Latest News

Saturday, July 1, 2017

ဘဝကပေးသည့်သင်ခန်းစာဖြင့် အေးချမ်းမှုကိုရှာတွေ့ခဲ့သည့် ထက်ထက်မိုးဦး

ဘဝကပေးသည့်သင်ခန်းစာဖြင့် အေးချမ်းမှုကိုရှာတွေ့ခဲ့သည့်  ထက်ထက်မိုးဦး

၁၉၉၆ ခုနှစ်က အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအဖြစ်  ပန်းသခင်  ဇာတ်ကားနှင့်လည်းကောင်း၊ ၂ဝဝ၁ ခုနှစ်က သမီးမိုက်ဇာတ်ကားဖြင့် လည်းကောင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကိုရရှိထားခဲ့သူ ကြော်ငြာဘုရင်မဟု တင်စားခေါ်ဝေါ်ခဲ့ရသည်။ ပြည်သူ့အချစ်တော်ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦး တစ်ယောက်  ယခုအချိန်တွင်  အေးချမ်းသည့်မိသားစုဘဝနှင့် ဘာသာတရားအဆုံးအမတို့ဖြင့် ဘဝကိုဖြတ်သန်းလျက်ရှိနေသည်ကို မြင်တွေ့ရသည်။ ယခုအချိန်တွင်  ဘဝကပေးလာသည့်  သင်ခန်းစာများကြောင့်  ရှေ့ဆက်ရမည့်ဘဝခရီးတွင်  ကုသိုလ်ကောင်းမှုများပြု၍  မိသားစုနှင့်အတူဖြတ်သန်းရန်  အာသီသရှိနေသည့်  ထက်ထက်မိုးဦးအား မြန်မာ့အလင်း ပရိသတ်ကြီးအတွက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ထက်ထက်မိုးဦးအနေနဲ့  အလှအပနဲ့ပတ်သက်ပြီး  ဘယ်လိုပြုပြင် ထိန်းသိမ်းသလဲ။
ဖြေ ။ ခွဲစိတ်ပြုပြင်တယ်ဆိုပြီး  ထက်ထက်ကို  ထင်ကြတာရှိတယ်။ အမှန်က ခွဲစိတ်ပြုပြင်တာမျိုး၊ အလှအပနဲ့ပတ်သက်ပြီး ထွေထွေထူးထူး ဂရုစိုက်တာမျိုးတော့ အခုထိ မရှိသေးပါဘူး။  ကလေးမွေးတုန်းကလည်း ခွဲစိတ်မွေးခဲ့တယ်။ နှလုံးကလည်း ခွဲစိတ်ထားတာဆိုတော့ အလှအပအတွက် ထပ်ပြီးခွဲစိတ်ဖို့ဆိုတာ အဆင်မပြေဘူးလေ။ ဝိတ်ချတယ်ဆိုတာကလည်း သဘာဝအတိုင်းပဲချတာပါ။  မိန်းကလေးအများစုက အိမ်ထောင်ကျပြီးလို့ ကိုယ်ဝန်ရှိတယ်ဆိုရင်ကို ဝိတ်က တက်လာကြတာ။ ကလေးမွေးပြီးတဲ့အထိ ဝိတ်က ကျမသွားမှာကို စိတ်ပူနေကြတယ်။ အမှန်က ကလေး တစ်နှစ်နဲ့ရှစ်လ လောက်ဆိုရင် ကိုယ်ထဲမှာရှိတဲ့ ကိုယ်ဝန်ဆိပ်ရည်တွေက ကုန်သွားမယ်လို့ ဆရာဝန်က ပြောပါတယ်။ ထက်ထက်လည်း အစကစိုးရိမ်တယ်။ ခန္ဓာကိုယ် ကလည်း  မြင်တဲ့အတိုင်းပဲ  ဝလာတော့  ဝိတ်မကျရင် ခွဲစိတ်ရမလားဆိုပြီး စဉ်းစားနေသေးတယ်။  ဒါပေမယ့်  လည်ပင်းကလည်း  ခွဲစိတ်ထားသေး တာရှိတော့  မလုပ်ဖြစ်ခဲ့ဘူး။  နောက်ပိုင်း အစားအသောက်ကို ထိန်းချုပ်တယ်။   ပေါ့ပေါ့ပါးပါး  လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်တယ်။ အရင်က ပေါင် ၁၅ဝ ကျော်ပေမယ့် အခုတော့ ၁၂၅ ပေါင်လောက်ကို ထိန်းထားနိုင်လာတယ်။
မေး   ။  အခုနောက်ပိုင်းမှာ အသက်အရွယ် ရလာတဲ့ အနုပညာရှင်အချို့ရော အနုပညာရှင်တက်သစ်စတွေကပါ  ပလတ်စတစ်ဆာဂျရီ လုပ်တာ တွေ ခေတ်စားလာတယ်။  အဲဒီအပေါ်မှာ  ထက်ထက်မိုးဦးရဲ့ အမြင်ကိုလည်းပြောပေးပါဦး။
ဖြေ  ။    မလိုအပ်ဘဲတော့ မလုပ်သင့်ဘူးလို့ ထင်ပါ တယ်။ အနုပညာရှင်အများစုဟာ ဆွဲဆောင်မှုရှိ လို့၊ ရုပ်အခံရှိလို့  ဖြစ်လာကြတာများတယ်လေ။  ခွဲစိတ်ပြုပြင်လိုက်ပြီး   စိတ်တိုင်းမကျဖြစ်လို့   ပြန်ပြင်ရရင် နှစ်ခါနာမှာပေါ့။ အရွယ်ဆိုတာ ကလည်း ငြင်းဆန်လို့မရတဲ့သဘောတော့ ရှိ ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ငယ်ရွယ် နုပျိုချင်ကြတာ သဘာဝပဲလေ။ ထက်ထက်က တော့  လက်ရှိမှာ အဲဒီလိုလုပ်ဖို့ သတ္တိမရှိသေး ဘူး။ အသက်ကရလာတော့ ငြင်းလို့မရတဲ့ အရေး အကြောင်းတွေ၊ အထူးသဖြင့် မျက်လုံး မျက်ရစ်တွေ ကျကုန်ပြီ။   ငယ်ငယ်ကလို  တင်းတင်းရင်းရင်း  မရှိ တော့ဘူး။ ပြန်တင်းရင်းအောင် လုပ်ချင်စိတ်ကတော့ရှိတယ်။
မေး ။ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ရော လက်ရှိကုသိုလ်လုပ်ဖြစ်နေ တာတွေ ရှိတယ်နော်။
ဖြေ ။  အန္တောအန္တ  ငါးပါး ယုံကြည်ကိုးကွယ်မှုနဲ့ ဘုရားကို အချိန်ပြည့် နီးပါး အာရုံပြုနိုင်အောင် ကြိုးပမ်းနေပါတယ်။ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သူတွေက အခုလက်ရှိရော  သံသရာအတွက်ပါ  စိတ်ချ ရမယ်လို့ ယုံကြည်ပါတယ်။ လက်ရှိမှာတော့ ပဋ္ဌာန်းအဓိဋ္ဌာန်ဝင်နေတယ်။  အရင် ကတည်းကလည်း  လုပ်နေကျပါ။  သက်သတ်လွတ်စားတာ၊  ကျောင်း ဆောက်တာလည်း  လုပ်နေတယ်။  ထန်းမနိုင်မှာ အစိုးရကျောင်း တစ်ကျောင်း ကို ပြုပြင်ဖို့ရှိတယ်။ အဲဒီကျောင်းက ကလေးတွေက မြေကြီးမှာ ချပြီး စာရေး နေတာတွေတွေ့ရလို့ မြေခြောက်ဧကဝယ်ပြီး သုံးဧကကို ကျောင်းဆောက်၊ ကျန်တာကို ဒီအတိုင်းလှူထားတယ်။
မေး ။ တစ်ချိန်တုန်းကရော အခုထိရော ထက်ထက်မိုးဦးဆိုတာ ပရိသတ်ရဲ့ အချစ်တော် အနုပညာရှင်တစ်ယောက်ဖြစ်တယ်။ အရင်က  အောင်မြင်မှုတွေ အကြာကြီးသိမ်းပိုက်ထားပြီး စိတ်ပိုင်းဆိုင်ရာလည်း ထက်မြက်သူတစ်ယောက် လို့ နာမည်ကြီးခဲ့တယ်။ အခု အချိန်မှာရော။
ဖြေ ။  တစ်ချိန်က   အသက်  ၂ဝ  နဲ့  ၃ဝ  ကြားကာလတွေပေါ့။ ထက်ထက်အလုပ်လုပ်နိုင်တဲ့ အချိန်လည်းဖြစ်တယ်။ အလုပ်အတွက် ၁ဝဝ ရာခိုင်နှုန်းကိုလည်း  အင်တိုက်အားတိုက်လုပ်တယ်။  ဘာဖြစ်လို့လဲဆိုရင် ကံတရားကလည်း မျက်နှာသာပေးတယ်။ ထက်ထက်မိုးဦးဆိုတာ ကျော ထောက်နောက်ခံ ကောင်းခဲ့သူမဟုတ်ပါဘူး။ ဆင်းရဲခဲ့ဖူးတယ်။ မိန်းမဆို ပေမယ့် ကိုယ်ကြိုးစားမှ ကိုယ်ရမယ့်ဘဝ၊ ကိုယ့်ဘာသာကိုယ် ထူထောင်ခဲ့ရ ဖူးတယ်။
ငယ်ငယ်ကလည်း  ပညာကို  ဆုံးခန်းတိုင်အောင် မသင်ခဲ့ရဘူး။ ဒါက ကိုယ့်စိတ်ထဲမှာ သိနေတာပေါ့။ ငါမိုက်လို့မရဘူးဆိုတဲ့အသိကတော့ ရှိတယ်။ ငါရှာနိုင်မှ ဖြစ်မယ်ဆိုတဲ့ အတွေးတွေ၊ ဒုက္ခရောက်မှာကို ကြောက်တဲ့ အတွေး၊  ကိုယ်တိုင်ကလည်း  အမှောင်ထဲက  လာခဲ့သလိုမျိုး  ခံစားချက်ရှိတယ်။ စိတ်ကယောက်ကယက်ခတ်နေတတ်တယ်။
ဒါပေမယ့် အဲဒီအချိန် တစ်လျှောက် ဘယ်လိုအမှားတွေပဲ လုပ်ဖြစ်နေနေ ဘုရားတရားကို  လုံးဝမမေ့ဘူး။  အဲလိုအချိန်မှာ  ဘုရားအလုပ်ကို  ပို ဖိလုပ်ဖြစ်တယ်။ တရားတွေ  ပိုနာတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ အေးချမ်းမှုကို ရလာတယ်လို့ထင်မိတယ်။ မိသားစုနဲ့အတူတူ အေးအေး ချမ်းချမ်း  ဖြတ်သန်းခွင့်၊  ဘာသာတရား  အဆုံးအမနဲ့  နေထိုင်ခွင့်ရတာ တွေက    ဘဝကနေပေးတဲ့    သင်ခန်းစာတွေရဲ့   အမြတ်တွေလို့  ထင်ပါ တယ်။        ။

တွေ့ဆုံမေးမြန်း-ကိုလင်း(မြန်မာ့အလင်း)

No comments:

Post a Comment