မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၁၆ သန်း ထပ်မံပံ့ပိုးမည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကြေညာ
မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ငွေအဖြစ် သြစတြေးလျဒေါ်လာ ၁၆ သန်း ထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ဇူလိုင် ၇ ရက်စွဲဖြင့် ကြေညာခဲ့သည်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး၏ ကြေညာမှုတွင် မြန်မာနိုင်ငံ၌ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူပေါင်း ၅၂၀၀၀၀ ကျော်သည် ထောက်ပံ့မှု အကူအညီများ လိုအပ်နေပြီး ယင်းစာရင်းတွင် ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် လူပေါင်း ၂၁၀၀၀၀ ကျော် ပါဝင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် လူပေါင်းတစ်သိန်းကျော်လည်း ပါဝင်ကြောင်း သိရသည်။
သြစတြေးလျနိုင်ငံက ယခုပံ့ပို့ပေးမည့် ဒေါ်လာ ၁၆ သန်းကို ပဋိပက္ခနှင့် သဘာဝ ဘေးအန္တရာယ်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် သူများကို ပညာရေး၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သက်မွေးမှုများနှင့် ပတ်သက်သော အကူအညီများကို ပေးသွားမည် ဖြစ်သလို လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများကိုလည်း ကာကွယ်ခြင်း၊ တုံ့ပြန်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သြစတြေးလျနိုင်ငံ အနေဖြင့် ယခုအကူအညီများကို ကုလသမဂ္ဂနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများလို ယုံကြည်စိတ်ချရသော လူသားချင်း စာနာထောက်ထားမှု မိတ်ဆွေများမှတစ်ဆင့် ပံ့ပိုးပေးသွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် ပံ့ပိုးပေးမည့် အကူအညီများသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာမှ အကြံပြု ထောက်ခံချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူ ပြုလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် အရေးတကြီး လိုအပ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖြေရှင်းနိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သို့ ပံ့ပိုးခဲ့သော ဒေါ်လာနှစ်သန်းအပြင် ယခုပံ့ပိုးငွေ ဒေါ်လာ ၁၆ သန်းကြောင့် သြစတြေးလျနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုသည် ၂၀၁၆ ခုနှစ် ဇူလိုင်လမှစ၍ စုစုပေါင်း သြစတြေးလျဒေါ်လာ ၁၈ သန်းအထိ ရှိသွားပြီဖြစ်ကြောင်း ကြေညာမှုတွင် ဖော်ပြထားသည်။
Eleven Media
Saturday, July 8, 2017
မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၁၆ သန်း ထပ်မံပံ့ပိုးမည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကြေညာ
မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၁၆ သန်း ထပ်မံပံ့ပိုးမည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကြေညာ
Reviewed by Ar Ti
on
6:12 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment