Latest News

Monday, July 10, 2017

ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများအား လိမ်လည်သူနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီး

ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများအား လိမ်လည်သူနှစ်ဦးကို  ဖော်ထုတ်ဖမ်းဆီး


မြဝတီ ဇူလိုင်  ၉

ကရင်ပြည်နယ်  မြဝတီမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ နှစ်ဦးကို  အမည်မသိအမျိုးသားနှစ်ဦးက မြဝတီဘက်ကမ်းတွင် ''စစ်တပ်က ဖုန်းတွေသိမ်းနေတယ်''ဟုပြောကာ ဖုန်းနှင့်ပါလာသော ငွေတို့အား လိမ်လည် ၍ ယူဆောင်သွားသူအား မြဝတီလူမှုကွန်ရက်အဖွဲ့နှင့် တံတားလုံခြုံရေး တာဝန်ကျ တပ်ဖွဲ့ဝင်များ ပူးပေါင်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်  ၈  ရက် ညနေပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော ချစ်ဝင်းဇော် (၂၃)နှစ် မင်းကတုံးကျေးရွာ ဒိုက်ဦးမြို့နယ် ပဲခူးတိုင်းဒေသကြီးနေသူသည် သူငယ်ချင်းများ နှင့်အတူ ပြန်လာစဉ် ချစ်ကြည်ရေးတံတား (ထိုင်းဘက်ခြမ်း)တွင် အမည်မသိ အသက်(၂ဝ)ခန့် လူငယ်နှစ်ဦးက ''မြဝတီဘက်ကမ်းသို့ လိုက်မလား ပို့ပေးမည်'' ဖြစ်ကြောင်းပြော၍ လိုက်ပါလာစဉ် ''မြဝတီဘက်ခြမ်းတွင် စစ်တပ်က ဖုန်းတွေသိမ်း တယ် ယူထားပေးမယ်ဟုပြောဆိုကာ ချစ်ဝင်းဇော်၏SAMSUNG J7 ဖုန်းတစ်လုံးနှင့် မြန်မာငွေကျပ် ၁၁ဝဝဝ တို့အား   ယူပေးထားပြီး မြဝတီဘက် ကမ်းသို့ ရောက်ရှိစဉ် ခဏအကြာတွင် အဆိုပါလူငယ်နှစ်ဦးမှာ မရှိတော့ဘဲ ဖုန်းနှင့်ငွေတို့အား လိမ်လည်သွားသဖြင့် မြဝတီလူမှုကွန်ရက်အဖွဲ့သို့ အကူ အညီတောင်းခံခဲ့သည်။

မြဝတီလူမှုကွန်ရက်အဖွဲ့က   တံတားတာဝန်ကျတပ်ဖွဲ့ဝင်များထံ ဆက်လက်အကြောင်းကြား၍ ပူးပေါင်းစုံစမ်းခဲ့ရာ ဖုန်းနှင့်ငွေများ လိမ်လည်သွား သူမှာ အောင်တိုး(၂၇)နှစ်  မြဝတီမြို့နေသူနှင့်   ရဲကိုကို(ခ)ပန့်ဂတုံး မြဝတီ မြို့နေသူတို့နှစ်ဦးဖြစ်ကြောင်း၊ ဝိုင်းဝန်းဖမ်းဆီးရာ လိမ်လည်ယူသွားသော ဖုန်း၊ငွေတို့နှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖုန်းနှင့်ငွေတို့ကို လိမ်လည်ယူဆောင်သွားသူနှစ်ဦး ကို  မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။                                

 မင်းသူ၊ထွန်းထွန်းထွေး (ဘားအံ)
The Mirror Daily

No comments:

Post a Comment