Latest News

Monday, July 10, 2017

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်အတူ (၂၁)ရာစုပင်လုံ ပြန်လည်စတင်လိုက်တာဟာ ပါဝင်ပတ်သက်သူအားလုံးကို ညှိနှိုင်းဆွေးနွေးတဲ့စားပွဲပေါ်ရောက်ရှိစေချင်တဲ့ အစိုးရရဲ့ ပြင်းပြတဲ့အာသီသဖြစ်တယ်လို့ မြင်ပါတယ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်အတူ (၂၁)ရာစုပင်လုံ ပြန်လည်စတင်လိုက်တာဟာ ပါဝင်ပတ်သက်သူအားလုံးကို  ညှိနှိုင်းဆွေးနွေးတဲ့စားပွဲပေါ်ရောက်ရှိစေချင်တဲ့ အစိုးရရဲ့ ပြင်းပြတဲ့အာသီသဖြစ်တယ်လို့ မြင်ပါတယ်

ဇူလိုင် ၉  ရက်နေ့ထုတ်  The Global New Light of Myanmar သတင်းစာတွင် ဖော်ပြပါရှိသည့် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးအခြေအနေတို့နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mr.Jukr Boon-long နှင့် တွေ့ဆုံမေးမြန်းခန်းကို ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်-

မေး။ ။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ ထိုင်း-မြန်မာသံတမန်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အဆွေတော်ရဲ့အမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာ ကောင်းမွန်တဲ့ အခြေအနေမှာရှိတယ်လို့ ပြောရမှာဖြစ်တယ်။ နိုင်ငံရေး အရဆိုရင် အစိုးရနဲ့ရော  ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပါ လွန်စွာပဲ အကျွမ်းတဝင်ရှိပါတယ်။ အဆင့်မြင့်အရာရှိတွေ နှစ်နိုင်ငံအကြား အပြန်အလှန်သွားရောက်လည်ပတ်မှု များစွာရှိခဲ့ပါတယ်။ ရေတပ်အချင်းချင်း ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တဲ့ ပူးတွဲကော်မတီနဲ့ အပြန်အလှန်ဆက်ဆံရေး မြှင့်တင်နိုင်တဲ့ မြို့နယ်ကော်မတီတွေရှိနေပါတယ်။ နယ်စပ် တစ်လျှောက်မှာ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားမြှင့်တင်ရေးနဲ့  နှစ်နိုင်ငံအကြား အတွေ့အကြုံနဲ့ ဗဟုသုတ အပြန် အလှန်မျှဝေမှုတွေ ရှိနေပါတယ်။ ထိုင်းရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေလည်း မြန်မာနိုင်ငံမှာရှိနေပါတယ်။
ဒီမှာတစ်ခုပြောချင်တာက ထိုင်းအစိုးရနဲ့  ပုဂ္ဂလိက ကဏ္ဍတွေက  မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ ကြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီရင်းနှီးမြှုပ်နှံမှုနဲ့အတူ မြန်မာပြည်ကိုလည်း ပြန်ပြီးအကျိုးပြုဖို့ ဆန္ဒရှိနေပါတယ်။ PTTEP ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီနဲ့  SCD ဘိလပ် မြေကုမ္ပဏီတို့ဟာ CSR ကျင့်ဝတ်နဲ့အညီ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ  မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ကူညီပံ့ပိုးမှုများစွာ လုပ်ခဲ့ပါတယ်။ အလားတူ ထိုင်းဘဏ်လုပ်ငန်းကုမ္ပဏီတွေလည်း လူမှုရေးလုပ်ငန်းတွေမှာ တာဝန်ကျေခဲ့ပါတယ်။ Siam  ကော်မာရှယ်ဘဏ်၊ K ဘဏ်နဲ့ Bangkok ဘဏ်တို့ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍနဲ့ ငွေကြေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတွေမှာ ပါဝင်လျက်ရှိပါတယ်။ ထိုင်းပုဂ္ဂလိက ကဏ္ဍက ဖော်ဆောင်ခဲ့တဲ့  CSR  စီမံကိန်းတွေ မြန်မာနိုင်ငံမှာ အများအပြားရှိနေပါတယ်။ ဒါဟာ နိုင်ငံရေးအရရော ပြည်သူအချင်းချင်း ထိတွေ့မှုအရပါ လွန်စွာအရေးကြီးပါတယ်။ အပြန်အလှန်လည်ပတ်မှု များပြားကြတဲ့အတွက် ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးခဲ့ကြပြီး ယခု အခါမှာ များပြားတဲ့ ထိုင်းနိုင်ငံသားတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေကြပါပြီ။
ရွှေတိဂုံစေတီတော်သွားရင် ထိုင်းနိုင်ငံသားတွေ မတွေ့ရတဲ့နေ့ မရှိသလောက်ပါပဲ။ ဗိုလ်ချုပ်ဈေးမှာလည်း အမြဲလိုလို ဈေးဝယ်တဲ့ထိုင်းနိုင်ငံသားတွေ တွေ့ရပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်လို့ ဝမ်းမြောက်ရသလို  လာမယ့်နှစ်မှာ မြန်မာနိုင်ငံနဲ့ နှစ် (၇ဝ)မြောက် သံတမန်ဆက်ဆံရေးအခမ်းအနား ကျင်းပသွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးခိုင်မြဲ ဖို့၊ လူနေမှုဘဝ သို့မဟုတ် အထည်ရက်လုပ်မှု  သို့မဟုတ် ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း   မြန်မာမိတ်ဆွေတွေနဲ့အတူ ယဉ်ကျေးမှုကပွဲတွေ၊ ပန်းချီပြပွဲတွေ ကျင်းပဖို့ရှိပါတယ်။

မေး။ ။ ထိုင်းနိုင်ငံရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အဆွေတော်ရဲ့ အမြင်ကိုသိချင်ပါတယ်။

ဖြေ။ ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ  နိုင်ငံတိုင်းလိုလို အခက်အခဲ အနည်းနဲ့အများတော့ရှိမယ်လို့ ထင်ပါတယ်။  အသွင်ကူးပြောင်းရေးကာလအတွင်းမှာ လူမှုယဉ်ကျေးမှုရဲ့  အခြေအနေပေါ်မှာ  မူတည်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်တာဝန်ကို စတင်ယူပြီးကတည်းက မတူညီတဲ့ အသံတွေကိုနားထောင်ပြီး အားလုံးပါဝင်မှုနဲ့  ရိုးသားပွင့်လင်းမှုအပေါ်အခြေခံတဲ့ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်လာတာကို ကျွန်တော်တို့တွေ့ရပါတယ်။ ဒါဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ လက္ခဏာတစ်ရပ်ဖြစ်သလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်လည်း သော့ချက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်အတူ (၂၁)ရာစုပင်လုံ ပြန်လည်စတင်တာဟာ ပါဝင်ပတ်သက်သူ အားလုံးကို  ညှိနှိုင်းဆွေးနွေးတဲ့စားပွဲပေါ် ရောက်ရှိစေချင်တဲ့ အစိုးရရဲ့ ပြင်းပြတဲ့အာသီသဖြစ်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ အချက် ၃၇ ချက် သဘောတူညီမှုရရှိခဲ့တယ်လို့ ကြားရတဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ရပ်ပါပဲ။  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ဖို့ အဓိကလိုအပ်ချက်ကတော့ ပါဝင် ပတ်သက်သူအချင်းချင်းအကြား ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်လို့ ကျွန်တော်တို့ယူဆပါတယ်။
ပါဝင်ပတ်သက်သူ တွေအနေနဲ့ ငြိမ်းချမ်းရေးလက်မှတ် အပြီးသတ်ထိုးပြီးရင် ဘာတွေဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီး ခေါင်းဆောင် တွေအပေါ် ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ စေ့စပ်ဆွေးနွေးပွဲလုပ်ဆောင်စဉ်မှာ သူတို့ယုံကြည်အောင် အာမခံချက်ပေးဖို့လိုပါတယ်။

မေး။ ။ မြန်မာအနေနဲ့ အပြန်အလှန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးတယ်လို့ခံယူပါတယ်။ ဒါကြောင့် နှစ်နိုင်ငံပြည်သူ တွေရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံရဲ့ ချိတ်ဆက်မှုစီမံကိန်းနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ပတ်သက် ပြီး အဆွေတော်ရဲ့အမြင်ကို မျှဝေပေးစေချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့မှာ မူဝါဒ၊ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေရှိပါတယ်။ မြန်မာပြည်သူတွေ အကျိုးရှိမယ့် အတွေ့အကြုံဗဟုသုတတွေကို မျှဝေမှာဖြစ်ပါတယ်။  ဖွံ့ဖြိုး တိုးတက်ရေးကိုဖြစ်စေမယ့် အပြောင်းအလဲတွေဖြစ်ပေါ်လာ တာနဲ့ မြန်မာပြည်သူတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ ရှိပါတယ်။  အဲဒါနဲ့အတူ ချိတ်ဆက်မှုလုပ်ငန်းတွေကိုပါ ဆွေးနွေးကြမှာဖြစ်ပါတယ်။  ခုချိန်မှာ  ထိုင်းကနေ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်တဲ့ ဝင်ပေါက်လေးခုပဲရှိသေးတဲ့ အတွက် ဝင်ပေါက်တွေ ထပ်မံတိုးချဲ့ဖို့ ကျွန်တော်တို့ကြိုးစား နေပါတယ်။ ချိတ်ဆက်မှုနဲ့ပတ်သက်ရင် ထိုင်းကတစ်ဆင့် ဗီယက်နမ်နိုင်ငံ ဒါနန်ကနေ အနောက်-အရှေ့ စီးပွားရေး စင်္ကြံရှိထားပြီးဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် မဲဆောက်နဲ့ မြဝတီရှိပါတယ်။  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ချိတ်ဆက်မှုနဲ့အတူ  လမ်းများဆောက်လုပ်ခြင်းဟာ အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာ   ကျွန်တော်တို့   ကောင်းစွာသဘောပေါက်ပါတယ်။
ဒါကြောင့်မို့လည်း မြဝတီကနေ ကော့ကရိတ်အထိ လမ်းများဖောက်လုပ်ခြင်း နဲ့ အဆင့်မြှင့်တင်ခြင်းအတွက် မြန်မာအစိုးရကို ကျွန်တော် တို့ ပံ့ပိုးကူညီလျက်ရှိပါတယ်။ ဒုတိယမြောက်တံတားပြီး သွားတဲ့အခါ လွတ်လပ်တဲ့ကုန်စည်စီးဆင်းမှုနဲ့အတူ ရင်းနှီး မြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ် ပါတယ်။

မေး။ ။ မြန်မာနိုင်ငံဟာ  နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုလုပ်ဆောင်နေချိန်မှာ စောစောကအဆွေတော် ပြောခဲ့တဲ့ အနောက်-အရှေ့စင်္ကြံ အာရှလမ်းမကြီးနဲ့အတူ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်  ထိုင်းနိုင်ငံရဲ့         ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ။ ။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုနဲ့ ကုန်သွယ်မှုလုပ်နေတဲ့ ထိုင်းလုပ်ငန်းရှင်တွေ များစွာရှိပါတယ်။ ဒါပေမယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပြည့်အဝရရှိဖို့အတွက် လိုအပ်ချက်တွေရှိနေသေးတယ် လို့ ပြောရမှာဖြစ်ပါတယ်။ အခြေခံအဆောက်အအုံ၊ လမ်း တံတား၊ လျှပ်စစ်မီးနဲ့အခြားသောကဏ္ဍတွေမှာ လိုအပ်ချက် ရှိနေပါသေးတယ်။ ဒါကြောင့်မို့ ထိုင်းလုပ်ငန်းရှင်တွေဟာ ဒုတိယမြောက် ချစ်ကြည်ရေးတံတားနဲ့အတူ မြဝတီ-ကော့ကရိတ်လမ်းနဲ့ မွန်ပြည်နယ်က သထုံလမ်းတွေကို အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းနေပါတယ်။
လျှပ်စစ်မီးရရှိရေးမှာလည်း ထိုင်းလုပ်ငန်းရှင်တွေ က လျှပ်စစ်ဓာတ်အားစက်ရုံတွေမှာ  ရင်းနှီးမြှုပ်နှံလျက်ရှိပါ တယ်။ ထိုင်းလုပ်ငန်းရှင်အသင်းလို့ခေါ်တဲ့  ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ရပ် မြန်မာနိုင်ငံမှာရှိနေပါတယ်။ အဲဒီ အဖွဲ့အစည်းက  မြန်မာနိုင်ငံမှာရှိတဲ့  ထိုင်းလုပ်ငန်းရှင် တွေကို လိုအပ်တဲ့စီးပွားရေးသတင်းအချက်အလက်တွေ ပေးခြင်း၊ အတွေ့အကြုံမျှဝေခြင်းတွေကို လုပ်ဆောင်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်၊ အကျိုးအမြတ်ယူပြီး ပြန်သွားလို့မဖြစ်ပါဘူး။ မြန်မာပြည်သူ အကျိုးအတွက်လည်း ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စီးပွားရေးလုပ်ရင်း အတူတကွ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက်  အခြားစိန်ခေါ်မှုတွေက  ဘာတွေဖြစ်မလဲ။ သောင်ရင်းမြစ်ကူး ဒုတိယမြောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတစ်စင်း တည်ဆောက်မယ်လို့ သိရှိရပါတယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်မှု အလားအလာက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ လမ်းမကြီးတွေ၊ တံတားတွေအားလုံးကို ချိတ်ဆက် ပေးတဲ့နေရာတစ်ခုရှိမယ်ဆိုရင် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အလားအလာ အလွန်တရာတိုးတက်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိဖြစ်နေတာက ကျွန်တော် တို့အချင်းချင်း ကုန်သွယ်မှုပြုလုပ်နိုင်တဲ့ ထွက်ပေါက်တွေက အနည်းငယ်မျှသာရှိနေလို့ဖြစ်ပါတယ်။ နယ်စပ်တစ်လျှောက် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြောဆိုဆွေးနွေး တဲ့အခါ ခင်ဗျားအနေနဲ့ နယ်စပ်ကိုဖြတ်ကျော်ရမှာဖြစ်ပြီး အဲဒီလိုဖြတ်ကျော်ရမယ့် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ကလည်း အနည်းငယ်ပဲရှိပါတယ်။ ကုန်စည်အပြည့်တင်ဆောင်လာတဲ့ ထရပ်ကားတွေအတွက် တံတားသစ်တစ်စင်း ရှိဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲဆောက်၊ မြဝတီ၊ ကော့ကရိတ်၊ သထုံနဲ့ မော်လမြိုင်ကလာတဲ့ကားတွေနဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးကိုသွားမယ့် ကားတွေ အတွက် ဒီလမ်းမကြီးက အလွန်ကို အရေးပါတဲ့လမ်းမကြီး တစ်ခုဖြစ်ပါတယ်။ မန္တလေးနဲ့ ကလေးကလာတဲ့ လမ်းမ ကြီးတည်ဆောက်မှုပြီးစီးရင် အိန္ဒိယနိုင်ငံ အင်ဖာ၊ မိုရေးနဲ့ တမူး၊ ကလေးကနေ ဗန်းမော်၊ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်အထိ လမ်းတွေအားလုံးက မဲဆောက်ကို ပြန်လည် ရောက်ရှိသွားမယ့် ပြည့်စုံတဲ့လမ်းချိတ်ဆက်မှုကို ခင်ဗျား တွေ့မြင်လာပါလိမ့်မယ်။
ဒီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုအလားအလာကို   ခင်ဗျားတွေ့ပြီမို့လား။ ဒီလမ်းမကြီးက မြို့ကြီးတွေအားလုံးကို ဖြတ်သန်းသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်ပါတယ်။ ချိတ်ဆက်မှုအားလုံး ပြီးစီးဖို့အတွက် လမ်းမကြီးနဲ့ တံတား တည်ဆောက်မှု တိုးတက်ကောင်းမွန်လာဖို့ အတူတကွ ကြိုးပမ်းရမယ်လို့ ကျွန်တော်ထင်ပါတယ်။   အခြေခံ အဆောက်အအုံတွေအပြင် ထိုင်းရင်းနှီးမြှုပ်နှံသူတွေက ရေပေးဝေရေးနဲ့ လျှပ်စစ်ပေးပို့မှု တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နေပါတယ်။

မေး။ ။ ဒါဆိုရင် လျှပ်စစ်ပေးပို့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးက စိန်ခေါ်မှုတွေ ဖြစ်လာမလား။
ဖြေ။ ။ ဟုတ်ပါတယ်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုက ထိုင်းရင်းနှီးမြှုပ်နှံသူတွေအတွက်သာ မဟုတ်ပါဘူး။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအားလုံးက လျှပ်စစ်၊ ရေပေးဝေမှု၊ အင်တာနက် အစရှိတဲ့နယ်ပယ်တွေမှာ ဖွံ့ဖြိုး တိုးတက်လာဖို့ မျှော်လင့်နေပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံ သူတွေကိုဆွဲဆောင်ဖို့ ဥပဒေသစ်တွေ၊ စည်းမျဉ်းသစ်တွေနဲ့ ဒီနယ်ပယ်တွေအားလုံး ဖွံ့ဖြိုးတိုးတက်လာအောင် မြန်မာ အစိုးရက ကြိုးပမ်းဆောင်ရွက်နေတာ ကျွန်တော်သိပါတယ်။ မြန်မာအစိုးရက   ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်ပြုခဲ့ပြီး အသိဥာဏမူပိုင်ခွင့်အပြင် အာမခံ ဥပဒေလည်း အတည်ပြုလိမ့်မယ်လို့ ကျွန်တော်သိရှိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး စီးပွားရေးနဲ့  ကုန်သွယ်မှုလာရောက်ပြုလုပ်မယ့် ပြည်ပရင်းနှီး မြှုပ်နှံသူတွေအတွက်  အလွန်ကိုအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ဘယ်တိုင်းပြည်မှာမဆို ရင်းနှီးမြှုပ်နှံသူတွေ မျှော်လင့်နေတဲ့ အခြေခံကျတဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ ဖြစ်လို့ပါ။

မေး။ ။ အာဆီယံအဖွဲ့ကြီးက ၂ဝ၁၇ ခုနှစ် သြဂုတ်လ အတွင်းမှာ နှစ် ၅ဝ မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ကျင်းပတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံအဖွဲ့ဝင် ဖြစ်တဲ့အတွက် လူကြီးမင်းရဲ့ရည်မှန်းချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ပထမဆုံးအနေနဲ့  အခုချိန်မှာ ကျွန်တော်တို့ အားလုံးမှာ အာဆီယံစီးပွားရေးအသိုက်အဝန်းတစ်ခု ရှိနေပြီး ရင်းနှီးမြှုပ်နှံမှုအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို ဈေးကွက်သစ်တစ်ခုကမ်းလှမ်းဖို့ ကျွန်တော်တို့ အတူတကွ လက်တွဲလုပ်ဆောင်ရမှာဖြစ်ပါတယ်။  စီးပွားရေးအရ အာဆီယံဒေသကိုလာရောက်ပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံဖို့ အနောက်နိုင်ငံတွေအတွက် အလွန်အရေးကြီးပါတယ်။ နိုင်ငံရေးအရ ကျွန်တော်တို့ အတူတကွ ကြိုးပမ်းဆောင်ရွက် မယ်ဆိုရင် ကျွန်တော်တို့ဒေသတွင်းက ဘယ်ပြဿနာ၊ ဘယ်ကိစ္စကိုမဆို တာဝန်ယူနိုင်ပြီး ဒေသအပြင်ဘက်က ဘယ်နိုင်ငံကိုမဆို ကျွန်တော်တို့ ထောက်ခံအားပေးနိုင်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အသံကို ကျွန်တော်တို့ အတူနားထောင်ပြီး ဒါဟာ အာဆီယံသည် အခြားဒေသတွေအထိ သက်ရောက်မှုရှိသင့်တယ်ဆိုတဲ့ အမှာစကားပဲ ဖြစ်ပါတယ်။                  
ကျွန်တော်တို့ အတူတကွ ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့   စီးပွားရေးနဲ့ နိုင်ငံရေးတိုးတက်မှုအရ သဘောထားကွဲလွဲမှုတွေရှိနေပေမယ့် ကျွန်တော်တို့ ၁ဝ နိုင်ငံစလုံးက အချင်းချင်း အလိုက်အထိုက်နေထိုင်ရမှာဖြစ် ပါတယ်။ မတူညီမှုတွေကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခု ကျွန်တော်တို့ ကြိုးစား ရှာဖွေရမှာဖြစ်သလို   ဘယ်နိုင်ငံကိုမှ   နောက်မှာ  မထားရစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့စိတ်ထဲမှာ မှတ်ထားရမှာဖြစ်ပါတယ်။ ရှေ့ဆက်အတူလျှောက်လှမ်း ဖို့နဲ့ အနာဂတ်မှာ အင်အားတောင့်တင်းဖို့  အဖွဲ့ဝင်နိုင်ငံတွေအားလုံးကို ကျွန်တော်တို့ လက်တွဲခေါ်ဆောင်ရမှာဖြစ်ပါတယ်။

မေး။ ။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခို ကူးမှုလို စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဒီစိန်ခေါ်မှုတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းနိုင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ အလွန်ကိုနီးကပ်ပြီး နယ်နိမိတ်ချင်းထိစပ် နေတဲ့အတွက်   နိုင်ငံတစ်နိုင်ငံရဲ့ ပြဿနာတွေက အခြားတစ်နိုင်ငံအတွင်းကို အလွယ်တကူ ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် လူကုန်ကူးမှု၊ မူးယစ် ဆေးဝါးနှိမ်နင်းမှု၊ ငွေကြေးရာဇဝတ်မှုနဲ့ အခြားကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ထိုင်း သက်ဆိုင်ရာအာဏာပိုင်တွေကြား ဖိုရမ် ဒါမှမဟုတ် အုပ်စုလိုက် ဆွေးနွေးပွဲတစ်ခု ကျင်းပသင့်ပါတယ်။ ဖိုရမ်တစ်ခုကျင်းပရင် အဖွဲ့အစည်း တစ်ခုဖြစ်ပေါ်လာပြီး သတင်းအချက်အလက်တွေ မျှဝေနိုင်ပါတယ်။ သတင်း အချက်အလက် မျှဝေခြင်းက ဒီပြဿနာကိုင်တွယ်ဖြေရှင်းရာမှာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းအချက်အလက်တွေကို မျှဝေမယ်ဆိုရင်  ပြည်သူတွေ  ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။   ဒီလို တရားမဝင်လုပ်ဆောင်ချက်ကို ရပ်တန့်နိုင်ပါတယ်။ အာဆီယံဒေသမှာ စံတစ်ခုအဖြစ် ဆောင်ရွက်နိုင်တဲ့ ပုံမှန်ကျင်းပတဲ့ သတင်းအချက်အလက်မျှဝေခြင်း အစည်းအဝေးတွေကို ကျွန်တော်တို့ အားပေးပါတယ်။

မေး။ ။  ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး သံအမတ်ကြီးအနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ မကြာသေးခင်က ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်ပြီး ပြဿနာတွေ ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ထိုင်းနိုင်ငံအနေနဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေပြီး ဒီကိစ္စကို သက်သက်ညှာညှာနဲ့ ကိုင်တွယ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပြဿနာကို ဥပဒေနဲ့ကိုင်တွယ်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် အမှန်တကယ်တော့ ကျွန်တော်တို့ ဒီပြဿနာကို စနစ်တကျကိုင်တွယ်ဖြေရှင်းချင်လို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအားလုံးအနေနဲ့ တရားဝင်မှတ်ပုံတင်မယ်ဆိုရင် သူတို့ကို ပိုမိုကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းတဲ့နည်းလမ်းနဲ့ ကျွန်တော်တို့ စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိရင် သူတို့ကို အကူအညီပေးဖို့ ကျွန်တော်တို့အတွက် အလွန်ကိုခက်ခဲပါတယ်။ တရားဝင် မှတ်ပုံတင်ထားမှသာ ပြဿနာတစ်စုံတစ်ရာဖြစ်ရင် မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက သူတို့ကို ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံက မြန်မာလုပ်သားတွေရဲ့ပြဿနာက ထိုင်း-မြန်မာဆက်ဆံရေး အတွက် အရေးပါဆုံးကိစ္စရပ်အဖြစ် ထိုင်းအစိုးရနဲ့ ဝန်ကြီးချုပ်တို့က ရှုမြင်ထား ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေအားလုံးနဲ့ အလုပ်သမား သက်သာချောင်ချိရေးဌာနက ညွှန်ကြားရေးမှူးချုပ်တို့က ထိုင်းအစိုးရရဲ့မူဝါဒကို ကောင်းစွာသိရှိပါတယ်။ ဒါကြောင့် အရာရာတိုင်းဟာ အဆင်ပြေစေဖို့ သူတို့ ဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်ပါတယ်။ အရာရာတိုင်းဟာ အဆင်ပြေမယ် ဆိုရင် လူကုန်ကူးမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပြီး တရားဝင် မှတ်ပုံတင်ထားခြင်းမရှိရင် အလွယ်တကူပဲ လူကုန်ကူးခံရတဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ မြန်မာမိတ်ဆွေတွေကို ပိုမိုကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ စောင့်ရှောက်နိုင်ပါတယ်။ ဒါပေမယ့် စည်းမျဉ်းသစ်နဲ့ ပတ်သက်လို့ မစိုးရိမ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ ပြဿနာတွေကို ဖြေရှင်းပြီးဖြစ်တဲ့အပြင်  သက်ညှာမှုပေးဖို့နဲ့  တရားဝင်မှတ်ပုံတင်ဖို့ မြန်မာ လုပ်သားတွေအတွက် သင့်တော်တဲ့အချိန်တစ်ခုပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူ တွေက အဖြေတစ်ခုရှာနေပါတယ်။

မေး။ ။ ဒါဆိုရင် မြန်မာရွှေ့ပြောင်းလုပ်သားတွေက အခြေအနေမှန်ကို ပိုမို သိရှိနားလည်လာမှာလား။
ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်က အလုပ်သမားဝန်ကြီးဌာနကို ဖုန်းဆက်ခဲ့တဲ့အတွက် ဥပဒေနဲ့စည်းမျဉ်းသစ်ရဲ့ အကျိုးသက်ရောက်မှုခံရတဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကိုကူညီဖို့ ကျွန်တော်တို့ အဖြေရှာရမှာ ဖြစ်ပါတယ်။

ဘာသာပြန် (သာစိန်၊ ကျော်ထိုက်စိုး)
The Mirror Daily

No comments:

Post a Comment