ပြောသွားပါတယ်။

နိုင်ငံရေး သဘောအမှန်မှာ ကျွန်ုပ်တို့သည် လူသားတို့နှင့် မတန်မရာမြင့်မြတ်လွန်းသည် လည်း မဟုတ်၊ နိမ့်ကျလွန်းသည် လည်းမဟုတ်၊ မျက်လှည့်ဗေဒင် လည်းမဟုတ်၊ အဂ္ဂိရတ်လည်း မဟုတ်၊ ကြောက်မက်ဖွယ် ကောင်းသော ကန္တာရခရီးလည်း မဟုတ်၊ ဘယ်သူသေသေ ငတေ မာပြီးရော  စိတ်ဇောနှင့်လုပ်သော အရေးကိစ္စလည်းမဟုတ်၊ ကျွန်ုပ် တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက် ဖြစ်ပွားလျက်ရှိသော အခြေပေါ် တွင် မျှော်ခေါ်၍ ဆောင်ရွက်ရ မည်ဖြစ်သော အရေးကိစ္စပင်ဖြစ် ပေသည်။ တစ်နည်းအားဖြင့်ဆို သော် နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံ ရေးပင်ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေး တောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက် သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံ ရေးကို ရှောင်ရှားစေကာမူ နိုင်ငံ ရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက် လျက်ရှိ၏။ ဤဌာနများ၌ ကျွန်ုပ် တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေး ကိုပင် လုပ်နေကြရပေသည်။ အ လုပ်သမားသည် အခကြေးငွေအ တွက် အလုပ်လုပ်ရ၏။ တောင် သူလယ်သမားသည် ဝမ်းစာအ တွက် လယ်ယာလုပ်ရ၏။ စာရေး စာချီ အမှုထမ်းသည်လည်း လစာ ငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစားစသည်တို့သည်လည်း အသီးသီး ဝင်ငွေရရန် လုပ်ကြရ ၏။ အချုပ်မှာ စားသောက်နေ ထိုင်ရေးအတွက်ပင်ဖြစ်၏။ အ လုပ်သမားသည် အခကြေးငွေကို တိုးတက်၍ ရပြီးလျှင် စားသာ သောက်သာသော အခြေအနေကို ရလို၏။ တောင်သူလယ်သမား သည် မိမိ၏ လယ်မြေကို တိုးတက်ကောင်းမွန်စေ၍ သက်သာချောင် ချိလို၏။ စာရေးစာချီအမှုထမ်းတို့ သည်လည်း ရုံး၌ တကုပ်ကုပ်လုပ် နေရသောဘဝထက် လွတ်လွတ် လပ်လပ် ချောင်ချောင်လည်လည် ရှိသော အခြေအနေသို့ ရောက်လို ကြ၏။ ကုန်သည်ပွဲစားတို့လည်း လွယ်လွယ်ကူကူတိုးချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ၏။ ဤကဲ့ သို့ လူတိုင်းလူတိုင်း မိမိတို့၏ အ ခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်တဲ့အကြောင်းကို လူသားတွေ ရုန်းကန်လှုပ်ရှားနေရတာနဲ့ ပမာပြုပြီး ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်က ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ ကြုံတွေ့ နေရသော နေထိုင်စားသောက်မှု သည် ပြောင်းလဲလျက်ရှိသည့် အားလျော်စွာ ကျွန်ုပ်တို့နိုင်ငံတော် သည်လည်း ပြောင်းလဲလျက်ရှိ ၏။ ကျွန်ုပ်တို့အားလုံး သက်သက် သာသာ၊ ချောင်ချောင်ချိချိ၊ လူတန်းစေ့အောင်နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင် အောင် ကျွန်ုပ်တို့သည် လွတ်လပ် ရေးကို တောင့်တကြပေသည်။ လွတ်လပ်ရေးဆိုရာ၌ နေရေးထိုင်ရေးလွတ်လပ်မှု၊ လူတစ်ဦးတစ်ယောက်အနေနှင့်လည်းကောင်း၊ တစ်မျိုးသားလုံး အနေနှင့်လည်း ကောင်း တိုးတက်ကြီးပွားအောင်၊ စီမံဆောင်ရွက်နိုင်အောင် လွတ် လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စိတ္တအဆင့်အတန်းတိုးမြှင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုတို့ စသည်တို့ကို ဆိုလိုပေသည်။ ဤ လွတ်လပ်မှု ရယူလိုမှုသည်ပင် လျှင် နိုင်ငံရေးဖြစ်၏။ သို့ဖြစ်ရ ကား နိုင်ငံရေးသည် လူမှု လူရေး မျှသာဖြစ်၏။ နိုင်ငံရေးကို ကျွန်ုပ် တို့ နားမလည်စရာအကြောင်းမရှိ ချေ။ သို့ပါလျက်နှင့် အချို့သော သူများသည် နိုင်ငံရေးအလုပ်ကို ယုတ်မာညစ်ထေးသည်ဟု ဆိုကြ ၏။ အချို့ကလည်း နိုင်ငံရေး သည် ကိုးကွယ်ရာဘာသာတရား ပင်ဖြစ်သကဲ့သို့ ဆိုကြပြန်၏။ ထို သူတို့၏ အယူအဆတို့မှာ အလွဲ လွဲအမှားမှား၊ ကွဲကွဲပြားပြားရှိကြ ပေ၏။

နိုင်ငံရေးကို ဘာသာတရား ဖြစ်သကဲ့သို့ ပြောဆိုကြသောသူ များမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင်လျှင်ဖြစ် ပေ၏။ ထိုသူတို့၏ ရည်ရွယ်ချက် မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကိုရှုပ်ထွေးစေ ၍ အကြောင်းအကျိုးအကောင်း အဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင် အောင် လုပ်ခြင်းမျှသာ ဖြစ်ပေ၏။ အမှန်မှာ ထိုသူတို့ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ်၊ မိမိတို့အ ကောက်ဉာဏ်ကိုသုံး၍ မိမိတို့ ကြီးပွားရေး တနပ်စား နိုင်ငံရေး ပင်ဖြစ်ပေ၏။ ကိုးကွယ်သည့်ဘာ သာရေးမှာ လူအသီးသီးတို့၏ သက်ဝင်ယုံကြည်မှုဖြစ်၏။ နိုင်ငံ ရေးမှာကား လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှု သိပ္ပံအ တတ်သာလျှင်ဖြစ်၏။ သိပ္ပံအ တတ်အနေအားဖြင့် နိုင်ငံရေး သည် လူအသီးသီးတို့၏ အခွင့်အ ရေးကို စောင့်ရှောက်ရပေလိမ့် မည်ဆိုပြီး ဟောပြောခဲ့တဲ့ ဗိုလ် ချုပ်ရဲ့ စကားတွေဟာ ယနေ့ဖြစ် ပျက်နေတဲ့ အကြောင်းအရာများ နဲ့ တိုက်ဆိုင်နေပြီး ကျွန်တော်တို့ အားလုံး သတိပြုဆင်ခြင်ရမှာ ဖြစ်ပါတယ်။

ဘာသာရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်က အခုလိုဆက်ပြောပါ တယ်။ အခွင့်အရေးများတွင် လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှု လည်း ပါဝင်လေ၏။ ဤအခွင့်အ ရေးပေးရာ၌ ကျွန်ုပ်တို့သည် နိုင်ငံ ရေးနှင့် ကိုးကွယ်သည့် ဘာသာ ရေး နှစ်ဌာနစပ်ကြားတွင် စည်း တားရပေလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် နိုင်ငံရေးနှင့် ဘာ သာရေးမှာ သဘောမတူ အမူကွဲ ပြား တခြားစီဖြစ်သောကြောင့် တည်း။ ဘာသာရေးနှင့် နိုင်ငံရေး ကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာ ရောက်ပေ၏။ အကြောင်းမူကား ဘာသာရေးသည် နောင်တမလွန် ဘဝများကို (ဝါ)လောကုတ္တရာကို ရှေးရှုသည်ဖြစ်သောကြောင့် လောကအရေးနှင့် များစွာမသက် ဆိုင်ချေ။ နိုင်ငံရေးမှာမူကား လောကီရေးရာသာဖြစ်ပေ၏။

လုပ်ငန်းသဘောမှာ လူမှု တိုးတက်ရေးနှင့် ဘာသာရေးတို့ သည် အခြေသဘောအားဖြင့် ဆန့်ကျင်စရာ အကြောင်းမရှိဟု ယူဆ မိပေသည်။ ဘာသာတရားက သစ္စာ၊ မေတ္တာနှင့် သမ္မာအာဇီဝ၊ သမ္မာကမ္မန္တစသည်တို့ကို ဓမ္မအ နေနှင့် ဟောကြားခဲ့ရာ လူမှုတွင် လည်း ဤဓမ္မတို့ကို လေးစားကြ ပေသည်။ သို့ပါလျက်လည်း ဘာ သာတရား၏ နာမကို အလွဲသုံး စားပြုကြပြီးလျှင် လူတစ်ဦးသည် တစ်ဦး၏ ဆင်ခြင်တုံတရား ကင်း မဲ့ခြင်းကို အကြောင်းပြု၍ မတရားသော အမှုတို့ကို ပြုသည်ရှိသော် ပတ်ဝန်းကျင်ရှိ လူစုသည် ထို မတရားမှုကို လျစ်လျူရှုခြင်း ဘယ်နည်းနှင့်မျှ ပြုနိုင်မည်မဟုတ်ပေ။ အကယ်၍ ဘာသာကို အမှီပြု၍ အသက်မွေးသူတို့သည် ဘာသာ ၏ အမည်ကိုသုံးလျက် တရားဓမ္မ ဖြစ်လေဟန် ဟောပြောချက်တစ် ခုကိုပြုလျှင် လူအများကို နစ်နာ စေမည်ဖြစ်သောကြောင့် ကျွန်ုပ် တို့သည် လူ့ချမ်းသာကို လိုလား သည့်အားလျော်စွာ တားမြစ်ရပေ လိမ့်မည်။ ဤဥပဒေသသည် ကျွန်ုပ်က ထွင်လိုက်သော ဥပဒေ သမဟုတ်ချေ။ ကျွန်ုပ်တို့၏ ရာဇ ဝင်တွင် အလွန်ကျော်ကြားထင် ရှားသော အနော်ရထာ ဘုရင်မင်း မြတ်သည် ဤဥပဒေသကို ထိထိ ရောက်ရောက် လိုက်နာဆောင် ရွက်ခဲ့ဖူးလေသည်။ ရာဇဝင်ကို ကြည့်မှ ဘာသာတရားကိုမှီ၍ အသက်မွေးကြသောသူများကို ခွဲ ခြား၍ သိနိုင်ကြပေလိမ့်မည်။

ဘာသာတရားသည် ကျွန်ုပ် တို့ လူမှုကို ရှုပ်ထွေးစေသည် မဟုတ်။ ဘာသာတရားကိုမှီ၍ အ သက်မွေးကြကုန်သော သူတို့သာ လျှင် ရှုပ်ထွေးစေကြ၏။ ဘာသာ တရားကိုကြည့်ပြန်မူ ဤကဲ့သို့ သော သူများကို အာပေးခြင်းမရှိ သည်ကို တွေ့မြင်ကြရပေလိမ့် မည်။ သို့သော်လည်း အသီးသီး သော ဘာသာတရားတို့ကိုမှီ၍ အ သက်မွေးကြကုန်သော သူများရှိခဲ့ ဖူးလေပြီ။ ဥရောပတိုက်၌ ရဟန်း မင်းကြီးများနှင့် ဧကရာဇ်တို့ အ ချင်းဖြစ်ပွားခဲ့ပုံ၊ ကျွန်ုပ်တို့ နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာ မင်းမြတ်အရေး တွေ့ရပုံ၊ အ နောက်နိုင်ငံကြီးများ နယ်ချဲ့ရာ တွင် သမ္မာကျမ်းစာကိုင်သူတို့က ရှေ့သွားလုပ်၍ အလံကိုင်သူနှင့် ကုန်သည်တို့က နောက်မှ လိုက်ရ ပုံအကြောင်းစုံတို့ကို ထောက်ထားလျက် မည်သည့်ကာလဒေသ၌ မဆို ဘာသာတရားကိုမှီ၍ အ သက်မွေးကြသူများရှိခဲ့ဖူးကြောင်း ကို ကျွန်ုပ်တို့သတိရကြပေလိမ့် မည်။

ယခု ဘာသာတရားကိုမှီ၍ အသက်မွေးသူများဟုဆိုရာ၌ ရှင်းလင်းရန်လိုပေသေး၏။ ဘုန်းကြီး ပင် ခေါ်ခေါ်၊ ရဟန်းပင်ခေါ်ခေါ် နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ဘာသာတရားကိုမှီ၍ အသက်မွေးသူများသာဖြစ်၍ ဘာသာတရား ပြန့်ပွားတိုးတက်မှုကို သတိပြု ခြင်း၊ အားထုတ်ခြင်းမရှိချေ။ ဘာ သာတရားနှင့် ဆန့်ကျင်သော အ မှုမျိုးကိုပင် ပြုကြ၏။ တစ်မျိုးမှာ ကား ဘာသာတရားတိုးတက်ပြန့် ပွားမှုကို လေးစား၍ လောကီသား တို့၏ အမှုကို ရှေးရှုခြင်းမရှိချေ။ ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော်အရှင်မြတ်များသည် ရာဇ ဝင်တစ်လျှောက်လုံး ကျွန်ုပ်တို့လူ မျိုး၏ ရှေ့က မားမားရပ်လျက် မြင့်မြတ်သော အမှုမျိုးကိုသာ ပြု ခဲ့ကြပေ၏။ ရှေးခေတ်များ၌ သံဃာတော်အရှင်မြတ်များသည် ကျွန်ုပ်တို့ တစ်မျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ ကြပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သံဃာတော်အ ရှင်သူမြတ်များ ပညာသင်ကြား ပေးလျက်ရှိသောကြောင့် မြောက် မြားစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။ အ ချုပ်မှာ သံဃာတော်အရှင်မြတ် များ၏ စေတနာ၊ လုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်မြင့်မြတ်မှု အသွင်အပြင် ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေ သည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံဃာတော်အရှင် မြတ်များသည် ကျွန်ုပ်တို့၏ ထူး ကဲ့သော ကျေးဇူးဥပကာရများကို ခံတော်မူထိုက်ကြပါပေ၏။ ကျွန်ုပ်တို့နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသည် ဖြစ်သော ကြောင့် အခြားဘာသာတရားများ ကို မထိခိုက်စေဘဲ ပြောဆိုသည် မှာ နှစ်ပေါင်း ၂,၅၀၀ အတွင်း လိမ်းကပ်၍လာခဲ့သော ကြေး ညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက် ခဲ့နိုင်ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အ ထွန်းပြောင်ဆုံးဖြစ်လာလိမ့်မည် ဟူ၍ ယူဆရပေမည်လို့ ဟော ပြောပြီးတဲ့နောက် သံဃာတော် အရှင်မြတ်များအား အခုလို ဆက် လက်လျှောက်ထားပါတယ်။

ဗိုလ်ချုပ်က သံဃာတော်အ ရှင်မြတ်များအား သီးခြားလျှောက် ထားလိုပါသည်ဘုရား။ အရှင်သူ မြတ်များဘုရား၊ အရှင်ဘုရားတို့ သည် အလွန်ထူးကဲ့သော ဗုဒ္ဓသာ သနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။ အရှင် ဘုရားတို့က သာသနာတော် ရောင်ထွန်းပြောင်အောင် အား ထုတ်တော်မူကြပါ။ ကမ္ဘာလော ကကြီးကို သာသနာရောင် အ လင်းပေးတော်မူကြပါ။ သို့မှသာ လျှင် ကမ္ဘာသူ၊ ကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တ နှင့် ညီရင်းအစ်ကို မောင်ရင်းနှမ ကဲ့သို့ နေနိုင်ကြပါလိမ့်မည်။ အ ရှင်သူမြတ်များကို ဘုရားတပည့် တော်တို့က ကိုးကွယ်ဆည်းကပ် ပါသည်။ တစ်ကမ္ဘာလုံး ကိုးကွယ် ဆည်းကပ်သည်ကိုလည်း မြင်ချင် ပါသည်။ တပည့်တော်တို့ နိုင်ငံ တွင်သာမက တစ်ကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တသဘော ထားတို့ကို ပြုပြင်နိုင်သော စွမ်း ပကားအရှင်ဘုရားတို့မှာ ရှိပါ သည်။ ဤစွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿ လူတစ်မျိုးလုံး အစဉ်အဆက်နှစ် ပရိစ္ဆေဒရှည်လျားစွာ ရှိခိုးပူဇော် ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင် ရွက်မှုသည် သာသနာဘက်ကသာ ကြည့်၍မြင့်မြတ်သည်မဟုတ် ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည့် တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွ ရောက်တော်မူပြီးလျှင် မေတ္တာ တရား၊ ညီညွတ်ရေးတရားများ ဟောတော်မူကြပါ။ မြင့်မြတ် သော လွတ်လပ်ရေးတရားကို လည်း ဟောတော်မူကြပါ။ မြင့် မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရားကို ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာ သာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ် ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ၊ လူနဘဝမှ လွတ်မြောက်မှု စသည် တို့ဖြစ်ပါသည်။ အရှင်သူမြတ်တို့ သည် သုံးလူ့ထွတ်ထား မြတ်စွာ ဘုရားဩဝါဒပေးတော်မူခဲ့သည့် အတိုင်း အပ္ပမာဒေန သမ္ပာဒေထ မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ ဗမာလူမျိုးတစ်မျိုးလုံးကို ဆိုဆုံးမ တော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုး မှုဖြင့် တပည့်တော်တို့၏ လူမျိုး သည် လောကုတ်လောကီနှစ်လီ သော အကျိုးထူးများကို ခံစားနိုင် အောင် ဆောင်ရွက်နိုင်ကြပေလိမ့် မည်။ အရှင်မြတ်များ၌ ဤကဲ့သို့ သော မွန်မြတ်သည့် တာဝန်ဝတ္တ ရားများရှိပါသည်။ ဤမွန်မြတ် သော တာဝန်ဝတ္တရားများကို ကျေ ပွန်စွာ ထမ်းဆောင်တော်မူကြပါ ဘုရား။ တပည့်တော်တို့မှာ အရှင် သူမြတ်များကို ရိုသေလေးမြတ် စွာ တိုက်တွန်းစကားလျှောက် ထားခြင်းကိုသာ ပြုနိုင်ပါသည်။ ဆောင်ရွက်ဖို့ တာဝန်ကျေပွန် မည်၊ မကျေပွန်မည်ဟူသော ပြဿနာမှာ အရှင်သူမြတ်များသာ ဖြေရှင်းနိုင်ကြပေလိမ့်မည်ဆိုပြီး သံဃာတော်များကိုလည်း လျှောက်ထားသွားပါသည်။ အဲဒီ လို လျှောက်ထားပြီး နိုင်ငံရေးအ ကြောင်းကို ဆက်လက်ပြောကြား သွားပါတယ်။ (မိန့်ခွန်းအပြည့်အ စုံကို ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများစာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ (စာရေးသူ))

ဒီမိန့်ခွန်းရှည်ကြီးကို ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရွှေတိဂုံဘုရား အလယ်ပစ္စယာမှာ ကျင်းပတဲ့ ဖဆပလအဖွဲ့ချုပ်ကြီး ရဲ့ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည် သူ့လွတ်လပ်ရေးအဖွဲ့ချုပ်) နိုင်ငံ ရေးဆိုင်ရာ ညီလာခံကြီးမှာ ဖဆပလဥက္ကဋ္ဌအဖြစ်နဲ့ ပြောကြား ခဲ့တာဖြစ်ပါတယ်။

ယနေ့ခေတ်မှာ နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးနေသူတွေ၊ ဟိုလိုလို ဒီလိုလို ထင်ယောင်ထင် မှားဖြစ်နေတဲ့သူတွေ၊ ဘာသာ ရေးကို ခုတုံးလုပ်ပြီး တိုင်းပြည်ကို မငြိမ်မသက်ပြုလုပ်ချင်သူတွေကို ကြိုတင်ပြီး သတိပေးခဲ့တဲ့ မိန့်ခွန်း လို့ ပြောရမှာဖြစ်ပါတယ်။ အေး အေးချမ်းချမ်းနဲ့ လုပ်ကိုင်ရှာဖွေ စားသောက်လိုကြတဲ့ ပြည်သူတွေ အနေနဲ့ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးခွဲခြားပြထားတဲ့ မိန့် ခွန်းကိုဖတ်ပြီး အတုအယောင်နဲ့ အစစ်ကို ခွဲခြားနိုင်ဖို့၊ မိမိတို့အနေ နဲ့ ပါတီထောင်မှ နိုင်ငံရေးလုပ် တာမဟုတ်ဘဲ လက်ရှိရုန်းကန် လှုပ်ရှားနေရတာ နိုင်ငံရေးလုပ် နေတာပါလားလို့ အတွေးဝင်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းသာ ယာရေး၊ တိုးတက်ဖွံ့ဖြိုးရေးတို့အ တွက် တတ်နိုင်တဲ့ဘက်က ပါဝင် နိုင်ဖို့အတွက် ဗိုလ်ချုပ်ပြောကြား ခဲ့တဲ့ မိန့်ခွန်းရှည်ကြီးထဲကနေ မူရင်းသတ်ပုံအတိုင်း ကောက် နုတ်ဖော်ပြပေးလိုက်ရတာဖြစ်ပါ တယ်။

ကျွန်တော်တို့အားလုံး ဗိုလ် ချုပ်ကို ချစ်ကြတယ်ဆိုရင် ဗိုလ် ချုပ်ပြောကြားခဲ့တဲ့ စကားတွေကို မှတ်သားလိုက်နာကြပြီး တိုင်း ပြည်အေးချမ်းသာယာရေးအ တွက် ရဟန်းရှင်လူ ပြည်သူအများ စိတ်ဝမ်းမကွဲပြားဘဲ မေတ္တာတရားကို အခြေခံကာ စုပေါင်းညီညာ ချီတက်ကြပါစို့ခင်ဗျာ။

ကျမ်းကိုး
မောင်ကျော်ရင်
(ရှာဖွေတင်ပြသည်)
ဗိုလ်ချုပ်အောင်ဆန်း
မမေ့နိုင်သော မိန့်ခွန်းများ (စာမျက်နှာ ၅၄ မှ ၆၀)။
၁၉၆၉ ခုနှစ် မေလ ၁ ရက် အထူး ထုတ်။ စိန်ပန်းမြိုင်စာပေ
ကိုရဲ (ရွှေတြိဂံ)

7Day News

No comments:

Post a Comment