Latest News

Tuesday, July 11, 2017

ရခိုင်လူမျိုးနှင့် မျိုးနွယ်စုဝင် လူနည်းစု မွေးရာပါနိုင်ငံသားများ၏ လုံခြုံရေးနှင့် ပတ်သက်သည့် အရေးကြီး အဆို ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

ရခိုင်လူမျိုးနှင့် မျိုးနွယ်စုဝင် လူနည်းစု မွေးရာပါနိုင်ငံသားများ၏ လုံခြုံရေးနှင့် ပတ်သက်သည့် အရေးကြီး အဆို ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

 စစ်တွေ - ဇူလိုင် ၁၁

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ ရခိုင် လူမျိုးနှင့် မျိုးနွယ်စုဝင် လူနည်းစု မွေးရာပါနိုင်ငံသားများ၏ လုံခြုံရေးနှင့်ပတ်သက်၍ တိုးမြှင့် ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ် အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုအား ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ယင်းအဆိုကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုအပြည့်အစုံမှာ “မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များရှိ ရခိုင်လူမျိုးနှင့် မျိုးနွယ်စုဝင် လူနည်းစု မွေးရာပါ နိုင်ငံသားများအား ယခု အခြေ အနေထက် ပိုမိုပြည့်စုံပြီး အာမခံချက် ပေးနိုင်သည့် ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ အစီအမံများကို အကောင်အထည်ဖေါ် ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ် အစိုးရသို့ အလေးအနက်တိုက်တွန်းကြောင်း အရေးကြီးအဆို”ဖြစ်သည်။

၎င်းအဆိုအား ယနေ့ပြည်နယ်လွှတ်အစည်းအဝေးတွင် မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းနှင့် ရသေ့တောင်မြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်တို့က ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

“ကျနော်တို့ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင် မြို့နယ် နဲ့ မောင်တောမြို့နယ် တွေဟာ တစ်ဘက်က ခိုးဝင်ဘင်္ဂါလီများရဲ့ လူဦးရေ တိုးပွားမှုနဲ့အတူ လူဦးရေ အဆမတန်များပြားလာပြီး နယ်မြေချဲ့ထွင်လာခြင်းနဲ့ ဘာသာရေးကို အခြေခံပြီး၊ ဘာသာရေးကို အကြောင်းပြပြီး လုံခြုံရေးပျက်ပြားအောင် ဆောင်ရွက် လာခြင်းတို့ဟာ ကျနော်တို့ရဲ့ ရခိုင်ပြည်နယ်ဒေသ တည်ငြိမ်အေးချမ်းရေးကိုပါ ထိခိုက်လာတယ်လို့ ယူဆရမှာဖြစ်ပါတယ်”ဟု ဦးသန်းနိုင်က ပြောသည်။

လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး အာမခံချက်များကို အစိုးရအနေဖြင့် လုံလုံလောက်လောက် မပေးနိုင်သည့်အတွက် အဆိုပါ မြို့နယ် ၃ ခု၌ နေထိုင်နေကြသော မျိုးနွယ်စုဝင် တိုင်းရင်းသားများ အားလုံးအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများကို နေ့စဉ်ဆိုသလိုမျိုး ခံစားနေကြရကြောင်း ၄င်းက ပြောသည်။

“နယ်စပ်လုံခြုံရေးကို တာဝန်ယူနေတဲ့ နယ်ခြားစောင့် ရဲတွေဟာလည်း ကျနော်တို့ လေ့လာစုံစမ်းကြည့်သလောက် တခြားနယ်မြေတွေက နယ်မြေဒေသ မကျွမ်းကျင်ဘဲ လာရတဲ့လူတွေ၊ ဘင်္ဂါလီတွေရဲ့ စရိုက်လက္ခဏာကို မသိတဲ့လူတွေ၊ ရခိုင်တွေရဲ့ စရိုက်လက္ခဏာကို မသိတဲ့ လူတွေက ပိုများနေတာကို လေ့လာသိရှိခဲ့ရပါတယ်။ အဲ့ဒါကြောင့် သတင်းရယူ စုဆောင်းခြင်း အားနည်းခြင်း အပြင် လာဘ်လာဘ်ယူပြီးတော့ လုပ်ဆောင်နေတာကိုလည်း ကျနော်တို့ လေ့လာတွေ့ရှိ ခဲ့ရပါတယ်”ဟု အရေးအဆိုကို ထောက်ခံကြောင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဦးသန်းနိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ စည်ပင်ဝန်ကြီး ဦးမင်းအောင်က မောင်တောခရိုင်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်၊ နယ်ခြားစောင့်အင်အား ၂၀၀၀ ကျော်နှင့် တပ်မတော်နှင့် စစ်တပ်ဖွဲ့ဝင် အင်အားများကို ချပေးထားပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စများကို ဆောင်ရွက်နေသောကြောင့် ဒေသခံများအနေဖြင့် လယ်ယာလုပ်ငန်းများကို တည်ငြိမ်စွာလုပ်ဆောင်နေကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို စနစ်ကျ အားဖြည့် လုပ်ကိုင် ဆောင်ရွက်နေသည့် အတွက်ကြောင့် ၄င်းအရေးကြီးအဆိုအား လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထင်သင့်ကြောင့် သဘောထားကို တင်ပြခဲ့သည်။

သို့သော် အဆိုရှင်က မှတ်တမ်းတင်အဆင့်ကို သဘောမတူဘဲ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရယူခဲ့ရာ လွှတ်တော်ထဲတွင် ကန့်ကွက်သူမရှိဘဲ တခဲနက် ထောက်ခံကာ လွှတ်တော်က အတည်ပြုခဲ့သည်။

ယနေ့ပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဗိုလ်မှူးကြီး ဖုန်းတင့်အား တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် ကတိသစ္စာပြုခြင်းနှင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသ အကြမ်းဘက်ခံရမှုနှင့် ဒေသခံပြည်သူများ၏ စိုးရိမ်မှုများအား လေ့လာစုံစမ်းရေးကော်မတီအား လွှတ်တော်က အတည်ပြုပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် လစ်လပ်နေသော လွှတ်တော်ဒုဥက္ကဋ္ဌနေရာအား နက်ဖြန် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆက်လက်ကျင်းပမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်သွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေးကြေညာခဲ့သည်။

စံမောင်သန်း၊ စစ်တွေ/နိရဉ္စရာ


No comments:

Post a Comment