Latest News

Monday, July 10, 2017

ကမ္ဘာလုံးဆိုင်ရာ နျူလက်နက်ပိတ်ပင်ရေးစာချုပ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၂ဝ ကျော် အတည်ပြုချမှတ်

ကမ္ဘာလုံးဆိုင်ရာ နျူလက်နက်ပိတ်ပင်ရေးစာချုပ်
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၂ဝ ကျော် အတည်ပြုချမှတ်

ကုလသမဂ္ဂ  ဇူလိုင်  ၉

နျူကလီးယားလက်နက်များ ပိတ်ပင်ရေးအတွက် တစ်ကမ္ဘာလုံး နှင့်သက်ဆိုင်သည့် စာချုပ်တစ်ရပ်ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၂ဝ ကျော်က  အတည်ပြုချမှတ်ပေးလိုက် ကြောင်း၊  နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် နှစ်ပေါင်း ၂ဝ ကြာမျှ စေ့စပ်ဆွေးနွေးမှုများ  ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းစုံက ဥပဒေအရ အာဏာသက်ဝင်ခွင့်ရှိသော စာချုပ်တစ်ရပ်ကို  ပထမဆုံးအကြိမ် အတည်ပြုချမှတ်နိုင်ခြင်းဖြစ်ကြောင်း ပီတီအိုင် သတင်းဌာနက သတင်းထုတ်ပြန်သည်။

'နျူကလီးယားလက်နက်များ ပိတ်ပင်ရေးဆိုင်ရာ စာချုပ်' ကို ဇူလိုင် ၇ ရက်တွင် နယူးယောက်၌ ကျင်းပ သော ကုလသမဂ္ဂညီလာခံ၌ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း၊ အဆိုပါစာချုပ်  အတည်ပြုနိုင်ရေးအတွက် မဲခွဲဆုံးဖြတ် ရာတွင် ထောက်ခံမဲ ၁၂၂ မဲ၊ ကန့်ကွက်မဲတစ်မဲ(နယ်သာလန်)၊ ကြားနေမဲတစ်မဲ(စင်ကာပူ)ရရှိကြောင်း ကုလသမဂ္ဂ တာဝန် ရှိသူများက ပြောကြားကြသည်။

နျူကလီးယားလက်နက်များ  ပိတ်ပင်ရေးဆိုင်ရာ စာချုပ်ကို အပြီးသတ်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံတကာ ညီလာခံတစ်ရပ်ကို မတ်လအတွင်းက ကျင်းပခဲ့သည်။

နျူကလီးယားလက်နက်များကို  လုံးလုံးလျားလျား ဖျက်သိမ်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြရန် ကုလသမဂ္ဂ အထွေထွေညီလာခံက လွန်ခဲ့သည့်နှစ် အောက်တိုဘာလ တွင် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပေးခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးအတွက် မဲပေးခဲ့စဉ်က  အိန္ဒိယနိုင်ငံက ကြားနေမဲပေးခဲ့သည်။  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ အခြေစိုက် လက်နက်ဖျက်သိမ်းရေးညီလာခံသည် တစ်ခုတည်းသော နိုင်ငံတကာလက်နက်ဖျက်သိမ်းရေးဖိုရမ်အဖြစ် ရပ်တည်နေသည်ဟု အိန္ဒိယနိုင်ငံက ယင်း၏သဘောထား ရပ်တည်ချက်ကို ထုတ်ဖော်ခဲ့သည်။

နျူကလီးယားလက်နက်များ  ပိတ်ပင်ရေးဆိုင်ရာ စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်  ကုလသမဂ္ဂဌာန ချုပ်၌ စက်တင်ဘာလတွင် နိုင်ငံအားလုံးကို ဖွင့်လှစ်ပေး မည်ဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၅ဝ ထက်မနည်းက အတည် ပြုပြီးနောက် ရက်ပေါင်း ၉ဝ အကြာတွင် စာချုပ်အာဏာ သက်ဝင်လာမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

နျူကလီးယားလက်နက်များ ပိတ်ပင်ရေးဆိုင်ရာစာချုပ် အတွက် နိုင်ငံတကာညီလာခံပြုလုပ်ခဲ့ရာတွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ပါကစ္စတန်တို့အပါအဝင် နျူကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံရှစ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် လည်းကောင်း၊ ယင်းနိုင်ငံများ၏ မဟာမိတ်နိုင်ငံများသည် လည်းကောင်း ပါဝင်တက်ရောက်ခြင်း မရှိခဲ့ပေ။
The Mirror Daily

No comments:

Post a Comment