Latest News

Tuesday, July 11, 2017

ကျောင်းသူနှစ်ဦးကို အဓမ္မကျင့်တဲ့ ကျိုက်လတ်မြိုက ကျောင်းဆရာ ထောင်ဒဏ်အနှစ် ၄၀ ချမှတ်ခံရ

ကျောင်းသူနှစ်ဦးကို အဓမ္မကျင့်တဲ့ ကျိုက်လတ်မြိုက ကျောင်းဆရာ ထောင်ဒဏ်အနှစ် ၄၀ ချမှတ်ခံရ

အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် ကျောင်းသူနှစ်ဦးကို စာသင်ကျောင်းထဲမှာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ ကျိုက်လတ်မြို့ ရွှေညောင်ပင်အလယ်တန်းကျောင်း (ခွဲ)က သမိုင်းဘာသာသင် ကျောင်းဆရာ ဦးရန်နိုင်ကို ဖျာပုံခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၄၀ မနေ့က ချမှတ်ခဲ့ပါတယ်။

ကျောင်းဆရာ ဦးရန်နိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ ၎င်းစာသင်ပေးနေတဲ့ ရွှေညောင်ပင်ကျောင်းက အသက် ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသူကို အချိန်ပိုစာသင်ချိန်မှာ ဆရာများ နားနေခန်းမှာ ၅ ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကျောင်းသူကို ညနေပိုင်း ကျောင်းဆင်းချိန်တွေမှာ စာသင်ခန်းထဲမှာ ၃ ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျိုက်လတ်မြို့မရဲစခန်းထံက သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသူ ၂ ဦးရဲ့အတန်းဖော်က ဖော်ထုတ်ရာမှတဆင့် ရွှေညောင်ပင်ကျောင်းက ဆရာတွေနဲ့ မိဘတွေသိရှိသွားပြီး ကျောင်းသူ ၂ ဦးရဲ့ ဖခင်တွေက တရားလိုပြုလုပ်ကာ ဆရာ ဦးရန်နိုင်ကို မုဒိန်းမှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ခဲ့ပြီး ကျိုက်လတ်မြို့မရဲစခန်းက ဦးရန်နိုင်ကို ဖမ်းဆီးကာ ဖျာပုံခရိုင် တရားရုံးကို တရားစွဲဆိုတင်ပို့ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအမှုကို ဖျာပုံခရိုင်တရားရုံးမှာ ၈ လကြာ ကြားနာစစ်ဆေးပြီးတဲ့နောက် ဆရာ ဦးရန်နိုင်ဟာ ပြစ်မှု ကျူးလွန်ကြောင်းထင်ရှားတဲ့အတွက် သက်ငယ်မုဒိန်းမှုမှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အမှုတစ်ခုကို ထောင်ဒဏ် နှစ် ၂၀ စီနဲ့ အမှုနှစ်ခုအတွက် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

“ဦးရန်နိုင်က တရားခွင်မှာ ချေပတာကေတော့ သူ့ကို မလိုလားတဲ့ ရွှေညောင်ပင်ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူတွေ ပူးပေါင်းပြီး လုပ်ကြံလီဆယ်တိုင်တန်းတာပါလို့ ပြောတယ်။ ရုံးတော်ကတော့ ဒီလိုစိတ်ဓါတ်မျိုးရှိတဲ့သူတွေဟာ ကျောင်းဆရာတို့ရဲ့ ဂုဏ်သိက္ခာနဲ့လည်း မတန်ဘူး။ ပညာရေးလောက အတွက်လည်း အန္တရာယ်ရှိနိုင်တယ်လို့ ရုံးတော်ကဆုံးဖြတ်ပြီး အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့တာပါ”လို့ ကျောင်းသူများဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ဥပဒေကုစားရေးအဖွဲ့ (မြန်မာ) ဧရာဝတီတိုင်းတာဝန်ခံ အထက်တန်းရှေ့နေ ဦးကျော်ဇေယျက ပြောပါတယ်။

လူမဆန်စွာနဲ့ သက်ငယ်မုဒိန်းမှုကျူးလွန်သူကို တရားရုံးတော်က အခုလို ထိရောက်စွာ ပြစ်ဒဏ်ချမှတ်တဲ့အပေါ် ကျေနပ်ကြောင်း ကျောင်းသူတွေရဲ့ မိဘတွေနဲ့ အမျိုးသမီးဘ၀ လုံခြုံရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ကျိုက်လတ်မြို့အခြေစိုက် ရောင်နီဦးအမျိုးသမီးအဖွဲ့က ပြောပါတယ်။

ကျောင်းသူတွေကို အဓမ္မပြုကျင့်တဲ့အမှုကို ဖျာပုံခရိုင်တရားရုံးမှာ စစ်ဆေးနေစဉ်ကာလတလျှောက်မှာ ဦးရန်နိုင်ကို ဖျာပုံ အကျဉ်းထောင်မှာ ချုပ်နှောင်ခဲ့ပေမယ့် မနေ့က ထောင်ဒဏ်အနှစ် ၄၀ အမိန့်ချမှတ်အပြီးမှာတော့ နှစ်ကြီးအကျဉ်းသားဖြစ်လို့ တာဝန်ရှိသူတွေက ပုသိမ်ထောင်ကို နေ့ချင်းပို့ဆောင်ကာ ထောင်ဒဏ်ကျခံစေခဲ့ကြောင်း သိရပါတယ်။
စစ်ဝေး(The Ayeyarwaddy Times)

No comments:

Post a Comment