Latest News

Sunday, July 2, 2017

လမ်းလျှောက်နေသည့်အမျိုးသမီး ၂ ဦးအား ၁၂ ဘီးယာဉ် ဝင်တိုက်၊ ၁ ဦး သေဆုံး

လမ်းလျှောက်နေသည့်အမျိုးသမီး ၂ ဦးအား ၁၂ ဘီးယာဉ် ဝင်တိုက်၊ ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားရွာကြီးမှာ ဒီနေ့မနက်ပိုင်းက ၁၂ ဘီးယာဉ်က လမ်းလျှောက်သွားနေတဲ့ အမျိုးသမီး ၂ ဦးကို နောက်မှဝင်တိုက်ခဲ့လို့ ၁ ဦး သေဆုံးပြီး ၁ ဦး အခြေနေ စိုးရိမ်ရတယ်လို့ သထုံမြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ သထုံမြို့နယ်၊ နောင်ကုလားရွာကြီး လမ်းမတန်း၊ လွှတ်တော်လမ်းအနီး၊ မိုင်တိုင်အမှတ် ၁၄၇/၀ နဲ့ ၁၄၇/၁ ကြား ရန်ကုန်ကနေ သထုံကို ယာဉ်မောင်းမြင့်လှိုင် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ဟာ နောင်ကုလားရွာလမ်းမတန်းအတိုင်း လမ်းလျှောက်လာတဲ့ ဒေါ်စန်း (၅၇ နှစ်)နဲ့ ဒေါ်လှမွန် (၅၇ နှစ်)တို့ကို အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လှမွန်မှာ ရရှိတဲ့ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒေါ်စန်းမှာ ဒဏ်ရာတွေ ရရှိပြီး (အတွင်းလူနာ – စိုးရိမ်ရ) အခြေအနေရှိပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ နှစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက “ဒီအမျိုးသမီးနှစ်ယောက်က အလှူအိမ်ကနေ ပြန်လာတာလို့ပြောတယ်။ ကြက်အစာတွေ တင်လာတဲ့ကားက အနောက်ကနေဝင်တိုက်တာပါ။ ယာဉ်မောင်းကတော့ ထွက်ပြေးနေလို့ အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

သထုံမြို့မရဲစခန်းက ယာဉ်မောင်းမြင့်လှိုင်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄ – က/၃၃၈ နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

သတင်း-ယူမင်းစိုး
DVB

No comments:

Post a Comment