Latest News

Wednesday, July 19, 2017

အာဇာနည်သတ္တိနှင့် မိုက်ရူးရဲသတ္တိကို ဒေါ်အောင်ဆန်းစုကြည် အဓိပ္ပာယ်ဖွင့်

အာဇာနည်သတ္တိနှင့် မိုက်ရူးရဲသတ္တိကို ဒေါ်အောင်ဆန်းစုကြည်
အဓိပ္ပာယ်ဖွင့်

အာဇာနည်သတ္တိက မေတ္တာကိုအခြေခံပြီး မိုက်ရူးရဲသတ္တိက ဒေါသနှင့်အတ္တကိုအခြေခံကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြား ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့် အာဇာနည်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

‘‘အာဇာနည်သတ္တိက မေတ္တာကို အခြေခံတယ်။ မိုက်ရူး ရဲသတ္တိကတော့ ဒေါသနဲ့ အတ္တကို အခြေခံတယ်။ အာဇာနည်သတ္တိက အသက်စွန့်လွှတ်ချင်တဲ့ အခြေခံအပေါ် အခြေမခံ၊ ဘဝကို အများအကျိုးအတွက် သုံးသွားချင်တဲ့ဆန္ဒအပေါ် အခြေခံပါတယ်။ ပင်ပန်းဆင်းရဲစွာ အများအတွက် ရှင်သန်ရရင်လည်း ရှင်သန်မယ်။ တာဝန်ကို မျက်နှာလွှဲပြီး အလွယ်ထွက်ပေါက်မရှာဘူး။ မလွှဲသာလို့ အသက်ပါ စွန့်လွှတ်ရမယ်ဆိုရင်လည်း သတ္တိနဲ့ပဲပေါ့’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

 အာဇာနည်ခေါင်းဆောင် များက တိုင်းပြည်နှင့်ပြည်သူအပေါ် ထားရှိသည့် မေတ္တာနှင့် စေတနာကြောင့်သာ အန္တရာယ်များသော လုပ်ငန်းများကို စွန့်စား ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဂုဏ် ပြုစကားဆိုသည်။

‘‘နိုင်ငံနဲ့ အများပြည်သူအတွက် လုံလုံလောက်လောက် မစဉ်းစားခဲ့တဲ့ နိုင်ငံရေးထဲသို့ အကြမ်းဖက်မသမာတဲ့ နည်းလမ်း တွေ ဆွဲထည့်မှုကြောင့် ခေါင်း ဆောင်ကြီးများ ကျဆုံးခဲ့ကြရပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က လုပ်ကြံမှုသမိုင်းအပေါ် ကောက်ချက်ချသည်။

 အကြမ်းဖက်သမားတို့က နိုင်ငံတော်လုပ်ကြံမှုအဖြစ် ဖန်တီး ခဲ့ခြင်း၊ အာဏာရှင်အဆက်ဆက် က နိုင်ငံရေးလုပ်ကြံမှုအဖြစ် ကျူး လွန်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်နှင့်ပုံရိပ်သည် မြန်မာနိုင်ငံ တည်တံ့နေသရွေ့ ပြည်သူတို့၏ နှလုံးသားတွင် အဓွန့်ရှည်တည်ရှိနေမည်ဟုဆိုသည်။

ဆက်လက်၍ အဆိုပါကြေ ညာချက်တွင် ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုဖြင့် တက် လာသော ဒီချုပ်အစိုးရသည် အာ ဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ရေးကို ပြည်သူ လူထုနှင့်အတူ ကြိုးပမ်းနေသည် ဟု ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံရေးခါးသီးမှု များကို သမိုင်းသင်ခန်းစာအဖြစ် ခံယူရင်း အာဇာနည်စိတ်ဓာတ်ဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူညီမျှရေး၊ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် ချစ် ကြည်ရင်းနှီးစွာ ပူးပေါင်းနေထိုင် ရေး၊ ပြည်သူလူထုယုံကြည်အား ကိုးသော ဒီမိုကရေစီ စံချိန်စံညွှန်း များနှင့်ကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက် ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။
7Day News

No comments:

Post a Comment