Latest News

Wednesday, July 12, 2017

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁)

■ ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY)စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ် တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်လ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့မှချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of The Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ ဘာလာဂွယ်လ်သည် ယခင်က ဘင်နီတက်ဇ်၊ ဂွါဒီယိုလာ၊ မက်ဆီအစရှိသူတို့၏ အတ္ထုပ္ပတ္တိ စာအုပ်များကိုလည်း ရေးသားခဲ့ဖူးသူဖြစ်ပြီး ဂျာနယ်လစ်/ စာရေးဆရာ အဖြစ်သာမက ရုပ်သံဘောလုံးဝေဖန်သူ အဖြစ်လည်း ပြုလုပ်နေ သူဖြစ်သည်။ ဗြိတိန်သတင်းစာများနှင့် စပိန်သတင်းစာများတွင် ဆောင်းပါး၊ သုံးသပ်ချက်များကို အမြဲရေးသားနေသူဖြစ်ပြီး UEFA 'B' လိုင်စင်ရရှိထားသူဖြစ်ကာ အင်္ဂလန် Non-League ကလပ်
Bigglesward Utd F.C အသင်းတွင်လည်း အားကစားဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဖူးသည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့်ပတ်သက်သူများအကြောင်း၊ အတိတ်ဘ၀ဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် Premier Eleven Sports Journal များတွင် အခန်းဆက်အဖြစ်ဖော်ပြလျက်ရှိပါသည်။ ယခု Eleven Sports Facebook စာမျက်နှာတွင် ပရိသတ်များ ဖတ်ရှုနိုင်ရန်အတွက်  အခန်းဆက်အဖြစ် ဖော်ပြသွားမည်ဖြစ်ပါသည်။ ■

ဘ၀မှာရွေးချယ်လို့မရတဲ့ အရာတွေထဲမှာ မိခင်ဖြစ်သူ၊ ဖခင်ဖြစ်သူ၊ မွေးချင်းညီအစ်ကိုနဲ့ မွေးဖွားရာအရပ်ဒေသတွေက ရှေ့ဆုံးက ပါဝင်ပါလိမ့်မယ်။ ဒါ့အပြင် တခြားအကြောင်းအရာတွေလည်း ရှိနိုင်ပါသေးတယ်။ စီရော်နယ်လ်ဒိုရဲ့ ဘ၀စာမျက်နှာတွေကို ပြန်ပြီးကြည့်ရှုမယ်ဆိုရင် သူ မွေးဖွားရာဒေသ၊ သူ့ရဲ့မိသားစု၊  အထူးသဖြင့် သူ့ရဲ့အနားမှာ အမြဲရှိနေတဲ့ မိခင်ဖြစ်သူ ဒိုလိုရက်စ်ရဲ့ အတိတ်ဇာတ်ကြောင်းတွေက မပါမဖြစ်ပါဝင်ရမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒိုလိုရက်စ်ဟာ သူမရဲ့(၁၂)နှစ်အရွယ်သားငယ်ကို အိပ်မက်တွေအကောင်အထည် ပေါ်လာစေဖို့ အဓိကစွမ်းဆောင်ပေးခဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူ့ ကိုနေအိမ်ကနေ ထွက်ခွာစေပြီး ဘောလုံးသမားတစ်ဦးဖြစ်အောင်တွန်းအားပေးခဲ့ရတဲ့ သူမရဲ့ဆုံး ဖြတ်ချက်ဟာအဲဒီအချိန်တုန်းက နာကျင်စရာဖြစ်ခဲ့ပေမယ့် ဒီအချိန်မှာတော့  ဒါဟာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တယ်ဆိုတာကို လက်တွေ့ဖြစ်ရပ်တွေက သက်သေပြနေပါပြီ။
သူမွေးဖွားရာအရပ်ဒေသမှာသာ စီရော်နယ်လ်ဒို တစ်ယောက်ဆက်ပြီး တွယ်ငြိနေမယ်ဆိုရင် ဒီလိုဘ၀မျိုးကို ရောက်နိုင်ပါ့မလား။ ဒါကြောင့် သားဖြစ်သူကို အကြင်နာကင်းမဲ့သယောင်ယောင်၊ ရင်နာနာနဲ့လစ္စဘွန်းမြို့ကို ပို့ဆောင်ခဲ့တဲ့ ဒိုလိုရက်စ်ရဲ့ လုပ်ရပ်ဟာမှားယွင်းတယ်လို့ ဆိုနိုင်မယ်မထင်ပါဘူး။

■ အတ္တလန္တိတ်သမုဒ္ဒရာထဲက ကျွန်းကလေး

ပေါ်တူဂီနိုင်ငံအဓိကကုန်းမြေကြီးရဲ့အနောက်တောင်ဘက်ခပ်ယွန်းယွန်း၊ အာဖရိကတိုက် အနောက်မြောက်ဘက်ကမ်းလွန်က မာဒဲရားကျွန်းဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသ မားတစ်ဦးပေါက် ဖွားရာဒေသတစ်ခုအဖြစ်တော့မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ ဒီကျွန်းပေါ်က ဖန်ချယ်လ်ဆိုတဲ့မြို့လေးဟာ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦး သန္ဓေတည်ရာမြို့လေးတစ်မြို့ဖြစ် ခဲ့ပါတယ်။ တောင်စောင်းတွေပေါ်မှာ ဆောက် ထားတဲ့နေအိမ်တွေ၊ အနိမ့်အမြင့်မညီမညာ မြွေလိမ်မြွေကောက် ရှုပ်ထွေးနေတဲ့လမ်းမတွေနဲ့ တည်ရှိနေတဲ့ ဖန်ချယ်လ်မြို့ဟာ လူဦးရေ (၁၁၀၀၀၀)ကျော်လောက်ရှိပြီး ပေါ်တူဂီနိုင်ငံရဲ့ဆဋ္ဌမ လူဦးရေ အများဆုံးမြို့လည်းဖြစ်ပါတယ်။ ကျွန်း ရဲ့တောင်ဘက်အခြမ်းမှာရှိတဲ့ ဒီမြို့လေးအပါအ၀င် တစ်ကျွန်းလုံးမှာနေထိုင်တဲ့ လူဦးရေက (၂၇၀၀၀၀)၀န်းကျင်လောက်သာရှိပါတယ်။

(၁၅) ရာစုအစောပိုင်းမှာ ပေါ်တူဂီမင်းသား ဟင်နရီ ရှာဖွေတွေ့ရှိခဲ့တဲ့ကျွန်းတွေထဲမှာ ဒီကျွန်းကတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဟင်နရီ မင်းသားရဲ့လက်ရုံးသင်္ဘောကပ္ပတိန်တွေထဲက ဒီကျွန်းကို ရှာဖွေပေးခဲ့သူယာအိုဂွန်ကာလ်ဗတ်စ် ဇာကိုရဲ့ရုပ်ထုကြီးကလည်း ဖန်ချယ်လ်မြို့အလယ် တည့်တည့်မှာ ကြွားကြွားဝံ့ဝံ့ ရှိနေပါတယ်။ ဒီ ကျွန်းဟာဥရောပတိုက်၊ အာဖရိကတိုက်နဲ့တောင် အမေရိက တိုက်ကြီးတွေကြား တည်ရှိတာဖြစ်လို့ ဒီကျွန်းမှာမွေးဖွားသူတွေအနေနဲ့ ဒီတိုက်ကြီးတွေမှာ အသီးသီးပျံ့နှံ့ကြပြီး အလုပ်အကိုင်အမျိုးမျိုး လုပ်ကိုင်နေကြပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ ဟိုတယ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း အစရှိတဲ့နိုင်ငံ အသီးသီးက ကဏ္ဍအစုံစုံမှာ မာဒဲရားကျွန်းသားတွေ ရှိနေပါ တယ်။ ကျွန်းပေါ်မှာနေ ထိုင်သူဦးရေက (၃)သိန်း တောင်မပြည့်ပေမယ့် တစ်ကမ္ဘာလုံးမှာပျံ့နှံ့နေတဲ့ မာဒဲရားကျွန်းသားဦးရေက (၇၅၀၀၀၀)လောက် ရှိနိုင်ပါတယ်။ ဒီထဲမှာ စီရော်နယ်လ်ဒိုတစ်ဦးလည်း အပါအ၀င်ပေါ့။ စီရော်နယ်လ်ဒိုရဲ့ ဘ၀မှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တွေကိုတန်းစီကြည့်မယ်ဆိုရင် မိခင်ဖြစ်သူ ဒိုလိုရက်စ်ကရှေ့ဆုံးမှာ ရှိနေပါလိမ့်မယ်။ သူ့ဘ၀ရဲ့အောင်မြင်မှု၊ ကျရှုံးမှုစတာတွေအပြင် အဖြစ်အပျက်ဇာတ်လမ်းပေါင်းများစွာမှာ ဒိုလို ရက်စ်က သားဖြစ်သူနံဘေးမှာအမြဲတမ်းရှိနေပါ တယ်။ အမေကို
ချစ်တဲ့သားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ စီရော်နယ်လ်ဒိုအနေနဲ့ မိခင်ဖြစ် သူကို သူ့ဘ၀မှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ထားရှိတဲ့ နောက်ကွယ်မှာ ဒိုလိုရက်စ်ရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ငယ်ဘ၀နဲ့ မိသားစုအတွက် မိန်းမသားတစ်ဦးနဲ့မမျှအောင် ရုန်းကန်ခဲ့ရတဲ့ အတိတ် ဇာတ်ကြောင်းတွေကအဓိကနေရာက ပါဝင်ပါတယ်။ ဒိုလိုရက်စ် အနေနဲ့ တစ်ချိန်က သူမပေးဆပ်ခဲ့တဲ့အကျိုးဆက်ရဲ့အသီးအပွင့်တွေကို ကျေးဇူးသိတတ်တဲ့သားဆီကနေ တစ်ဖန်ပြန်ခံစားနေရတယ်လို့ပဲ ပြောရမှာပါ။

■ ကြေမွနေတဲ့ အတိတ်စာမျက်နှာ

၁၉၅၀ ကျော်ခုနှစ်တွေက ဒိုလိုရက်စ်ရဲ့ဘ ၀စာမျက်နှာတွေကို ပြန်လှန်ကြည့်မယ်ဆိုရင် တွန့်လိမ်ကြေမွနေတဲ့စာအုပ်တစ်အုပ်ကို ဖတ်ရသလို လှန်လှောကြည့်ချင်စရာမကောင်းတဲ့ အတိတ်စာမျက်နှာတွေကိုတွေ့ရမှာပါ။ မာဒဲရားကျွန်းပေါ်က ကာနီကယ်လ်ဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့တဲ့ ဒိုလိုရက်စ်ဟာ အသက်(၅)နှစ်အရွယ်မှာပဲ သူမရဲ့မိခင်ဖြစ်သူ နှလုံးရောဂါ နဲ့ ကွယ်လွန်သွားတာ ကြောင့်သူမအောက်က မွေးချင်းမောင်နှမ (၃)ဦးနဲ့အတူ မိတဆိုးဘ၀ကိုရောက်ခဲ့ရပါတယ်။ သူတို့မောင်နှမ(၄)ဦးကို ဖခင်ဖြစ်သူက ကျွေးမွေး ပျိုးထောင်လိုစိတ်မရှိတာကြောင့်မိဘမဲ့ကျောင်း နှစ်ကျောင်းကို နှစ်ဦးစီခွဲပြီး ပို့ဆောင်လိုက်ပါတယ်။ စည်းကမ်းကြီးတဲ့ ခရစ်ယာန် သီလရှင်တွေ အုပ်ချုပ်တဲ့မိဘမဲ့ကျောင်းမှာ ဒိုလိုရက်စ်ဟာ မကြာမခဏ အပြစ်ပေးဆုံးမခြင်းခံရသလို၊ ညစဉ် ညတိုင်း အိပ်ရာထဲ မျက်ရည်ချောင်းစီး ခဲ့ရပါ တယ်။ သူမမပျော်ပိုက်တဲ့နေရာကို စွန့်ခွာထွက် ပြေးဖို့ ကြိုးစားပေမယ့်ဘယ်တော့မှ မလွတ် မြောက်နိုင်ဘဲ သီလ
ရှင်တွေ ပြန်လည်ထိန်းသိမ်း တာခံရပြီး ပြစ်ဒဏ်အကြိမ်ကြိမ်ပေး ခံရခြင်းနဲ့သာ လုံးလည်ချာလည် လိုက်နေခဲ့ပါတယ်။ သူတို့မောင် နှမတွေကို နှစ်ပေါင်းများစွာ အဆက်အသွယ် ဖြတ်ထားပြီး တစ်ကြိမ်တောင်လာရောက်ကြည့်ရှုခြင်း မရှိတဲ့ သူမတို့ဖခင်ဖြစ်သူဟာ ဒိုလိုရက်စ် (၉)နှစ်အရွယ် နောက်(၄)နှစ်အကြာလောက်မှာ မိဘမဲ့ကျောင်းကို ရောက်ရှိ လာပါတယ်။ ဒါပေမဲ့ သူတစ်ဦးတည်းတော့ မဟုတ်ခဲ့ပါဘူး။ ဒိုလိုရက်စ် မိထွေး တော်စပ်ရမယ့် နောက်မိန်းမဖြစ်သူ နဲ့အတူရောက်ရှိလာပြီး သူမကိုလာရောက်ခေါ်ဆောင်တာပါ။
မိဘမဲ့ကျောင်းမှာ မပျော်ပိုက်ဘဲ ပြစ်ဒဏ်ခဏခဏပေးခံခဲ့ရတဲ့ ဒိုလိုရက်စ်ကို ဖခင်ရင်း  ဖြစ်သူရဲ့လက်ထဲ ပြန်ထည့်ပေးဖို့ သီလရှင်တွေ က ဆုံးဖြတ်ခဲ့ကြသလို ဒိုလိုရက်စ်ကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ပြန်ပြီးဆုံဆည်းရတာကိုပဲ အလွန်ပျော်ခဲ့ပါတယ်။

      သူမရဲ့ဖခင်အိမ်ကိုပျော်ရွှင်မြူးတူးစွာလိုက်ပါခဲ့ပေမယ့်သူမအတွက် သေချင်တဲ့ ကျားတောပြောင်းသလို ဖြစ်ခဲ့ရတာ ကို မကြာခင်အချိန်မှာပဲ သိရှိခဲ့ရပါတယ်။ သူမရဲ့မိထွေးဟာ သူမကိုနှိပ်စက်ခိုင်းစေရုံမက မကြာ ခဏရိုက်နှက်ခဲ့ပါတယ်။ ဒိုလိုရက်စ်ရဲ့မိထွေးဖြစ်သူဟာ အရင်အိမ်ထောင်နဲ့ ကလေး(၅)ဦးပါလာပြီးသူမရဲ့ ဖခင်နောက်အိမ်ထောင်နဲ့
ကလေးတစ်ဦး ထပ်မွေးဖွားခဲ့ပါတယ်။ ဒီတစ်မိသားစုလုံးရဲ့ အခိုင်းအစေကတော့ ဒိုလိုရက်စ်ပဲဖြစ်ပါတယ်။ သူမ(၁၃)နှစ်အရွယ် ကတည်းက ဖခင်ဖြစ်သူကကျောင်းဆက်မထားတော့ဘဲ အိမ်မှာပဲအခိုင်းအစေသဖွယ်ထားခဲ့တာကြောင့် အပျိုဖော်ဝင်တဲ့အထိ ဒိုလိုရက်စ်အတွက် အပျော်ဆိုတာ ဘာမှန်းမသိအောင်ဖြစ်ခဲ့ရပါတယ်။ ဒိုလိုရက်စ်ဟာ မနက်ဆိုရင် အာရုံတက်မိုးသောက်ချိန်ကစပြီး အလုပ် တွေကို ဇယ်ဆက်သလို အဆက်မပြတ်လုပ်ခဲ့ရ ပြီး ညသန်းခေါင်ယံ ၀င်ခါနီးအချိန်အထိ ဒီမိ သားစုရဲ့တာဝန်တွေကို အရွယ်နဲ့ မမျှအောင် ထမ်းဆောင်ခဲ့ရပါတယ်။ အိမ်က ထွက်ပြေးခဲ့ပေမယ့်လည်း မလွတ်မြောက်နိုင်ဘဲ စားပွဲနဲ့ခြေထောက်ကို ကြိုးနဲ့ချည်နှောင် ရိုက်နှက်တာမျိုး အထိခံခဲ့ရပါတယ်။ မိထွေးဖြစ်သူရဲ့နှိပ်စက်မှု ကိုခံရတဲ့သူမကိုဖခင်ဖြစ်သူက နည်းနည်းလေးမှ မထောက်ထားတဲ့အပြင် ဒိုလိုရက်စ်မှာစိတ်ရောဂါရှိနေတယ်လို့တောင်ယူဆပြီး စိတ်ကျန်းမာရေး ဆေးရုံကိုပို့ဆောင်တဲ့အထိသူမအပေါ် ရက်စက်ခဲ့ပါတယ်။

■ ဒိုလိုရက်စ်ရဲ့ကမ္ဘာသစ်

 အသက်(၁၈)နှစ်အရွယ်ကို ရောက်ရှိ လာရာမှာတော့သူမရဲ့ ညစ်နွမ်းနေတဲ့ဘ၀ကို သန့်စင်ပေးမယ့် ကယ်တင်ရှင်မင်းသားတစ်ပါး ကို ဒိုလိုရက်စ် တွေ့ရှိခဲ့ပါတယ်။ သူမ နေ့စဉ်ဈေး သွားဝယ်ရာမှာ သူမထက်အသက် (၂)နှစ်ကြီးတဲ့ ဟိုဆေးဒင်းနစ်အေဗဲရိုးဆိုတဲ့ ငါးရောင်းတဲ့လူငယ်လေးတစ်ဦးနဲ့ အမြဲလိုလိုတွေ့ခဲ့ကြပြီး ဒင်းနစ်အေဗဲရိုး ဟာသူမရဲ့ဘ၀မှာ တစ်ခါမှ မရ ဖူးတဲ့ ပျော်ရွှင်မှုတွေကို ဖန်တီးပေးတဲ့ သူဖြစ်လာပါတယ်။ တစ်စတစ်စ ချည်နှောင်လာတဲ့သူတို့ရဲ့ သံယောဇဉ်ကြိုးတွေကို အပြီးတိုင်တုတ်နှောင်လိုက်ဖို့ နှစ်ဦးသား ဆုံးဖြတ်ခဲ့ကြပြီး ဘ၀သစ်တစ် ခုကို လက်တွဲထူထောင်ခဲ့ကြပါတယ်။
အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ ဒိုလိုရက်စ် ဟာ ဒင်းနစ်အေဗဲရိုးရဲ့နေအိမ်မှာ လိုက်နေခဲ့ပြီး ယောက္ခမ(၂)ဦးနဲ့အတူ လူ(၄)ဦးကျဉ်းကျဉ်းကျပ်ကျပ်နေခဲ့ရတဲ့ နေအိမ်အခန်းကျဉ်းလေးက ဒိုလိုရက်စ်အတွက် သုခဘုံ သဖွယ်ဖြစ်ခဲ့ပါတယ်။ ဒီအခန်းလေးထဲမှာ ယောက္ခမ(၂)ဦးနဲ့
သူတို့ဇနီးမောင် နှံကြား ကာခြားရာကလိုက်ကာခန်းစီးလေးသာဖြစ် ပေမယ့် ဒီဘ၀ဟာ ဒိုလိုရက်စ်အတွက် ပန်းပေါင်းစုံပျားရည်လွှမ်းခြုံထားတဲ့ ကိတ်မုန့်တစ်လုံးလို ချို မြိန်ခဲ့ပါတယ်။ သူတို့လက်ထပ်ပြီး တစ်နှစ်ကျော်
အ ကြာမှာ အယ်လ်မာဆိုတဲ့ သမီးဦးလေးကို မွေးဖွား ခဲ့ပါတယ်။ အယ်လ်မာကိုမွေးဖွားပြီး ဒုတိယကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ
တော့ ဒိုလိုရက်စ်အတွက် ချိုမြိန်နေတဲ့ ပျားရည်ဆမ်းနေ့ရက်တွေ ကုန်ဆုံး သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အန်ဂိုလာ၊ ဂီနီဘစ်ဆော၊ မိုဇမ်ဘစ်အစရှိတဲ့ နိုင်ငံတွေက ပေါ်တူဂီကိုလိုနီနိုင်ငံတွေဖြစ်ကြပြီး လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တူဂီ စစ်တပ်ဟာ ဒီနိုင်ငံတွေက တော်လှန်ရေးသမား တွေကိုနှိမ်နင်းဖို့ အရပ်သားတွေကိုခေါ်ယူအားဖြည့်ရာမှာ ဒင်းနစ်အေဗဲရိုးဟာ ပေါ်တူဂီ စစ်တပ်ထဲကို လိုက်ပါသွားခဲ့ရပါတယ်။ အာဖရိကစစ်မြေပြင်မှာ ဒင်းနစ်အေဗဲရိုးတစ်ယောက် ဗုံးဆံ၊ ကျည်ဆံတွေ ကြား ရုန်းကန်နေရစဉ် မှာပဲ ဒိုလိုရက်စ်ကလည်း မာဒဲရားမှာ ဒုတိယမြောက်ကလေးဖြစ်တဲ့ ဟူဂိုကို
အားငယ်၊ ပင်ပန်းကြီးစွာ မွေးဖွားခဲ့ရပါတယ်။ ပေါ်တူဂီစစ်တပ်က ကိုလိုနီနိုင်ငံတွေရဲ့ တော်လှန်မှုတွေကို နိုင်နိုင်နင်းနင်းထိန်းချုပ်နိုင်ခဲ့ပြီး စစ်ပွဲတွေပြီးဆုံးချိန်မှာတော့ ဒင်းနစ်အေဗဲရိုးဟာ သူ့ရဲ့မိသားစုရှိ ရာကို အကောင်းပကတိအတိုင်း ပြန်လည်ရောက်ရှိလာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်အရောင်အ သွေးနဲ့ စိတ်အားတက်ကြွမှုတွေကိုတော့ သွေး ချောင်းစီးတဲ့တိုက်ပွဲတွေက ပြောင်းလဲပေးလိုက်ပါ တယ်။ စစ်တိုက်ဖို့ နေအိမ်နဲ့ (၁၀)လကြာသာဝေးကွာခဲ့ပေမယ့် ပြန်လည်ရောက်ရှိလာချိန် မှာတော့ ဒင်းနစ်အေဗဲရိုးရဲ့ပုံစံက (၁၀)နှစ်စာလောက် အို စာသွားပါတယ်။ ခံစားချက်မရှိတော့တဲ့ မျက်လုံး တွေ၊ တက်ကြွလန်းဆန်းမှုမရှိတဲ့ လှုပ်ရှားမှု တွေနဲ့ နေ့စဉ် သူအချိန်ကုန်ဆုံးရာနေရာက မြို့ထဲက အ ရက်ဆိုင်တွေ ဖြစ်လာခဲ့ပါတယ်။

 မိမိရဲ့ခင်ပွန်းဖြစ်သူ ပြန်လာတာကိုပဲ အတိုင်းမသိပျော်ရွှင်နေတဲ့ ဒိုလိုရက်စ်ဟာ အရက်ကျေးကျွန်ဖြစ်လာတဲ့ ဒင်းနစ်အေဗဲရိုးကို အပြစ်မ မြင်ဘဲ မိခင်တစ်ဦးအဖြစ် အိမ်မှုကိစ္စတာဝန်တွေ ထမ်းဆောင်ရုံမက အိမ်ထောင်ဦးစီးဖခင်တစ်ဦးရဲ့ အလုပ်ဖြစ်တဲ့ ငွေရှာတဲ့တာဝန်ကိုလည်း မညည်းမညူထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မာဒဲရားကျွန်းသူ၊ ကျွန်းသားတွေ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ပြင်သစ်နိုင်ငံကို စွန့်စွန့်စားစား ထွက်ခွာလာခဲ့ပြီး ပါရီမြို့မှာ အိမ်ဖော်တစ်ဦးအ ဖြစ် လာရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူမရဲ့ ကလေး(၂)ဦးနဲ့ ခင်ပွန်းဖြစ်သူ အရက်သမားကို ယောက္ခမ(၂)ဦးလက်ထဲအပ်ပြီး တနယ်တကျေး ကိုရောက်ရှိနေတဲ့ ဒိုလိုရက်စ်ဟာ မိသားစုကိုလွမ်းတဲ့ စိတ်ကြောင့် ပြင်သစ်မှာ ကြာကြာတော့ မခံခဲ့ပါဘူး။ ပြင်သစ်ရောက်ပြီး (၅)လအကြာ ဒင်းနစ်အေဗဲရိုးရဲ့ဖုန်းခေါ်ဆိုမှုတစ်ခုရောက်ရှိအလာမှာပဲ အိမ်လွမ်းသူ ဒိုလိုရက်စ်တစ်ယောက် ဇာတိမြေကိုပြန်ဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။ အဲဒီတုန်းက သူမရဲ့အသက်ဟာ (၂၂)နှစ်အရွယ်သာရှိသေးပြီး မာဒဲရား ကျွန်းကိုပြန် လည်ရောက်ရှိလာရာမှာတော့ တတိယမြောက် ကိုယ်ဝန်ကို ရရှိခဲ့ပါတယ်။ တတိယမြောက်ကလေး ဖြစ်တဲ့သမီးဖြစ်သူ ကာတီယာ မွေးဖွား အပြီးမှာ ပေါ်တူဂီနိုင်ငံရဲ့ အာဏာရှင်ဆာလာဇာဆန့်ကျင်ရေး အဓိကရုဏ်းတွေကြောင့် နေအိမ်ကိုစွန့်ခွာပြီး  လူမမယ်ကလေးတွေနဲ့အတူ ဟိုပြေးဒီပြေး ပြေးခဲ့ရပြန်ပါတယ်။

■ မကြားချင်တော့တဲ့ ဆည်းလည်းသံ

 အိမ်ထောင်သက်(၁၂)နှစ်အကြာ အသက် (၃၀)ကိုရောက်ရှိလာချိန် မှာတော့ ဒိုလိုရက်စ်တစ်ယောက် စတုတ္ထမြောက်ကလေးကို ကိုယ်ဝန် ဆောင်ရပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ခင်ပွန်းဖြစ်သူက ယစ်ထုတ်ကြီးဘ၀ကို တဖြည်းဖြည်းရောက်လာ၊ ကလေး(၃)ဦးနဲ့ စားဝတ်နေရေးအတွက် တစ်ဦးတည်း အတော့်ကိုရုန်းကန်နေရတာ ကြောင့်အရင်ကလေးတွေအပေါ်မှာ သားသမီးရတနာလို့ သဘောထားနိုင်ခဲ့တဲ့ ဒိုလိုရက်စ်ဟာ ဒီကလေးအပေါ်မှာတော့ ၀န်ထုပ်ဝန်ပိုးတစ်ခုတိုးလာခြင်းလို့သာ မြင်လာပါတယ်။ ဒါကြောင့် စတုတ္ထ မြောက်ကလေးကို မယူတော့ဘဲ ဖျက်ချဖို့ အိမ်နီး ချင်းအမျိုးသမီးတစ်ဦးနဲ့ တိုင်ပင်ခဲ့ပါတယ်။ ဒီအိမ် နီးချင်းက ဘီယာအမည်းကို ပွက်ပွက်ဆူအောင်ကျို ချက်ပြီး သောက်ဖို့ အကြံပြုလို့သောက်ခဲ့ပေမယ့် အကျိုးထူးမလာပါဘူး။ ဒါကြောင့် နောက်အကြံတစ်ခုဖြစ်တဲ့ မောပန်းပြီးလဲကျသည်အထိပြေး ခဲ့ပေမယ့် ဒါလည်းအလုပ်မဖြစ်ခဲ့ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်တော့ ကလေးချစ်သူဆရာဝန်က ကလေးဆိုတာ အိမ်ရဲ့ ဆည်းလည်းဖြစ်တယ် ဆိုတဲ့စကား နဲ့အတူ အားမပေးတာကြောင့် ဒိုလိုရက်စ်ဟာ သူမရဲ့ မကောင်းတဲ့ အကြံအစည်ကို နောက်ဆုံးမှာ လက်လျှော့ခဲ့ရပါတယ်။ သူမရဲ့ဗိုက်ထဲက အချိန်မတန်ခင် ဘယ်လိုမှ ထုတ်ပယ်လို့မရတဲ့ ဒီစတုတ္ထ မြောက်ကလေးဟာ အချိန်တန်တော့လည်း လူ့ လောကကို ဖွံ့ဖြိုးကြီးထွား စွာနဲ့ ရောက်ရှိလာခဲ့ပါ တယ်။ ဒိုလိုရက်စ်တိုင်ပင်ခဲ့တဲ့ ဆရာဝန်ကိုယ်တိုင် ဒီကလေးကို မွေးဖွားပေးခဲ့ပြီး သူက မွေးခန်းထဲမှာ မထင်မှတ်တဲ့ စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။ ဒီ စကားက ဒီကလေးအတွက် ကြိုတင်ဟောကိန်း ထုတ်သလို နိမိတ်ပြခဲ့တဲ့စကားတစ်ခွန်းဖြစ်ခဲ့ပါတယ်။
အဲဒီနေ့က ၁၉၈၅ခုနှစ်၊ ဖေဖော်ဝါရီလ(၅) ရက်နေ့ပါ။ ဒီဆရာဝန်ပြောခဲ့ တာကတော့ ''ကလေး က အလေးချိန်အတော်စီးတာပဲ။ ကြီးလာရင် ဘောလုံးသမားဖြစ်လိမ့်မယ်လို့'' ဖြစ်ပါတယ်။

Eleven Sports

No comments:

Post a Comment