Latest News

Thursday, July 20, 2017

ဧရာဝတီမြစ်နှင့် င၀န်မြစ်ဆုံသည့်နေရာ၌ ရေကြီးမှုအပြင် ကမ်းပြိုမှုပါကြုံတွေ့နေရသဖြင့် အင်္ဂပူမြို့နယ် သဒ္ဓမ္မကျွန်းကျေးရွာရှိအိမ်ခြေများ အရေးပေါ်ဖျက်ပြီး ပြောင်းရွှေ့နေရ

ဧရာဝတီမြစ်နှင့် င၀န်မြစ်ဆုံသည့်နေရာ၌ ရေကြီးမှုအပြင် ကမ်းပြိုမှုပါကြုံတွေ့နေရသဖြင့် အင်္ဂပူမြို့နယ် သဒ္ဓမ္မကျွန်းကျေးရွာရှိအိမ်ခြေများ အရေးပေါ်ဖျက်ပြီးြေေပြောင်းရွှေ့ေ
နရ

ဧရာဝတီမြစ်နှင့် င၀န်မြစ်ဆုံသည့်နေရာ၌ ရေကြီးမှုအပြင် ကမ်းပြိုမှုပါကြုံတွေ့နေရသဖြင့် အင်္ဂပူမြို့နယ် သဒ္ဓမ္မကျွန်းကျေးရွာရှိ အိမ်ခြေများ အရေးပေါ်ဖျက်ရွှေ့နေရကြောင်း သိရသည်။

ယခုလအတွင်း ကမ်းပြိုမှုမှာ ပိုမိုဆိုးရွားလာသဖြင့် နေအိမ်များကို မိုးထဲရေထဲ၌ အရေးပေါ် ဖျက်ရွှေ့နေရခြင်းဖြစ်ပြီး ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။

“ဧရာဝတီမြစ်နဲ့ င၀န်မြစ်ဆုံတဲ့နေရာ ဖြစ်တဲ့အတွက် နှစ်ဖက်ကမ်းပြိုတဲ့ဒဏ်ကို ခံနေရပါတယ်။ ပြီးခဲ့တဲ့မိုးနှောင်းတုန်းက အိမ်ခြေ ၄၀ ကျော် ဖျက်ရွှေ့ခဲ့ရတဲ့အပြင် အခုလက်ရှိမှာလည်း ပြိုနေဆဲဖြစ်တဲ့အတွက် အိမ်ခြေ ၆၀ ကျော်ရွှေ့ပြောင်းထားရပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းပါ ဖျက်နေရပါပြီ။ ကမ်းပြိုတဲ့ဒဏ်ရော၊ ရေကြီးတဲ့ဒဏ်ပါ ခံနေရတဲ့အတွက် အကူအညီတွေ လိုအပ်နေပါတယ်”ဟု သဒ္ဓမ္မကျွန်းကျေးရွာမှ ဒေသခံကိုမြင့်နိုင်က ပြောကြားသည်။

ကမ်းပြိုမှုကြောင့် အန္တရာယ်ရှိလာသဖြင့် သဒ္ဓမ္မကျွန်းကျေးရွာရှိ အလယ်တန်းကျောင်း စာသင်ဆောင်များကိုလည်းဆရာ၊ ဆရာမများနှင့် ဒေသခံများက အရေးပေါ်ဖျက်ရွှေ့နေရကြောင်း သိရသည်။

“မြစ်ရေတက်လာတဲ့အချိန် ကမ်းပြိုတာတွေကလည်း အန္တရာယ်ရှိလာတဲ့အတွက် မြစ်နဲ့ ၁၅ ကိုက်အလိုလောက်မှာ ကျွန်တော်တို့ကျောင်း ဖျက်လိုက်ရပါတယ်။ အဆောင် သုံးဆောင် ရှိတဲ့နေရာမှာ နှစ်ဆောင်ဖျက်ပြီး သွားပြီ။ ဖျက်တဲ့အခါ ရွာသူရွာသားတွေနဲ့ ကျွန်တော်တို့ဆရာ၊ ဆရာမတွေနဲ့ ၀ိုင်းဝန်းပြီးတော့ အင်္ဂပူမီးသတ်အဖွဲ့က လာကူဖျက်ပေးပါတယ်။ ရဲဘော်ကျွန်းကလည်း လာကူပါတယ်။ ကျောင်းသားတွေ သင်ကြားရေးက တော့ ကျန်တဲ့တစ်ဆောင်မှာပဲ သင်နေပါတယ်” ဟု သဒ္ဓမ္မကျွန်းအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလှဌေးက ပြောကြားသည်။

သဒ္ဓမ္မကျွန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှာလည်း ကမ်းပြိုမှုနှင့် အလွန်နီးကပ်နေပြီ ဖြစ်သဖြင့် ကျောင်းဆောင်များ ဖျက်ရွှေ့နေရပြီး သံဃာတော်များ လက်ရှိသတင်းသုံးနေထိုင်ရာ အဆောင်လည်း ယခုရက်ပိုင်းအ တွင်း ဖျက်ရွှေ့ရနိုင်ဖွယ်ရှိကြောင်း သိရသည်။

“ဦးဇင်းတို့ လောလောဆယ် ကျောင်းရယ်၊ သိမ်ရယ်၊ ဆွမ်းစားကျောင်းရယ် ဖျက်ပြီးသွားပြီ။ လက်ရှိပြိုနေတဲ့ အနေအထားအရ တော်တော်လေး စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ဒါ့ကြောင့် ဦးဇင်းတို့ လက်ရှိသတင်း သုံးနေတဲ့ ဓမ္မာရုံကြီးလည်း ဆက်ဖျက်ရမှာပါ။ ရွာထဲက အိမ်တွေလည်း လောလောဆယ် ဖျက်နေရပါတယ်။ နောက်ဆက်ဖျက်ရမယ့် အနေအထားတွေလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေတိုက်စားမှုက တော်တော်လေး အန္တရာယ်ရှိတဲ့အနေအထားဖြစ်နေလို့ပါ” ဟု သဒ္ဓမ္မကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဦးပဉ္စင်းဦးအာစိဏ္ဏက မိန့်ကြားသည်။

လက်ရှိတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ စာရင်းရရှိမှု အပေါ်မူတည်ကာ ကယ်ဆယ်ရေးပစ္စည်း လေးမျိုးနှင့် ဆန်ဖိုး တစ်ပတ်စာအပါအ၀င် ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ဖျက်ရွှေ့ အိမ်ခြေများအတွက် တစ်အိမ်လျှင် ကျပ်ငွေတစ်သိန်းစီ ထောက်ပံ့ပေးထားကြောင်း သိရသည်။        

Eleven Media Group

No comments:

Post a Comment