Latest News

Saturday, July 1, 2017

မြိုင်ဟေဝန်ဆင်စခန်းဆီသို့ ....

မြိုင်ဟေဝန်ဆင်စခန်းဆီသို့ ....

ဇွန်လမိုးက ဆက်တိုက်စွေနေသည်။ သည်ရက်ပိုင်းဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်နေသဖြင့် မိုးကမပြတ်၊ တဖွဲဖွဲရွာလိုက်၊ သဲသဲမဲမဲရွာလိုက်၊ ရပ်သွားလိုက်နှင့် နေရောင်ပင်ကောင်းကောင်းမမြင်ရ၊ ယခုလည်းရေသွန်ချသလို ရွာနေသည့်မိုးကြောင့် ကားလမ်းပေါ်ရေတွေဖွေးနေသည်။ လေလည်းတိုက်၊ မိုးလည်းရွာနေသည်ဖြစ်ရာ ကားကိုဖြည်းဖြည်းမောင်းနေသော်လည်း ရှေးတူရူကို သဲကွဲစွာ မမြင်ရသဖြင့် ကားကိုလမ်းဘေး၌ အသာရပ်လိုက်ရသည်။ မိုးတိတ်မှ ကားထွက်တော့မည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။ မိုးကသည်းနေဆဲ၊ လေကတိုက်နေဆဲ။

ရန်ကုန်-တိုက်ကြီးကားလမ်းအတိုင်း  မောင်းနှင် လာသော ကျွန်တော်တို့ကားက လမ်းခုလတ်မှာ ပင်  ရပ်တန့်ထားရသည်။ ရန်ကုန်မှအထွက် မိုးအုံ့နေသော်လည်း တိုက်ကြီးမရောက်ခင်  သုံး မိုင်ခန့်၌ပင် မိုးရောလေပါကျလာခြင်း ဖြစ်သည်။ သည်တစ်ပတ် ပိတ်ရက်တွင် တိုက်ကြီးမြို့နယ် အတွင်းရှိ မြိုင်ဟေဝန်ဆင်စခန်းသို့ လာရောက် ခြင်းဖြစ်ရာ ရန်ကုန်နှင့် မိုင် ၆ဝ ခန့်သာရှိသဖြင့် နေချင်းပြန်ခရီးစဉ်ဖြစ်ရာ အဆင်ပြေလေသည်။

ကျွန်တော်အရင်က  ဖိုးကျားဆင်စခန်းသို့ သွားရောက်ခဲ့ဖူးသည်။ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း  တည်ရှိသော ဖိုးကျားဆင်စခန်းက   နာမည်ကြီးသည်။ ထိန်းသိမ်းလေ့ကျင့်ပေးထားသည့် ဆင်များ၏တတ်ကျွမ်းမှုက  လာရောက်လေ့လာသူများ အတွက် အံ့သြစရာ၊ စိတ်လှုပ်ရှားစရာကောင်း သည်။ အခုလည်းရန်ကုန်နှင့် မနီးမဝေးတွင် တည်ရှိသော   မြိုင်ဟေဝန်ဆင်စခန်းသို့ လေ့လာရန် ကျွန်တော်တို့ရန်ကုန်မှ လာခဲ့ကြ ခြင်းဖြစ်သည်။

တကယ်တော့  မြန်မာနိုင်ငံသည်  ဆင်များ နှင့် မစိမ်း၊ မြန်မာရှေးဘုရင်များ လက်ထက် ကတည်းက  ဆင်များကို  စစ်ချီ၊ စစ်တက်၊ စစ်ရေးစစ်ရာတို့တွင်   တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသည်။  မြန်မာ့စစ်မက်ရေးရာ တွင် သူရဲကောင်းများမှာ ဆင်အတတ်၊ မြင်းအတတ် များကို  ကျွမ်းကျင်တတ်မြောက်ရသည်။ ရှေးခေတ်ဘုရင်များ၏   မြန်မာ့တပ်မတော်               တွင် ဆင်တပ်၊ မြင်းတပ်များထားရှိခဲ့ရာ  ဆင် များ၏ အခန်းကဏ္ဍက အရေးပါခဲ့သည်။ ခေတ် အဆက်ဆက်တွင် ဆင်များက အကျိုးပြုခဲ့သည် ချည်းဖြစ်သည်။

ယခုခေတ်တွင်လည်း မြန်မာ့ဆင်များက သစ်လုပ်ငန်းများတွင်  အသုံးပြုနေရဆဲဖြစ် သော်လည်း  သစ်တောများ ထိန်းသိမ်းရန်နှင့် သစ်ခုတ်၊ သစ်ထုတ်လုပ်မှုများ ကန့်သတ်ထား သဖြင့် ဆင်များလုပ်ငန်းခွင်မဝင်ရောက်ရချိန်၌  မြန်မာနိုင်ငံ တစ်ဝန်း ဆင်စခန်းများ ဖွင့်လှစ်ကာ ခရီးသွားလုပ်ငန်းအတွက် အကျိုးပြုနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ဆင် ကောင်ရေ ၄ဝဝဝ မှ ၅ဝဝဝအကြား ရှိမည်ဟု စာရင်းဇယားများတွင်  ဖော်ပြထားရာ က္ဘာ ပေါ်၌ ဆင်ကောင်ရေအများဆုံး ထိန်းသိမ်းထား နိုင်သည့်  နိုင်ငံများတွင်  မြန်မာနိုင်ငံလည်း ပါဝင်လျက်ရှိသည်။ ဝိသမလောဘသမားများ ကြောင့် ဆင်များ သတ်ဖြတ်ခံရခြင်းများလည်း ရှိနေဆဲဖြစ်ရာ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ကြရမည် ဖြစ်သည်။

အတွေးလွန်နေသဖြင့်   မိုးရော  လေပါ ငြိမ်သက်သွားသည်ကို သတိမထားမိလိုက်၊ ကျွန်တော့်မိတ်ဆွေ  ကိုသိန်းမြင့်၏ ''ကဲ..သွားကြမယ်'' ဟု ဆိုလိုက်မှ သတိပြန်ဝင်လာ သည်။  ကားကိုခပ်မှန်မှန်သာ   မောင်းနှင်နေ သဖြင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လေ့လာခွင့်ရသည်။ မိုးစိတ်ကြိုက် ရွာပြီး၍လားမသိ။ ပတ်ဝန်းကျင်တစ်ခွင်က လန်းဆန်းပွင့်လင်း လျက်ရှိနေသည်။ နေရောင် ဖြာကျလျက်ရှိရာ ရေချိုးပြီးစ လုံမငယ်တစ်ဦး အသွင်ကဲ့သို့    ပတ်ဝန်းကျင်မြင်မြင်သမျှမှာ လန်းလန်းဆန်းဆန်း ဖြစ်လျက်။

ရန်ကုန်- တိုက်ကြီး- ဥက္ကံ လမ်းပိုင်းကို   ကျွန်တော်အကြိမ်ကြိမ်ဖြတ်သွား၊ ဖြတ်လာခဲ့ဖူး သည်။ ဟိုး...ယခင် နှစ်များက ဤလမ်းသည် မြန်မာနိုင်ငံအတွင်း အကောင်းဆုံး ကားလမ်း တစ်လမ်းအဖြစ် တည်ရှိခဲ့ဖူးသည်။ ထိုစဉ်က ဤ လမ်းကို ကားဖြင့်ဖြတ်သန်းတိုင်း စိတ်ထဲကျေနပ်မှု အပြည့် ဖြစ်ခဲ့ဖူးသည်။ ယခုလည်း ပြုပြင်ထိန်းသိမ်း မှု ပြုလုပ်လျက်ရှိသော်လည်း လမ်းအစိတ်အပိုင်း အချို့တွင် အဆင့်မြှင့်တင်ရန် လိုအပ်နေသည်ဟု စိတ်ထဲထင်မိသည်။

ကျွန်တော်တို့ ပလုန်ရွာသို့ ရောက်လာခဲ့ကြ သည်။ ရန်ကုန်မှ တိုက်ကြီးမြို့နယ် ပလုန်ရွာသို့ အကွာအဝေးမိုင် ၆ဝ ခန့် ရှိသည်ဖြစ်ရာ ကားဖြင့် နှစ်နာရီခန့်  မောင်းနှင်ခဲ့ရသည်။ ပလုန်ရွာတွင် မနားတော့ဘဲ မြိုင်ဟေဝန်ဆင်စခန်းသို့ ဆက်လက် ထွက်ခွာခဲ့သည်။ တောလမ်းခရီးဖြစ်၍ ကားကို ဖြည်းဖြည်းချင်း မောင်းနှင်ခဲ့ရသည်။ ပတ်ဝန်းကျင် တစ်ခွင်၌ သစ်ပင်သစ်တော များကို ကျဲပါးစွာ  မြင်တွေ့ရသော်လည်း ဥယျာဉ်ခြံစိုက်ပျိုးသူများ လည်းရှိကြောင်း သိရသည်။ တိုက်ကြီးသံပရာက နာမည်ကြီးဖြစ်ရာ အခွံပါးပြီး အရည်ရွှမ်းသဖြင့် လူကြိုက်များလေသည်။ စိုက်ပျိုးသူများလည်း တွက်ခြေကိုက်ကြသည်။

အတန်ကြာလာခဲ့ကြပြီးနောက် ''မြိုင်ဟေ ဝန်ဆင်စခန်းမှ ကြိုဆိုပါ၏'' ဟူသော ဆိုင်းဘုတ် နှင့် အဝင်ပေါက်ကို လှမ်းတွေ့ လိုက်ရသည်။ အဖြူရောင်ဖြင့် ရေးသားထားသော ကြိုဆိုရေး အဝင်ပေါက်ဆိုင်းဘုတ်စာလုံးက နီညိုရောင် အောက်ခံပေါ်တွင် ရေးသားထားသဖြင့် ထင်ရှား စွာမြင်တွေ့ရသည်။ သစ်သားမျောတိုင်ငယ်များကို အတန်းလိုက်၊ အနိမ့်အမြင့်  ဒေါင်လိုက်စိုက်ထူ ထားသဖြင့် နီညိုရောင်ဆေးသုတ်ထားသော မျောတိုင်များပုံစံမှာ စိတ်ဝင်စားစရာ၊ တောဆန်ပြီး ရိုးစင်းသော ဆွဲဆောင်မှုရှိနေသည်။ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်   ရေးထိုးထားသော ဆိုင်းဘုတ်စာတန်းကြောင့်  ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများအတွက်လည်း ရည်òန်းထားကြောင်း ထင်သာမြင်သာ ဖြစ်နေ သည်။

ကျွန်တော်တို့ မြိုင်ဟေဝန်ဆင်စခန်းအတွင်း ဝင်ရောက်ခဲ့ကြသည်။   တိတ်ဆိတ်ငြိမ်သက် နေသော ဝန်းကျင်တစ်ခုအတွင်း ရောက်ရှိနေ သကဲ့သို့ ဖြစ်နေသော်လည်း   ခပ်လှမ်းလှမ်းမှ စကားပြောသံသဲ့သဲ့ကို ကြားရသည်။ မြေသားလမ်း အတိုင်း ဝင်ရောက်လာခဲ့ရာ  မကြာမီ  ဆင်များထား ရှိရာ နေရာသို့ရောက်ရှိလာခဲ့ကြသည်။ ကျွန်တော် တို့ရောက်ချိန်တွင် ဆင်များရေချိုးရန် ပြင်ဆင်နေ ချိန်ဖြစ်ရာ အချိန်ကိုက်ဖြစ်သွားသည်။ ကျွန်တော် တို့ထက်  ပိုစောပြီး ရောက်ရှိနေသူနှစ်ဦးမှာ              နိုင်ငံခြားသားအမျိုးသားများဖြစ်၍ မေးမြန်း ကြည့်ရာ ဂျာမနီ နိုင်ငံသားများဖြစ်ကြောင်း သိရ သည်။ လွန်ခဲ့သည့် သုံးရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး   မြန်မာ့ဆင်များ၏ အလေ့အထနှင့် ထိန်းသိမ်းစောင့်ရှောက်နေမှုများ ကို စိတ်ဝင်စားသဖြင့် ရန်ကုန်မြို့နှင့်အနီးဆုံး  မြိုင်ဟေဝန်ဆင်စခန်းသို့ လာရောက်ခြင်းဖြစ် ကြောင်း ရှင်းပြသည်။

မြိုင်ဟေဝန်ဆင်စခန်းမှာ ရန်ကုန်မြို့အနီး တွင် တည်ရှိပြီး အချိန်တိုအတွင်း လာရောက်နိုင် သည့်အနေအထား၌ တည်ရှိသည်။ ၁၉၈၆ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော မြိုင်ဟေဝန် ဆင်စခန်း မှာ ယခင်က ဆင်များ ပြုစုစောင့်ရှောက်ရေးအတွက်  ရည်ရွယ်ခဲ့သော်လည်း   နောက်ပိုင်းခရီးသွား ဧည့်သည်များကို  ဆွဲဆောင်နိုင်သည့် ခရီးစဉ်နေရာ တစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း ဆင်စခန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အကျယ် အဝန်း ၁ဝ ဧကခန့်ရှိသော မြိုင်ဟေဝန် ဆင်စခန်း က ပဲခူးရိုးမကို မေးတင်လျက်ရှိရာ ဆင်များနေထိုင် ကျက်စားရန်နှင့်  လာရောက်လေ့လာသူများ အတွက်ပါ အဆင်ပြေလေသည်။
ဆင်များရေချိုးရာသို့ ကျွန်တော်တို့  လိုက်ပါ ကြည့်ခဲ့ကြသည်။ ဆင်များကို ကိုယ်တိုင်ရေချိုး ပေး၍ရသော်လည်း ဆင်များနှင့် နီးနီးကပ်ကပ် နေထိုင်ရန် စိတ်ကမဝံ့မရဲ ဖြစ်နေရာ ခပ်လှမ်းလှမ်းမှ ရပ်ပြီး လေ့လာနေမိသည်။ ဂျာမနီနိုင်ငံသား နှစ်ဦး က ဆင်များကို  သူတို့ကိုယ်တိုင်ရေချိုးပေးလျက် ရှိကာ ပျော်ရွှင်နေကြသည်။ ဆင်များက စမ်း ချောင်းအတွင်း ရေချိုးနေရ၍လား မသိ၊ စိတ်လက် ပျော်ရွှင်နေပုံရသည်။ ကိုယ်လုံးများ ဟိုဘက်၊ သည်ဘက်လှည့်လိုက်၊ နှာမောင်းဖြင့် ရေများ မှုတ်ထုတ် လိုက်နှင့် စိတ်တိုင်းကျ ပြုမူလျက်ရှိနေ သည်ကို တွေ့ရသည်။

အတန်ကြာမျှ ဆင်များကို ရေချိုးပေးပြီး နောက် ပြန်တက်လာခဲ့ကြသည်။  ဆင်များကို   သတ်မှတ်နေရာသို့ ပြန်ခေါ်လာကြပြီးနောက် ခေတ္တမျှအကြာတွင် ဆင်များအား လေ့ကျင့် သင်ကြားပေးထားသည်များကို ဆင်အဖွဲ့လိုက် ပြသကြသည်။ မြေပြင်ပေါ် တန်းတင်ထားသော သစ်လုံးပေါ်တွင် ဆင်များ လမ်းလျှောက်ပြခြင်း၊ သစ်ပင်ငုတ်တိုများပေါ်၌ လမ်းလျှောက်ကြခြင်း၊ ဆင်ငါးကောင်တန်းစီရပ်ကာ ပုံသ္ဌာန်မျိုးစုံ သရုပ်ပြခြင်းစသည်တို့ကို  ဆင်ဦးစီးများက  သွန်သင်ထိန်းသိမ်းမှုများ ပြသသွားသည်မှာ အမှားအယွင်း အထစ်အငေါ့မရှိချေ။
ထို့နောက် အစားအစာများကို ဆင်များအား ကျွေးမွေးပြီးနောက် ဆင်များစီးကာ တောတွင်း၌ လှည့်လည်ကြည့်ရှုကြသည်။ ဆင်စီးခြင်းကို ငယ်စဉ်က ရန်ကုန်တိရ္ဆာန်ရုံတွင် တစ်ကြိမ်၊ ဖိုးကျားဆင်စခန်းတွင်  တစ်ကြိမ်စီးခဲ့ဖူးရာ ယခုအကြိမ်သည် တတိယအကြိမ်မြောက်  ကျွန်တော်ဆင်စီးခြင်း ဖြစ်သည်။ ဆင်ပေါ်သို့ တက်ပြီးနောက် တောတွင်းခရီးစဉ် စတင်လေ သည်။ တောတောင်အတွင်း သွားရသော်လည်း လမ်းသဖွယ်မြင် တွေ့နေရသလိုမော့ကြည့်ရာ ဆင်ဦးစီးက ဆင်များသွားသဖြင့် လမ်းဖြစ်နေ ခြင်းဖြစ်ပြီး ဒေသခံအချို့လည်း အသုံးပြုကြ ကြောင်း သိရသည်။ ဒါ့ကြောင့် မြန်မာစကားပုံ ရှိသည် မဟုတ်လား '' ဆင်သွားလျှင် လမ်းဖြစ် သည်'' ဟု။
ဆင်စီးရင်း ပဲခူးရိုးမကို လှမ်းကြည့်မိသည်။ ပဲခူးရိုးမသည် စိမ်းစိမ်းညို့ညို့ အုပ်အုပ်ဆိုင်းဆိုင်း မရှိတော့၊ ဝါးတောတွေလည်း ပြုန်းခဲ့ပြီ၊ သစ်ပင် သစ်တောများလည်း ကျဲပါးသွားခဲ့ပြီ။ ဒါကြောင့် လည်း မြန်မာ့သစ်လုပ်ငန်းက သစ်တော၊ သစ်ပင် ခုတ်လှဲခြင်းများကို ထိန်းသိမ်းမှုပြုလုပ်နေခြင်း  ဖြစ်မည်။ မထိန်းသိမ်းပါက တောင်များကတုံးဖြစ် တော့မည်။ တွေးရင်း စိတ်မော လူမောဖြစ်မိသည် ကအမှန်။
ဆင်စီးရင်းကျေးငှက်များကို သစ်ပင်အချို့ ပေါ်တွင် လှမ်းမြင်ရသည်။ အမျိုးအစားမခွဲခြား တတ်၊ ချုံနွယ်များအပေါ် လိပ်ပြာအကြီးစားအချို့  ပျံဝဲနေကြသည်။ ရောင်စုံလိပ်ပြာကြီးများတွေ့၍ မေးကြည့်ရာ ဆင်ဦးစီးက '' တောလိပ်ပြာတွေ'' ဟု အလွယ်ဖြေလေသည်။ သစ်ပင်မြင့်မြင့်များ ပေါ်တွင်   မျောက်အချို့နှင့်   တောကြောင် တစ်ကောင်ကို  တွေ့မြင်ရသည်။ တောကြောင်က လူရိပ်မြင်သည်နှင့် လှစ်ခနဲပျောက်ကွယ်သွား လေသည်။

ကျွန်တော်ဆင်စီးရင်း   ရှေးဘုရင်များ ဆင်စီး၍ တိုင်းခန်းလှည့်လည်ကြသည်ကို အတွေးရောက်သွားသဖြင့် ပြုံးမိသည်။ မိမိက ဆင်စီးပြီး တောထဲလှည့်လည်လေ့လာနေခြင်း ဖြစ်သည်။ ဆင်စီးရင်း  ငှက်ကြည့်လိုသူများ၊ ဇီဝမျိုးစုံလေ့လာလိုသူများအတွက် အဆင်ပြေ ပြီး   အကျိုးရှိသည့်နေရာလည်း  ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေများ၊                    ဇီဝမျိုးစုံများကို တိုက်ရိုက် ထိတွေ့စီးမျောခံစားခွင့်ရရှိသည်ဖြစ်ရာ   ရာနှုန်းပြည့်  စိတ်နှလုံး မွေ့လျော်ဖွယ်အတိပင်။

ကျွန်တော်တို့ မြိုင်ဟေဝန်ဆင်စခန်း မူလ နေရာသို့ ပြန်လာခဲ့ကြသည်။ ဆင်စခန်းသို့ လာရောက်လေ့လာသူများ တည်းခိုရန် ဝါးထရံ ကာ တဲအိမ်လေးများလည်း တည်ဆောက်ပေး ထားသဖြင့်   အနားယူအပန်းဖြေနိုင်သည်။ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ သဘာဝပတ်ဝန်း ကျင်ကို တိုက်ရိုက်ရင်ထဲအထိ ရောက်ရှိခံစား စေနိုင်သော မြိုင်ဟေဝန်ဆင်စခန်းက စိတ် အပြောင်းအလဲ ဖြစ်စေသည်က အမှန်ပင်။
အတန်ကြာနေထိုင်ပြီးနောက် မြိုင်ဟေဝန် ဆင်စခန်းမှ ကျွန်တော်တို့ပြန်လာခဲ့ကြသည်။ အပြန်လမ်းတစ်လျှောက်   မိုးကသဲကြီးမဲကြီး ရွာနေပြန်သည်။ ဇွန်လမိုးက မြိုင်မြိုင်ရွာနေဆဲ ပါလေ ။        ။
သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ၊ ဓာတ်ပုံ-မောင်ချစ်ကြည်
(မြန်မာ့အလင်း)

No comments:

Post a Comment