Latest News

Thursday, July 20, 2017

ဘဏ္ဍာရေးနှစ်အပြောင်းအလဲနှင့် စီးပွားရေးမျှော်လင့်ချက်

ဘဏ္ဍာရေးနှစ်အပြောင်းအလဲနှင့် စီးပွားရေးမျှော်လင့်ချက်

နှစ်ပေါင်း ၄၀ ကျော်ကျင့်သုံးခဲ့သော မြန်မာ နိုင်ငံ၏ ဘဏ္ဍာရေး နှစ်သတ်မှတ်သော ကာလကို ပြောင်းလဲရေး ဝိုင်းဝန်းဆွေးနွေး ကြရန် နိုင်ငံတော်သမ္မတ ဦးထင် ကျော်က ဇူလိုင် ၇ ရက်တွင် ပြောကြားလိုက်သည်။ နိုင်ငံတော် သမ္မတအိမ်တော်တွင် ပြုလုပ် သော ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး၌ နိုင်ငံ တော်သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။
ဧပြီ ၁၇ ရက်က စတင်ပြီး နောက်နှစ် မတ်လ ၃၁ ရက်အထိ ဘဏ္ဍာနှစ်သတ်မှတ်သော ပုံစံအစား အောက်တိုဘာ ၁ ရက်တွင် စပြီး စက်တင်ဘာ ၃၀ အထိ သတ် မှတ်သောပုံစံသို့ ပြောင်းလဲရန် သင့်၊ မသင့် ဆွေးနွေးအကြံပေး ရန် သမ္မတက ပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်ထောင်စုလွှတ်တော် နှင့်တိုင်ပင်ပြီး အမြန်ဆုံးပြောင်းလဲရန် ပြောကြားသဖြင့် ဘဏ္ဍာရေးနှစ် သတ်မှတ်သောကာလသည် လာမည့်နှစ်တွင်ပင် ပြောင်းလဲလာ နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် များနှင့် ပညာရှင်အချို့က ခန့်မှန်းသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁ ရက်က စတင်ပြီး စက်တင် ဘာ ၃၀ ရက်တွင် အဆုံးသတ်သည့် ဘဏ္ဍာရေးနှစ်ကို ပါလီမန်ဒီမိုကရေစီခေတ်တစ်လျှောက် အသုံးပြုခဲ့ဖူးသည်။ ထို့နောက် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် ၁၉၆၂ နောက်ပိုင်းက စတင်ပြီး ၁၉၇၃ အထိ အစိုးရက ဘတ်ဂျက်ရေးဆွဲမူ မပြုလုပ်ခဲ့ပေ။ ၁၉၇၄ နောက်ပိုင်းကစ၍ ယနေ့အထိ ဧပြီ  ၁ ရက်မှ နောက်တစ်နှစ် မတ်လ ၃၁ ရက်တွင် အဆုံးသတ်သည့် ဘဏ္ဍာရေးနှစ် သတ်မှတ် သောပုံစံကို ပြောင်းလဲခြင်းဖြစ် သည်။

ထိုကဲ့သို့ ပြောင်းလဲလိုက်ပြီး နောက် မြန်မာနိုင်ငံ၏စီးပွားရေး အခြေအနေဆိုးများ ဆက်တိုက် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း မြန် မာနိုင်ငံတော်ဗဟိုဘဏ် အငြိမ်း စားဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြော ကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်က အစိုးရသက်တမ်းတစ်နှစ် ကျော်ချိန်တွင် စီးပွားရေးနှင့်ပတ် သက်၍ အဆင့်မြင့်ဆုံး ဆွေးနွေး ပွဲဖြစ်သော ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် ဘဏ္ဍာရေးနှစ် သတ်မှတ်သောပုံစံ ပြောကြားခဲ့ သော်လည်း သမ္မတမတိုင်မီ ပြော ကြားခဲ့သူလည်း ရှိသည်။

၂၀၁၆ ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ် တော်၌ အမျိုးသားလွှတ်တော်အ မတ် ဦးမျိုးဝင်းက မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ဘဏ္ဍာ ရေးနှစ်သည် မိုးတွင်းကာလ လေး လပါဝင်နေခြင်းကြောင့် လုပ်ငန်း များ လုပ်ကိုင်ရန် ရာသီဥတုက အခက်အခဲဖြစ်စေသဖြင့် ပြန်လည် ပြင်ဆင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ် သည်။

‘‘ကျွန်တော်တို့နိုင်ငံရဲ့ရာသီ ဥတုအရ အဲဒီအချိန်ဆို မြန်မာ ပြည်အောက်ပိုင်းမှာ မုတ်သုံလေ စတင် ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ ဒီတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်တဲ့ နေရာမှာ အထူးသဖြင့် မြေသား လုပ်ငန်းတွေမှာ မိုးကြောင့် ဆုံးရှုံး မှုနဲ့အတူ လုပ်ငန်းတွေ နှောင့်နှေး ကုန်တယ်။ မိုးက လေးလဆိုတော့ ပွင့်လင်းရာသီ အောက်တိုဘာကျမှ လုပ်ငန်းတွေ အနှောင့်အယှက် ကင်းကင်းနဲ့ လုပ်နိုင်ပါတယ်’’ဟု ဦးမျိုးဝင်းက လွှတ်တော်တွင်ဆွေး နွေးသည်။ ထို့ကြောင့် အောက်တိုဘာ ၁ ရက်က စ၍ စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသော ပုံစံ ပြောင်းလဲရန် ဦးမျိုးဝင်းက အကြံ ပြုသည်။

ဘဏ္ဍာရေးနှစ်ကို ပြက္ခဒိန် နှစ်အတိုင်း ဇန်နဝါရီမှ ဒီဇင်ဘာ အထိ သတ်မှတ်သည့် ပုံစံကို တရုတ်၊ ဂျာမနီနှင့် တိုင်ပေတို့က ကျင့်သုံးသည်။ ဧပြီတွင် စတင်၍ နောက်နှစ်မတ်လကုန်၌ ဆုံးသည့် ဘဏ္ဍာနှစ်ကို မြန်မာ၊ အင်္ဂလန်၊ အိန္ဒိယနိုင်ငံများက  ကျင့်သုံးပြီး အောက်တိုဘာကစ၍ နောက်နှစ် စက်တင်ဘာတွင် အဆုံးသတ်သည့် ဘဏ္ဍာရေးနှစ် သတ်မှတ် သောပုံစံကို အိမ်နီးချင်း ထိုင်းနှင့် အမေရိကန်နိုင်ငံတို့ကကျင့်သုံးနေ ကြောင်း ဦးမျိုးဝင်းက လွှတ်တော်တွင် အကိုးအကား အပြည့်အစုံ ဖြင့် ပြောသည်။

ဘဏ္ဍာရေးနှစ်ပြောင်းလဲရန် ဦးမျိုးဝင်းက ပြည်ထောင်စုလွှတ် တော်တွင်ဆွေးနွေးပြီးနောက်ခုနစ်လခန့်အကြာ၌ သမ္မတ ဦးထင် ကျော်က ဘဏ္ဍာရေးကော်မရှင် တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဘဏ္ဍာရေးနှစ်ပြောင်းလဲ မှုကို အများသဘောတူညီသဖြင့် ဆွေးနွေးစရာမရှိကြောင်း၊ သို့ သော် ပြည်ထောင်စုလွှတ်တော် နှင့် တိုင်ပင်ရန်လိုအပ်ကြောင်း၊ ဘဏ္ဍာရေးနှစ်ပြောင်းလဲမည်ဆိုပါ က အမြန်ပြောင်းလဲစေလိုကြောင်း၊ တိုင်းဒေသကြီး အစိုးရများနှင့် လွှတ်တော်များအကြား သဘောထားရိုးရိုးဖြင့် မတူညီမှုများရှိသည်ကို နားလည်ကြောင်း၊ သို့သော် ညှိနှိုင်းဆောင်ရွက်ပြီး နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးအတည် ပြုရန် လိုသေးသော်လည်း ပြောင်းမည်ဆိုပါက အမြန်ပြောင်းရန် ဒေါ်အောင်ဆန်းစုကြည်၏ မှတ် ချက်ကြောင့် မကြာမီ ပြောင်းတော့ မည်ဟု သုံးသပ်မှုများ ထွက်ပေါ် နေသည်။

လက်ရှိ မြန်မာနိုင်ငံတွင်ကျင့်သုံးနေသည့် ဘဏ္ဍာရေးနှစ်သည် ဧပြီ ၁ ရက်မှ မတ်လ ၃၁ ရက်အထိဖြစ်ပြီး ဘဏ္ဍာရေးနှစ်က ဧပြီ ၁ ရက်တွင် စတင်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းအချို့ မိုးရာသီတွင် ဆောင်ရွက်ရခြင်းကြောင့် အ ခက်အခဲဖြစ်ခြင်း၊ စီမံကိန်းများ တင်ဒါခေါ်ပြီးနောက် မိုးရာသီနှင့် တိုက်ရိုက်တွေ့ဆုံရသဖြင့် လုပ်ငန်းမလုပ်နိုင်ဘဲ လေးလခန့်ကုန်ဆုံးသဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးကို အဟန့်အတားဖြစ်စေ ကြောင်း နိုင်ငံတော်သမ္မတက ကော်မရှင် အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ကို အောက်တိုဘာ  ၁ ရက်က စတင်ပြီး စက်တင်ဘာ ၃၀ တွင် အဆုံးသတ်သည့်ဘဏ္ဍာရေးနှစ်သတ်မှတ်ချက်သည် မြန် မာနိုင်ငံအတွက် ပိုမိုဆီလျော်ပြီး တစ်ဆက်တည်း လုပ်ကိုင်ရသည့် ပွင့်လင်းရာသီလည်း ကာလရှည် ကြာကြောင်း ဦးထင်ကျော်က ဆက်လက်ပြောကြားသည်။

ဘဏ္ဍာရေးနှစ် သတ်မှတ် သောပုံစံကို နိုင်ငံနှင့်ကိုက်ညီသည့် ပုံစံ ပြန်လည်ပြင်ဆင်ရန် စီးပွား ရေးပညာရှင်များ၏အကူအညီနှင့် အကြံပြုချက်များကိုလည်း ရယူ သင့်ကြောင်း ဦးမျိုးဝင်းက ပြည် ထောင်စုလွှတ်တော်တွင် အကြံပြု ထားသည်။

‘‘မြန်မာနိုင်ငံက လယ်ယာ စိုက်ပျိုးရေးနိုင်ငံဖြစ်တော့ သီးနှံ ပေါ်ချိန် အောက်တိုဘာလမှာ ဘတ်ဂျက်ကို စတာအကောင်း ဆုံးပဲ’’ ဟု ဦးသန်းလွင်က ဆက် လက်ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်း များအတွက်သာမက တောင်သူ များအတွက်လည်း မိုးစပါးပေါ်ချိန် တွင် ဘတ်ဂျက်စတင်သုံးစွဲပါက လယ်ယာလုပ်ငန်းခွင်နှင့် ဆက်စပ် နေသူများအတွက် အခွင့်အလမ်း ကောင်းဖြစ်လာနိုင်ကြောင်း ၎င်း က ဆက်လက်ပြောသည်။

‘‘အောက်တိုဘာကို ပြောင်း မှာက အားလုံးအဆင်ပြေပါတယ်။ ဆောက်လုပ်ရေးသမားတွေမှ မ ဟုတ်ဘူး။ လယ်သမားတွေအ တွက်ရော အားလုံးအဆင်ပြေလာ နိုင်တယ်’’ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်ကလည်း ထောက် ခံပြောကြားသည်။ ဧပြီ ၁ ရက်တွင် ဘဏ္ဍာရေး နှစ်စတင်သောကြောင့်နှစ်သစ်ကူးရုံးပိတ်ရက်များသော ဧပြီသည် လုပ်ငန်းမတွင်ဘဲ မေလတွင်မှလုပ် ငန်းများ လည်ပတ်လုပ်ကိုင်နိုင် သည်။ ထို့နောက် ဇွန်လရောက်ပါ က မိုးရာသီဝင်သွားသဖြင့် လုပ်ငန်းများလုပ်ကိုင်ရန် နှေးကွေးလေ့ ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

အစိုးရ၏ဘဏ္ဍာနှစ်ပြောင်းလဲမှုအတွက် စီးပွားရေးလုပ်ငန်း ရှင်အများစုက သဘောကျသော် လည်း ပိုမိုအာရုံစိုက်ရန် လိုသည် မှာ ကျဆင်းနေသည့် စီးပွားရေးကို  အလျင်အမြန် ကုစားပေးရန်ဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်အ ချို့က တိုက်တွန်းသည်။

‘‘ဘဏ္ဍာနှစ် ပြောင်းလဲမှု လည်း လုပ်သလို တစ်ဖက်က လည်း စီးပွားရေးပြန်တက်လာ အောင် စီမံဆောင်ရွက်ပေးဖို့ လို အပ်နေတယ်’’ဟု မြန်မာနိုင်ငံကုန် သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြောသည်။

ပြည်တွင်းရှိ စီးပွားရေးလုပ် ငန်းများနှေးကွေးလာခြင်း၊ ငွေ ကြေးဖောင်းပွမှုကြောင့် ကုန်ဈေး နှုန်းကြီးမြင့်နေခြင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံ၏အလုပ်သမားမူဝါဒ အပြောင်းအလဲကြောင့် ပြည်ပ တွင် သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမား ခြောက်သောင်း ကျော် နေရပ်ပြန်လာရခြင်း၊ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အဝင်နည်းခြင်း ကြောင့် ပြည်တွင်း၌အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ပြည်သူအများစု စီးပွားရေးကျပ်တည်း ကာ ဝယ်လိုအားကျဆင်းခြင်း စ သည့် အခက်အခဲများ ကြုံတွေ့ နေရကြောင်း စီးပွားရေးလုပ်ငန်း ရှင်အချို့နှင့် ပညာရှင်များကပြောသည်။

ထို့အပြင် ဘဏ္ဍာရေးနှစ် သတ်မှတ်သော ပုံစံပြောင်းလဲပါ က စီးပွားရေးလုပ်ငန်းများ၏အခွန် ရှင်းလင်းမှုစနစ်များလည်း ပြောင်းလဲရမည်ဖြစ်သောကြောင့် အခွန်ယဉ်ကျေးမှုနှင့် မရင်းနှီးသေးသည့် နိုင်ငံတွင် အစိုးရဝင်ငွေလျော့ကျ နိုင်သည်ကိုလည်း စီးပွားရေးလုပ် ငန်းရှင်အချို့က သတိပေးသည်။

အောက်တိုဘာ - စက်တင်ဘာ ဘဏ္ဍာရေးနှစ်သည်တစ်ဆက်တည်း လုပ်ကိုင်ရမည့် ပွင့်လင်းရာသီကာလ အရှည်ဆုံးဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ နိုင်သော်လည်း စတင်ဆောင်ရွက် သည့်အချိန်၌ လက်ရှိကျင့်သုံးနေသည့် ဘဏ္ဍာရေးနှစ် သတ်မှတ်သောပုံစံ ကွာဟချက်ကြောင့် ကာ လအပိုင်းအခြား သတ်မှတ်ချက် မ တူညီသဖြင့် စာရင်းပြုစုရာတွင် အနည်းငယ် အခက်အခဲရှိမည့် အပြင် မေခရို စီးပွားရေးညွှန်း ကိန်း များ တွက်ချက်ရာတွင်လည်း ပြောင်းလဲနိုင်ကြောင်း နိုင်ငံတော် သမ္မတက ကြိုတင်သတိပေး  သည်။

မေခရိုညွှန်းကိန်းအပေါ်တွင် ခန့်မှန်းတွက်ချက်ရသည့် ရငွေနှင့် အသုံးစရိတ်များသည်လည်း ညွှန်း ကိန်းပြောင်းလဲသည်နှင့် ခန့်မှန်း တွက်ချက်မှုလည်း ပြောင်းလဲနိုင် ပြီး အမှန်နှင့်နီးစပ်မှုမရှိနိုင်တော့ ကြောင်း၊ ယင်းကို ဖြေရှင်းနိုင်ရန် အကောင်းဆုံးနည်းလမ်းကို ရှာဖွေရမည်ဖြစ်ကြောင်း သို့ဖြစ်၍ မိမိ တို့ ဘဏ္ဍာနှစ်ပြင်ဆင်သတ်မှတ် ခြင်းကို ဝိုင်းဝန်းစဉ်းစားကြရန် သမ္မတက လမ်းဖွင့်ပေးထားသည်။

ဘဏ္ဍာရေးနှစ်ပြောင်းလဲမှု ကြောင့် ပုဂ္ဂလိကကဏ္ဍစီးပွားရေး လုပ်ငန်းများ၏အခွန်ရှင်းလင်းရေး စနစ်များအပြောင်းအလဲရှိလာနိုင် သဖြင့် အစိုးရအနေဖြင့် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သည်ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောသည်။

‘‘လက်ရှိဘဏ္ဍာရေးနှစ်သတ်မှတ်ချက်က ဦးနေဝင်းလက်ထက်ကတည်းက ပြောင်းခဲ့တာဆိုတော့ နှစ်အတော်ကြာ ကျင့်သုံးခဲ့တာ။ အဲဒါကို အခုပြောင်းမယ်ဆိုရင်အစပိုင်းတော့ စာရင်းအင်းအပိုင်း၊ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုအပိုင်း တွေမှာ အခက်အခဲတော့ရှိနိုင်တယ်’’ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။

ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်နှင့် အစိုးရဘတ်ဂျက်ရေးဆွဲမှု သည် များစွာအရေးကြီးကြောင်း စီးပွားရေးပညာရှင်များက ပြော ကြားသည်။

လက်ရှိ ဘဏ္ဍာရေးနှစ်သတ်မှတ်သော စနစ်တွင် ဝန်ကြီးဌာန များက ဘတ်ဂျက်အတွက်အနည်းဆုံး ငါးလခန့်အချိန်ပေး၍ ရေးဆွဲရပြီး လွှတ်တော်ကလည်း အနည်းဆုံး သုံးလခန့် ကြိုတင်၍ စစ်ဆေး ပြင်ဆင်ရကြောင်း ဖွံ့ဖြိုးရေးပညာ ရှင် ဦးတင်မောင်သန်းက ပြော ကြားသည်။

ထို့ကြောင့် ဘဏ္ဍာနှစ် ပြောင်းလဲမည်ဆိုပါက ဝန်ကြီးဌာ နများ၊ ဝင်ငွေနှင့် အသုံးစရိတ်များ ကြိုတင်ပြင်ဆင်ရန် စတင် ပြောင်း လဲသည့်နှစ်တွင် ကြားကာလ အ ချိန်ခြောက်လခန့် အစိုးရက ပေး ထားသင့်သည်ဟု ဦးတင်မောင် သန်းက အကြံပြုသည်။

ထို့အပြင် ဘဏ္ဍာရေးနှစ် သတ်မှတ်ချက် ပြောင်းလဲမည်ဆို ပါက ကုန်သွယ်ဖက်နိုင်ငံများ၏ ဘဏ္ဍာရေးနှစ်သတ်မှတ်ချက်ကို လည်း လေ့လာသုံးသပ်ရန်လိုအပ် ကြောင်း စီးပွားရေးပညာရှင်ဒေါက်တာအောင်ကိုကိုက အကြံပြု သည်။

ဒီချုပ်အစိုးရ ပထမနှစ်တွင် ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်နေပြီး စီးပွားရေးကို လျစ်လျူရှုထားသည်ဟု ဝေဖန်မှု များကြောင့် ဒုတိယနှစ်တွင် စီးပွား ရေးကို ပိုမိုအာရုံစိုက်လာသည်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၇ တွင် အစိုးရက စီးပွားရေး ကို ပိုမိုအာရုံစိုက်ဆောင်ရွက်မည်ဟု နှစ်သစ်ကူးကာလ၌ 7Day News အား ပြောကြားခဲ့သည်။

ဇွန်လ ၆ ရက်တွင် နေပြည် တော် MICC-2 ၌ ကျင်းပသော မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၇ ဆွေးနွေးပွဲတွင် ယခုနှစ်သည် မြန်မာပြည်၏စီးပွားရေးကို အရှိန် အဟုန်နှင့်တိုးတက်အောင်ဆောင် ရွက်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးကျော်ဝင်းက ကြုံးဝါးထားသည်။

နိုင်ငံ့စီးပွားရေးတိုးတက်မှုကို ခန့်မှန်းထားသည်ထက် ပိုမိုတိုးတက်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဈေးကွက်အခြေအနေ မည်သို့ပင် ဖြစ်စေကာမူ သူတစ်ပါးထက် ခြေ တစ်လှမ်းသာရန် ဆောင်ရွက်ရ မည်ဟု ဒေါ်အောင်ဆန်းစုကြည်က လည်း ဇူလိုင် ၇ ရက်သမ္မတအိမ်တော်၌ ကျင်းပသော အမျိုးသား စီမံကိန်းကော်မရှင် အစည်းအဝေးတွင် အစိုးရအဖွဲ့အား ထုတ်ဖော် ပြောကြားခဲ့သည်။

အစိုးရက စီးပွားရေးကို ပိုမို ဦးစားပေးလာသော်လည်း လတ်တလောတွင် ပြည်သူများ အသီးအပွင့်မခံစားရသေးပေ။ ဂျက်ပါဝါ ဖြင့် ပျံတက်မည့် မြန်မာ့စီးပွားရေး အတွက် ဘဏ္ဍာရေးနှစ် သတ်မှတ် ချက်အပြောင်းအလဲက မည်မျှ အထောက်အပံ့ဖြစ်မည်ကို စောင့် ကြည့်ရမည်ဖြစ်သည်။
7Day News

No comments:

Post a Comment