Latest News

Saturday, July 1, 2017

မြောက်ကိုရီးယားအား စိတ်ရှည်မှု ကုန်ဆုံးသွားပြီဟု ထရန့်ကြေညာ

မြောက်ကိုရီးယားအား စိတ်ရှည်မှု ကုန်ဆုံးသွားပြီဟု ထရန့်ကြေညာ

တောင်ကိုရီးယားသမ္မတသစ် မွန်းဂျေအင်းအား အိမ်ဖြူတော်တွင် ကြိုဆိုခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က  နျူကလီးယားအစီအစဉ်များ လုပ်ဆောင်နေသော မြောက်ကိုရီးယားအား အမေရိကန်၏ စိတ်ရှည်မှုကုန်ခန်းသွားပြီဟု ဇွန် ၃၀ ရက်တွင် ကြေညာခဲ့သည်။ မြောက်ကိုရီးယား၏  နျူကလီးယားနှင့် ပဲ့ထိန်းဒုံးစီမံကိန်းများအား ဟန့်တားရန်အတွက် ပြုံယမ်းနှင့် ညှိနှိုင်းမှုမြှင့်တင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု မွန်းက တိုက်တွန်းခဲ့သော်လည်း လူသားမျိုးနွယ်အား လေးစားမှုမရှိသည်ဟု ၎င်းကစွပ်စွဲခဲ့သည့် ပြုံယမ်းအစိုးရနှင့် သံတမန်နည်းဖြင့် ဆွေးနွေးရန်ဆန္ဒမရှိကြောင်း ထရန့်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားခဲ့သည်။
   
ယခုနှစ်နှောင်းပိုင်းတွင် ဆိုးလ်သို့လာရောက်ရန် ဖိတ်ကြားမှုအား ထရန့်က လက်ခံခဲ့ကြောင်း မွန်းကကြေညာခဲ့သော်လည်း မြောက်ကိုရီးယားအစိုးရ၏ ခြိမ်းခြောက်မှုများအား အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန်အတွက် ပူးတွဲမဟာဗျူဟာ ချမှတ်ရန်အတွက်မူ ခေါင်းဆောင်နှစ်ဦးအကြား သဘောတူညီမှုမရခဲ့ပေ။ ယနေ့အချိန်တွင် အဆင်ခြင်မဲ့ပြီး ရက်စက်ကြမ်းကြုတ်သော မြောက်ကိုရီးယားအစိုးရ၏ ခြိမ်းခြောက်မှုကို ၎င်းတို့ရင်ဆိုင်နေရကြောင်း၊ ယင်းအစိုးရ၏  နျူကလီးယားနှင့် ပဲ့ထိန်းဒုံးစီမံကိန်းများအား အခိုင်အမာတုံ့ပြန်ရန် လိုအပ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယား အာဏာရှင်သည် ၎င်းတို့ပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဘေးကင်းရေးနှင့် လုံခြုံရေးကိုအလေးမထားကြောင်း၊ လူသားမျိုးနွယ်အား လေးစားမှုမရှိကြောင်း ထရန့်ကရှုတ်ချခဲ့သည်။
   
မကြာသေးမီလများအတွင်း ဒုံးစမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သည့် ကင်ဂျုံအွန်အစိုးရအား ထရန့်အစိုးရက စိတ်ကုန်မှုမြင့်တက်လာနေသည်။ ပြီးခဲ့သော ၁၈ လခန့်က မြောက်ကိုရီးယား ခရီးစဉ်တစ်ခုအတွင်း ထိန်းသိမ်းခံခဲ့ရပြီး အလုပ်ကြမ်းစခန်း၌ ထောင်ဒဏ်ကျခံခဲ့ရကာ ကိုမာဖြစ်ပြီး ဇွန်အစောပိုင်းတွင် ပြန်လွတ်လာခဲ့သည့် အမေရိကန်ကျောင်းသား အော်တိုဝမ်းဘီယာသည် ရက်ပိုင်းအတွင်း သေဆုံးခဲ့မှုကြောင့် အမေရိကန်က ဒေါသအလွန်အမင်း ထွက်နေသည်။ ပြုံယမ်းအား ဖိအားတိုးမြှင့်ပေးရန်အတွက် မြောက်ကိုရီးယား၏ အဓိကသံတမန်ရေးရာမဟာမိတ် တရုတ်ကိုမျှော်လင့်ခဲ့သော်လည်း ပေကျင်း၏ကြိုးပမ်းမှုများသည် အလုပ်မဖြစ်ခဲ့ကြောင်း ထရန့်က ပြီးခဲ့သောသီတင်းပတ်တွင် ကြေညာခဲ့သည်။
   
မြောက်ကိုရီးယားနှင့် ညှိနှိုင်းရန် ဆန္ဒမရှိတော့ဘဲ ပိတ်ဆို့အရေးယူမှုသည်သာ အကောင်းဆုံးနည်းဟု ရှုမြင်ကြောင်း ထရန့်က အိမ်ဖြူတော်ရှိ နှင်းဆီဥယျာဉ်တွင် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည်။ ယင်းပိတ်ဆို့အရေးယူမှုများအား အကောင်အထည်ဖော်နိုင်ရန်အတွက် ပူးပေါင်းကြရန် ထရန့်က ဒေသတွင်း အင်အားကြီးနိုင်ငံအချို့နှင့် သက်ဆိုင်သည့် နိုင်ငံအားလုံးကို တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု အနေအထားနှင့် ပတ်သက်၍ အမေရိကန်နှင့် တောင်ကိုရီးယားအစိုးရအကြား အငြင်းပွားမှုမရှိကြောင်း မွန်းကပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကုန်သွယ်ရေးကိုလည်း ဆွေးနွေးခဲ့ပြီး ဆိုးလ်နှင့် ကုန်သွယ်မှုတွင် လိုငွေဒေါ်လာ ၁၇ ဘီလျံပြနေမှုသည် လက်သင့်ခံစရာမကောင်းကြောင်း ထရန့်ကပြောကြားခဲ့ပြီး အမေရိကန်လမ်းများပေါ်ရှိ ကိုရီးယားထုတ်ကားများကို ၎င်းကရည်ညွှန်းခဲ့သည်။  

Eleven Media Group

No comments:

Post a Comment