Latest News

Saturday, July 1, 2017

ရက် ၁၂ဝ မစောင့်ဆိုင်းဘဲ ထိုင်းနိုင်ငံက ပြန်ခဲ့တယ်

ရက် ၁၂ဝ မစောင့်ဆိုင်းဘဲ ထိုင်းနိုင်ငံက ပြန်ခဲ့တယ်

တစ်ဖက်ကမ်းသို့  လှမ်းကြည့်ရင်း ကိုအောင်ကျော်သူ သက်ပြင်း ကိုချသည်။ မျက်တောင်တစ်ဆုံးပင်မရှိသည့် နီးကပ်လှသော တစ်ဖက်ကမ်းတွင်  ကြိုဆိုနေသူများက  မနည်းမနောပင်။ မိန်းမကတော့ ဇာတိကိုပြန်ရတော့မည်ဖြစ်သဖြင့် ပျော်နေ ပေလိမ့်မည်။ ''အဖမ်းမခံရတော့ပါဘူးကွာ'' ဟု အမျိုးသမီး ကို လှည့်ပြောရင်းလှေပေါ် သို့ တက်သည်ကို အမျိုးသမီးဖြစ်သူ က ''ရှင်ဘာလုပ်စားမလဲ စဉ်းစားထား'' ဟူ၍ ငေါ့တော့တော့ ပြန်ပြောသဖြင့် လှေကလေးအတွင်း ရယ်သံများ ခပ်အုပ်အုပ် ထွက်သွားသည်။ နီစွေးနေသည့် ရေပြင်ကို တစ်မိနစ်ဝန်းကျင် သာဖြတ်သန်းလိုက်ရသည်။ ကိုအောင်ကျော်သူတို့ အပါအဝင် ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ မြန်မာလုပ်သားများ ဇာတိ မြေသို့ပြန်လည်ရောက်ရှိလာကြသည်။

''ဘာလုပ်စားကြမလဲဆိုတာ အခုမစဉ်းစားရသေးဘူး။ အိမ်ပြန်ပြီးသမီးလေးနဲ့ ကျွန်တော့်အမေကို တွေ့ဖို့ပဲ လောလော ဆယ် စဉ်းစားထားတယ်''  ဟု  မေးမြန်းသူများကို ပြန်လည် ဖြေကြားရင်း အားပေးအပြုံးများဖြင့် ကြိုဆိုနေကြသူများကို ကိုအောင်ကျော်သူ အပါအဝင် လှေပေါ်မှတက်လာသူများက အားကိုးတကြီး ကြည့်သည်။ ပေးအပ်သည့် ထမင်းထုပ်များ၊ အအေးများ၊ သောက်ရေသန့်များကို ပျော်ရွှင်စွာယူသည်။ သူတို့၏ မျက်နှာဝယ် မယုံ သင်္ကာရှိမှုများ လျော့နည်းသွားသည်။ စိုးရိမ်ပူပန်မှုများ သက်သာသွားသည်။ သို့သော် အလုပ်အကိုင် အခွင့်အလမ်းများအတွက်တော့ သက်ပြင်းသံငွေ့ငွေ့ကို အများ စုထံတွင် မြင်တွေ့ရသည်။

ယင်းမြင်ကွင်းသည် ဇွန်လ ၃ဝရက်နေ့ နံနက် ၉ နာရီခွဲတွင် ၉၉၉ နယ်စပ်ဂိတ်သို့ ပြန်လည်ဝင်ရောက်လာကြသည့် ဒုတိယ အသုတ် အလုပ်သမားများပင်ဖြစ်သည်။ လှေပေါ်တွင် အမျိုး သမီး ၁၄ ဦးနှင့် အမျိုးသား ၅၅ ဦးတို့ လိုက်ပါလာခဲ့ကြပြီး ထိုတစ်နေ့တည်းတွင်ပင်  လှေမှာထိုင်းနှင့် မြန်မာနှစ်နိုင်ငံကြား ရေပြင်တွင် လူးလာခေါက်ပြန် အကြိမ်ပေါင်းများစွာဖြင့် ထောင် နှင့်ချီသည့် နေရပ်ပြန်သူတို့ကို ပို့ဆောင်ပေးနေသည်။

ထိုင်းနိုင်ငံမှ မကြာသေးမီကာလက နိုင်ငံခြားသား  အလုပ် သမားဥပဒေအား  အသစ်ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေသစ် အနေဖြင့် တရားမဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ် သမားများနှင့် အလုပ်ရှင်များကို စိစစ်တွေ့ရှိပါက ဖမ်းဆီး၍ ဒဏ်ငွေများနှင့် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သည့် အချက်များပါရှိသည်ကို  တွေ့ရှိရသည်။
 မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ   ယင်းဥပဒေနှင့် ပတ်သက်၍ ကြိုတင်သတိပေးထားခဲ့သော်လည်း ထိုင်းဘာသာစကားမတတ်ကျွမ်းမှု၊ ဥပဒေအကျိုးသက်ရောက် မည့် နေ့ရက်များကို သတိမမူမိမှုနှင့် လေ့လာမှုအားနည်းခြင်းတို့ ကြောင့်  ဖမ်းဆီးအရေးယူခံရမှုများ များပြားလျက်ရှိသည်။

သို့သော် အခြေအနေအရပ်ရပ်ကြောင့် ထိုင်းဝန်ကြီးချုပ်က ဇွန် ၃ဝ ရက်စွဲဖြင့် အထောက်အထားမဲ့ ပြည်ပမှလာရောက် လုပ်ကိုင်ကြသည့် အလုပ်သမားများအား ရက်ပေါင်း ၁၂ဝ အတွင်း မဖမ်းဆီးသေးကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ထိုင်းအာဏာပိုင်များသည် ဥပဒေစတင်အသက်ဝင်သည့် ဇွန်လ ၂၂ ရက်နေ့မှစ၍ တရားမဝင်အလုပ်သမားများအား စတင်ဖမ်းဆီးခဲ့ရာ ဇွန်လ ၂၉  ရက်နေ့တွင် မြဝတီ ၉၉၉ (ကိုးသုံးလုံး) ဂိတ်၌ မြန်မာရွှေ့ပြောင်း   အလုပ်သမားများ        ပြန်လည်ရောက်ရှိလာနေပြီဖြစ်သကဲ့သို့ ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ အလုပ်သမား အများစုသည်လည်း နေရပ် ပြန်ကြရန် ပြင်ဆင်နေပြီဖြစ်သည်။

''ထိုင်းပြည်သူတွေက     ကန့်ကွက်မှုတွေကြောင့် အလုပ်သမား ဥပဒေသစ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို ဇွန် ၂၉ ရက်မှာ အနည်းငယ်ဖြေလျှော့ပေးလိုက်ပါတယ်။  ပန်း ရောင်ကတ်ကိုင်တဲ့ အလုပ်ရှင်မတူတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေကို  ဖမ်းမှာမဟုတ်ဘဲ အမြန်ဆုံးလက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ရှင်လက်အောက်ကို တရားဝင်ရွှေ့ပြောင်းကြဖို့နဲ့  ယာယီ နိုင်ငံကူးလက်မှတ်အနီ ဒါမှမဟုတ်MOUနိုင်ငံကူးလက်မှတ် ခရမ်းရောင်ကိုင်ထားသူတွေ ဆိုရင်လည်းWork permit  မရှိဘဲ အလုပ်လုပ်နေသူတွေကို ဖမ်းဦးမှာမဟုတ်ပါဘူး။ သူတို့တွေအနေနဲ့ အမြန်ဆုံးမိမိအလုပ်ရှင်၊  လုပ်ငန်းအမျိုးအစား တူ အလုပ်လုပ်ခွင့်လက်မှတ်တွေတော့ လုပ်ထားဖို့လိုအပ်မယ်''ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ ဦးထူးချစ်က ဇွန် ၂၉ရက် က ပြောပြသည်။

ထိုင်းသတင်းများတွင် ဖော်ပြချက်များအရ မြန်မာအလုပ် သမားငါးထောင်ဝန်းကျင်ကို ဖမ်းဆီးထားကြောင်း ခန့်မှန်း သတင်းများရှိနေပြီး အများစုမှာ ထိုင်းအစိုးရ ထပ်မံထုတ်ပြန် သည့် သတင်းကိုမျှော်လင့်ရင်း ဆက်လက်စောင့်ဆိုင်းနေထိုင် သူများလည်း  ရှိသေးသည်။
''ပြန်တာက ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အားလုံးကို ပြန်ပို့ရင် သူတို့အလုပ်သမားတွေ ဘယ်ကရမလဲ။ သူတို့ထိခိုက်တာမျိုးတော့ ထိုင်းကလုပ်မှာမဟုတ်ပါဘူး။ တရား မဝင်က သိန်းနဲ့ချီရှိတာ။ အဲဒါတွေ အကုန်ပြန်ပို့ရင် သူတို့ပဲ ဒုက္ခရောက်မှာ။ ဒါကြောင့် အခြေအနေစောင့်ကြည့်နေတယ်။ ကျွန်တော်က အနီကိုင်ထားတော့ အချိန်ရတယ်လေ။Work Permit  ကတော့ မရှိဘူး။ ပြန်တော့မပြန်ချင်ဘူး။ ဖောင်ဖျက်ပြီး ထွက်လာခဲ့တာ။ ပိုက်ဆံမပါဘဲ မြန်မာနိုင်ငံ မပြန်ချင်သေးဘူး''ဟု အမျိုးသားတစ်ဦးကလည်း သူ့လူမှုကွန်ရက်တွင် ရေးသား ထားသည်ကို မြင်တွေ့ရသည်။

မြန်မာအစိုးရအနေဖြင့် ထိုင်းဥပဒေပါအချက်အလက် များအရ အထောက်အထားမခိုင်လုံသူများကို တရားဝင် လမ်း ကြောင်းမှတစ်ဆင့် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ကာ ပြန်လည် ခေါ်ယူနိုင်ရန် ထိုင်းအစိုးရထံသို့ အကြောင်းကြားမှုကို ဇွန် ၂၉ ရက်က ပြုလုပ်ခဲ့ပြီး နေရပ်ပြန်သူများ ခေတ္တတည်းခိုနိုင်ရေး၊ အိမ်ပြန်နိုင်ရေးတို့အတွက် အကူအညီများကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဦးဆောင်ကာ မြန်မာအလုပ်သမား ကူညီရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးလျက်ရှိ နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ    ဒုတိယòန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက  ပြောကြားသည်။

လက်ရှိတွင် ဇွန် ၂၉ ရက်ကထုတ်ပြန်သည့် ထိုင်းအစိုးရ၏ ကြေညာချက်နှင့် ဇွန် ၃ဝရက်တွင် ထုတ်ပြန်သည့်ကြေညာချက် များကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားဦးရေ   ကျဆင်းသွားနိုင်သော်လည်း ပြန်လည်ဝင်ရောက်လျက်ရှိသည့် ဇွန် ၂၉ ရက်နှင့် ၃ဝရက်များ အတွင်း ဝင်ရောက်သူဦးရေ  သောင်းဂဏန်းဝန်းကျင်ရှိနိုင် ကြောင်း၊ ထပ်မံ၍လည်း   ပြည်တော်ပြန်ကြရန် ရည်ရွယ်သူ များစွာရှိနေကြောင်း၊ အချို့သော မြန်မာအလုပ်သမားများမှာ နေရပ်မပြန်လိုသဖြင့် တိမ်းရှောင်မှုများ ပြုလုပ်နေသည်ကို လည်း သိရှိရကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူများထံက သိရှိရသည်။

''ဘယ်လိုပဲဖြစ်ဖြစ်  တရားဝင်ဖြစ်ရင်တော့ အကောင်း ဆုံးပဲ။ တိမ်းရှောင်နေမယ်ဆိုရင် တခြားပြဿနာတွေ ဖြစ်လာ နိုင်တယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်တိုင်းပြည်ပြန်ပြီး အခြေ အနေစောင့်ကြည့်တာက ပိုကောင်းမယ်  ထင်ပါတယ်။ ထိုင်း အစိုးရအနေနဲ့လည်း ဒဏ်ငွေယူချင်ယူမှာ။ သူများနိုင်ငံသားကို ထောင်ထဲထည့်ပြီး အကြာကြီး မကျွေးထားချင်ပါဘူး။ ထောင် ကထွက်လာလည်း ပြန်ရမယ့်အတူတူ တရားဝင်ပြန်လာခွင့်ရ အောင် ကိုယ့်တိုင်းပြည်ကနေ စောင့်ဆိုင်းသင့်တယ်။ အခု ရက်ပေါင်း ၁၂ဝ ပိုနေခွင့်ရမယ်ဆိုလည်း မနေဘဲ ပြန်လာပြီး တရားဝင်ဖြစ်အောင်  သုံးလအတွင်း ကြိုးပမ်းကြည့်တာပို ကောင်းမယ်။ ဒီကနေကောင်းတဲ့သူဌေးဆိုလည်း နားလည် အောင်ပြောပြီး စနစ်တကျနဲ့ တရားဝင်ပြန်လာနိုင်ဖို့ အကူအညီ အချိတ်အဆက် လုပ်ထားသင့်တယ်။ သူတို့အစိုးရနှစ်ဖက် ပြေလည်အောင်ညှိနှိုင်းနေတဲ့အချိန် ပြန်ရတာအကောင်းဆုံး ဖြစ်မယ်''ဟု အလုပ်သမားအရေးဆောင်ရွက်သူ ကိုသစ်ထူး လူကလည်း ပြောပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရောက် အလုပ်သမားအဖွဲ့အစည်း များ၊ မြန်မာနိုင်ငံတွင်းရှိ  ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာများက ပြန်လည်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံရောက် အလုပ်သမား များကို နွေးထွေးစွာကြိုဆိုလျက်ရှိကြပြီး နေရပ်သို့ အဆင်ပြေ ချောမွေ့ စွာပြန်လည်ရောက်ရှိရန် ကူညီပေးလျက်ရှိသည်ကို မြင်တွေ့ရပြီး ပြန်လည်ရောက်ရှိသူများအတွက် မြန်မာနိုင်ငံ အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး လုပ်ငန်းစဉ်များကိုလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား များအားလုံး ဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ လိုအပ်နေချိန် ဟုလည်း ရှုမြင်သုံးသပ်ရပါကြောင်း။
သတင်းဆောင်းပါး-ခင်ရတနာ၊ ဓာတ်ပုံ- ထူးချစ်၊ ကိုကိုအောင်
(မြန်မာ့အလင်း)

No comments:

Post a Comment