Latest News

Saturday, July 1, 2017

လေလွင့်လမ်းထက်မှ အနာဂတ်များ

လေလွင့်လမ်းထက်မှ အနာဂတ်များ
 
“အဲဒီဘဲကြီးကို ငါကလည်မျိုကို တက်နင်းပြီး ဆွဲကြိုးကို ဖြတ်နေတာ။ ဟိုကောင်က သေချာ မဖိထားတော့ လွတ်ထွက်သွားတာ။ နာတယ်ကွာ ... အဲ့ဒါကြောင့် ငါလည်း အဖမ်းခံရတာ။ ပြန်ထွက်လာရင်တော့ နောက်တစ်ခွင်ဆို ပိုင်အောင် လုပ်ရမယ်”

“အဲဒီဘဲကြီးကို ငါကလည်မျိုကို တက်နင်းပြီး ဆွဲကြိုးကို ဖြတ်နေတာ။ ဟိုကောင်က သေချာ မဖိထားတော့ လွတ်ထွက်သွားတာ။ နာတယ်ကွာ ... အဲ့ဒါကြောင့် ငါလည်း အဖမ်းခံရတာ။ ပြန်ထွက်လာရင်တော့ နောက်တစ်ခွင်ဆို ပိုင်အောင် လုပ်ရမယ်”

ဗဟန်းမြို့နယ် တရားရုံးမှ အပြန် အချုပ်ကားပေါ် အတက်တွင် ပြောနေသောစကားသံ။

လုယက်မှုတစ်ခု မအောင်မြင်သည့်အကြောင်းကို မြိန်ရည်ရှက်ရည် ပြောနေသည့် ထိုနှစ်ဦးကား အသက် ၁၆ နှစ်ကျော်သာ ရှိမည့် လူငယ်လေးများသာဖြစ်သည်။

သူတို့၏ မျက်နှာလေးများကား သူတို့ကျူးလွန်ခဲ့ကြသည့် ရာဇဝတ်မှုများနှင့် မကိုက်ညီလောက်အောင်ပင် ပကတိနုနယ်လျက်။

မကြာမီ သုံးမြို့နယ်မှ တရား ရင်ဆိုင်နေရသည့် အချုပ်သားများကို စုပေါင်းတင်လာသည့် အချုပ်ကားကြီးပေါ်သို့ သူတို့ တက်သွားကြသည်။ ကားပေါ်တွင် သူတို့ကဲ့သို့ပင် ဆယ်ကျော်သက် လူငယ် အမြောက်အမြား ပါလာပြီး အော်ဟစ်ဆူညံစွာ စကားပြောဆိုကြသည်။ တစ်ခါတစ်ရံ အချုပ်ကားမှ ဖွင့်ထားသော သီချင်းသံကို အော်ကြီးဟစ်ကျယ် လိုက်ဆိုကြသည်။

သူတို့အရွယ်သည် အထက်တန်းကျောင်းများ၊ တက္ကသိုလ်များတွင်သာ ရှိကြရမည့် အရွယ်များ။ သို့သော်ငြား သူတို့၏ ပျိုရွယ်မှုလေးများသည် ထောင်ထဲသို့ ဝင်ချည် ထွက်ချည်ဖြင့် အချိန်ကုန်နေကြသည်။

သူတို့သည် ရန်ကုန်မြို့တွင် လူသိနည်းလွန်းသေးသည့် လမ်းဘေးလေလွင့် ဆယ်ကျော်သက်ကလေး အုပ်စုများထဲမှ အချို့ပင်။

“ကျွန်တော်က အသက်ဆယ့်လေးနှစ်မှာ ဆိုက်ကားနင်းရတယ်။ အရမ်း ပင်ပန်းတာ။ နောက်တော့ အဖေနဲ့ အမေ ငုံးဥ၊ ကြက်ဥ ရောင်းတဲ့ ကန်ဘောင်ကို လိုက်သွားရင်း အခု သူငယ်ချင်းအုပ်စုနဲ့ ဆုံတာပဲ။ သူတို့က အုပ်စုလိုက်ကြီး။ တစ်ခါတလေ ပင်ပင်ပန်းပန်းလည်း ဘာမှလုပ်စရာ မလိုဘဲ ငွေတွေ သုံးနိုင်ကြတာ မြင်တော့ သူတို့အုပ်စုနဲ့ ပေါင်းလိုက်တော့တယ်။ အဲဒီကတည်းက အိမ်မပြန်ဖြစ်တော့တာ”ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်ခဲ့ဖူးသည်ဟုဆိုသော အသက် ၁၇ နှစ်အရွယ် မောင်ချစ်မင်းသူက ဆိုသည်။

ကမ္ဘာအေး ဘုရားလမ်းဘက်ခြမ်းရှိ အင်းလျား ကန်ဘောင်တစ်ဝိုက်တွင် ကျက်စားသော ချစ်မင်းသူတို့အုပ်စုတွင် အသက် ၁၄ နှစ်မှ ၂၁ အထိ ဆယ်ကျော်သက် လူငယ်ပေါင်း နှစ်ဆယ်ခန့်အထိ ပါဝင်သည်။

ထိုအထဲတွင် မိန်းကလေးများနှင့် လိင်တူချစ်သူ မိန်းမလျာလေးများလည်း ပါဝင်သည်ဟု ချစ်မင်းသူက  ဆိုသည်။

မိဘရင်ခွင်မှ စွန့်ခွာခဲ့သော သို့မဟုတ် ခိုကိုးရာ မဲ့ခဲ့သော ယင်းဆယ်ကျော်သက်ကလေးများသည် ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် အသက်ရှင်ရေးအတွက် မည်ကဲ့သို့ ရပ်တည်ကြပါသနည်း။

“ကျွန်တော်တို့က ညမှ အလုပ်လုပ်တာ။ ညဘက် ကလပ်ဆင်းချိန်ဆို ကန်ဘောင်မှာ လူစုံတယ်။ ကျွန်တော်တို့က အုပ်စုခွဲနေတယ်။ ကျွန်တော်တို့ထဲက ကောင်မလေးတွေက အော်ဖာလိုက်တယ်။ လာငှားတဲ့ လူတွေက ကျွန်တော်တို့ ကောင်မလေးတစ်ယောက်ကို ခေါ်သွားပြီဆိုရင် ကျွန်တော်တို့ ဆယ်ယောက်လောက်က နောက်က လိုက်သွားပြီး ဒါငါ့ကောင်မလေး  ဘာညာဆိုပြီး ပြဿနာရှာ ဝင်ရိုက်ဝင်လုကြတယ်။ ပိုက်ဆံမရလည်း ဖုန်း ဒါမှမဟုတ် တန်ဖိုးရှိတာ တစ်ခုခုပေါ့”ဟု ချစ်မင်းသူက ဆိုသည်။

အော်ဖာလိုက်သည်ဆိုသည်မှာ ပြည့်တန်ဆာ လုပ်ငန်းလုပ်သည်ကို ဘန်းစကားဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်သည်။

လုယက်ကြသည်ဆိုသော်လည်း အမြဲတမ်း အဆင်ပြေသည်မဟုတ်ဟုလည်း ချစ်မင်းသူက  ပြောပြသည်။

“တချို့က သိုင်းတွေဘာတွေ တတ်တော့ ကျွန်တော်တို့ကို ပြန်ချရင်ခံရတာရှိတယ်။ မအောင်မြင်ဘဲ ရဲအဖမ်းခံရတာလည်း ရှိတယ်။ အဲ့ဒီအခါကျ ပြေးနိုင်တဲ့သူ လွတ်တာပေါ့”ဟု ချစ်မင်းသူက ဆိုသည်။

လုယက်မှုအပြင် ကန်ဘောင်တွင် အရက်လာသောက်သူများထံမှလည်းကောင်း၊ စုံတွဲများထံမှလည်းကောင်း ခိုးမှုများကိုလည်း ကျူးလွန်တတ်ကြသည်။

ချစ်မင်းသူ ကိုယ်တိုင်ပင် အသက် ၁၆ နှစ်သားတွင် ဖုန်းခိုးမှုဖြင့် အင်းစိန် အကျဉ်းထောင်၊ လူငယ်ဆောင်တွင် ထောင်ဒဏ် ခြောက်လ ကျခံခဲ့ဖူးပြီဖြစ်သည်။ ထိုသို့လုယက်ပြီး အဆင်ပြေသည့်အခါ သူငယ်ချင်း တစ်အုပ်စုလုံး ထမင်း ဝဝလင်လင်စားကြ၊ အဝတ်အစားများ ဝယ်ဝတ်ကြနှင့် ပျော်ရွှင်ရသည်။

အချို့လည်း လူငယ်ထုကြား ခေတ်စားနေသည့် မူးယစ်ဆေးဝါးဖြစ်သော ကော်ရှုကြသည်ဟု ချစ်မင်းသူက ဆိုသည်။

ညအချိန်တွင် လှုပ်ရှားခဲ့ရသော သူတို့အတွက် နေ့အချိန်တွင်တော့ ပြည်သူ့ရင်ပြင်သည် နားခို အိပ်စက်ရာ နေရာတစ်ခု ဖြစ်လာပြန်သည်။

သူတို့၏ အဝတ်အစား ဝတ်ကြသည့် စနစ်ကလည်း အထူးအဆန်းပင်။

“ယောက်ျားလေးဆို ဆယ့်ငါးယောက်လောက် ရှိတယ်။ သူတို့က အလုပ်ဖြစ်ပြီဆိုရင် အင်္ကျီတစ်ထည် ဝယ်လိုက်တယ်။ အဲဒီအင်္ကျီကို အလုပ် လုပ်တဲ့အခါ ဦးဆောင်တဲ့သူက ဝတ်တယ်။ သူဝတ်တဲ့အင်္ကျီကို နောက်တစ်ယောက်က ပြောင်းဝတ်၊ အဲဒီလို အဆင့်ဆင့် အင်္ကျီတွေကို အလဲအလှယ်လုပ်ဝတ်တာ။ သမီးတို့ မိန်းကလေးနဲ့ အခြောက်မတွေလည်း တစ်ထည်အသစ် ဝယ်ပြီး ဒီလို လှည့်ဝတ်ကြတာပဲ”ဟု ချစ်မင်းသူ၏ သူငယ်ချင်းဖြစ်သူ အသက် ၁၆ နှစ်အရွယ် မဟန်နီက ပြောပြသည်။

ဟန်နီသည် ကလပ်များတွင် လိင်အလုပ်သမအဖြစ် လုပ်ခဲ့ရာမှ သူ၏ ချစ်သူကောင်လေး၏ ဆွဲဆောင်မှုကြောင့် ကန်ဘောင်အုပ်စုသို့ ရောက်ရှိလာခြင်းဖြစ်သည်။

သူတို့အုပ်စုများထဲတွင် ယင်းသို့ စုံတွဲများလည်းရှိပြီး ၎င်းတို့သည် လင်မယားမကျ သမီးရည်းစားမက အခြေအနေမျိုးဖြင့် နေထိုင်လျက်ရှိသည်ဟု မဟန်နီက ဆိုသည်။

ရန်ကုန်မြို့ထဲမှ မြို့နယ်များတွင် ချစ်မင်းသူတို့ကဲ့သို့ လေလွင့်လူငယ်များကား သူ့အပိုင်နေရာနှင့်သူ အုပ်စုဖွဲ့ရှိနေကြသည်ဟုလည်း ၎င်းတို့ထံမှ သိရသည်။

လမ်းဘေးလေလွင့် လူငယ်များ၏ ပြဿနာမှာ ရန်ကုန်မြို့ကြီးတင် မဟုတ်သေး။

“ကျွန်တော်တို့ မန္တလေးမှာဆိုရင်လည်း ဒီလိုကလေးတွေ တစ်အုပ်စုကို အယောက် လေးဆယ်လောက်ရှိတယ်။ ကော်ရှူကြတယ်။ လစ်ရင် တိုကြတယ်။ ပြီးတော့ ကောင်မလေးတွေဆိုလည်း အုပ်စုထဲက ကောင်လေးတွေနဲ့ လင်မယားလို လှည့်နေနေကြတာပဲ။ စိတ်ပူတာက သူတို့ကို သေချာမေးတော့ လိင်ကျန်းမာရေး အသိပညာ ဘာမှမရှိဘူး။ ကလေးတွေလည်း အရွယ်မတိုင်မီ မွေးကြတယ်။ အဲဒါ ပြဿနာ ရှိတယ်”ဟု မန္တလေးမြို့မှ ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူ ကိုသားညီက ဆိုသည်။

ကိုသားညီသည် မန္တလေးမြို့ရှိ လမ်းဘေး လေလွင့်လူငယ်များကြားတွင် ပရဟိတလုပ်ငန်းများ လုပ်ကာ ကူညီပေးနေသူတစ်ဦးလည်းဖြစ်သည်။

၂၀၁၇ နှစ်ဦးပိုင်းတွင် ကိုသားညီသည် မန္တလေးမြို့မှ လေလွင့်လူငယ်လေးများကို သူတို့နေထိုင်ရာ ဦးပွားခုံးကျော်တံတားအောက်မှ ခေါ်ဆောင်ကာ သန်လျင်မြို့၊ သဘာဝတရားရိပ်သာသို့ ပို့ပေးခဲ့ဖူးသည်။

သို့သော်လည်း တစ်လခန့် အကြာတွင် အဆိုပါ လူငယ်များ အားလုံးနီးနီးသည် မန္တလေးမြို့ရှိ ခုံးတံတားအောက်သို့ပင် ပြန်ရောက်လာကြကြောင်း ကိုသားညီထံမှ သိရသည်။

မန္တလေးမြို့မှ လေလွင့်လူငယ်လေးများမှာ ပြစ်မှုသေးများကိုသာ ကျူးလွန်ကြသေးသော်လည်း ရန်ကုန်မြို့တွင်မူ မော်တော်ကား ခိုးမှုစသော ပြစ်မှုကြီးများကိုပင် အရွယ်နှင့်မလိုက်အောင် ကျူးလွန်လာကြပြီဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဇွန်လဆန်းက အသက် ၁၆ နှစ် အရွယ် လူငယ်နှစ်ဦးကို ကားခိုးမှုဖြင့် ဗဟန်းရဲစခန်းက ဖမ်းဆီးခဲ့ရသည်။

“ကန်ဘောင်က ခုံတန်းမှာ လူကြီးတစ်ယောက် အိပ်ပျော်နေတာ။ အဲဒီမှာ ကျွန်တော်တို့က သူ့အိတ်ထဲ ပိုက်ဆံရှိလို့ ရှိငြား လိုက်စမ်းကြည့်ရင်း ကားသော့ တွေ့တယ်။ အဲဒါနဲ့ ကားသော့ယူပြီး ဒီဘက်ခုံးတံတားအောက်က ကားတွေကို လိုက်စမ်းကြည့်တော့ သူ့ကား တွေ့တယ်။ ဒါနဲ့ အဲဒီကား မောင်းပြီး ကလပ်သွားတယ်။ ပြီးတော့ အိမ်နားမှာ သွားဝှက်ထားလိုက်တယ်”ဟု အဆိုပါ လူငယ်များထဲမှ တစ်ဦးက ပြောပြသည်။

တိုင်းပြည်၏ စီးပွားရေး မတည်ငြိမ်မှု၊ လူတန်းစား ကွာဟမှု၊ ပညာအရည်အချင်း နိမ့်ပါးမှု၊ ဆင်းရဲမွဲတေမှုတို့ကြောင့် အခြေခံ လူတန်းစား မိသားစုမှ ပေါက်ဖွားလာသော ကလေးငယ်အချို့မှာ ကလေးလုပ်သားများ ဘဝသို့ ရောက်ကြရသည်။ တွေးခေါ်ဆင်ခြင်နိုင်စွမ်း အားနည်းသော ထိုကလေးငယ် အများစုသည် ထိုမှတစ်ဆင့် လမ်းဘေး လေလွင့်လူငယ်လေးများ ဘဝသို့  ကူးပြောင်းသွားကြပြီး သူတို့၏ ရပ်တည်နိုင်ရေးအတွက် ရာဇဝတ်မှုများကို အလွယ်တကူ ကျူးလွန်လာကြသည်။

လူငယ်သဘာဝအရ စိတ်ပိုင်းဆိုင်ရာ လိုအပ်မှု ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုများက ပတ်ဝန်းကျင်အပေါ် အဆိုးမြင်လာသည့်အပြင် စိတ်ကို ကြမ်းတမ်းစေကြောင်း၊ အခြား သက်တူရွယ်တူများ၏ လွှမ်းမိုးမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုများက လူငယ်များအား ရာဇဝတ်မှုကို အလွယ်တကူ ကျူးလွန်စေကြောင်း မန္တလေး တက္ကသိုလ် စိတ်ပညာဌာန ဌာနမှူး ဒေါက်တာဒေါ်ခင်စန်းလှိုင်က သုံးသပ်သည်။

ထိုလူငယ်တို့၏ စိတ်ကို နားလည်အောင် ကြိုးစားပြီး ၎င်းတို့၏ လိုအင် အဓိကဇာစ်မြစ်ကို နားလည်မှသာ ပြုပြင်ရန်လွယ်ကူကာ ထို့ထက်ပိုဆိုးပါက ဥပဒေအတိုင်း အရေးယူရန်သာ ရှိကြောင်း ဒေါက်တာ ဒေါ်ခင်စန်းလှိုင်က ပြောသည်။

အသက် ၁၆ နှစ်ပြည့်ပြီးသော်လည်း အသက် ၁၈ နှစ်မပြည့်သေးသူတစ်ဦး ပြစ်မှု ကျူးလွန်ပါက အသက် ၁၈ နှစ်ပြည့်ပြီးသူများနှင့်မတူ ဥပဒေအရ အကာအကွယ် ပေးထားမှုများ ရှိနေသည်။

အသက် ၁၈ နှစ် မပြည့်သေးသူကို ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားစွဲဆို တင်ပို့ရာတွင် ယင်းပြစ်မှုကို စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးသို့ တရားစွဲဆို တင်ပို့ရမည်ဖြစ်သည်။

ယင်းသို့ပို့ရာတွင် လူငယ်၏ အသက်နှင့်စပ်လျဉ်းသော အထောက်အထား ပူးတွဲပါရှိစေရမည်ဖြစ်သည်။ သက်ဆိုင်ရာ တရားရုံးက ပြစ်မှုကို စစ်ဆေးခြင်းမပြုမီ တရားစွဲခံရသူ လူငယ်၏အမှုတွဲပါ မွေးစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ်၊ ကျောင်းဝင်မှတ်ပုံတင်စာရင်း ကောက်နုတ်ချက် မိတ္တူမှန်၊ ဆရာဝန်၏ဆေးစာ သို့မဟုတ်၊ အခြားခိုင်လုံသော အထောက်အထားများအရ လူငယ် ဖြစ် မဖြစ် မှတ်တမ်း တင်ထားရမည်ဖြစ်ကြောင်း ကလေးသူငယ် ဥပဒေတွင် ပါရှိသည်။

တရားစွဲဆိုခံရသူ လူငယ်မှာ အသက် ၁၈ နှစ် မပြည့်သေးသူ မှန်ကန်ပါက လူငယ်၏ အကျင့်စာရိတ္တ၊ ယင်းလူငယ် နေထိုင်သော ပတ်ဝန်းကျင်၊ စိတ်နေစိတ်ထား၊ ပြစ်မှုကျူးလွန်သည့် အကြောင်းအရင်းများကို ထည့်သွင်းစဉ်းစားပြီး တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်း မပြုရဘဲ ထောင်ဒဏ် ဆယ်နှစ်ထက် မပိုရဟု ကလေးသူငယ် ဥပဒေတွင် ဖော်ပြထားသည်။

ထိုသို့ဖြင့် လေလွင့် ဆယ်ကျော်သက်လေးများမှာ ပြစ်မှုကျူးလွန်လိုက်၊ ထောင်ထဲ ဝင်လိုက်ဖြင့် သံသရာလည်လျက်ရှိသည်။

ပြစ်မှုကျူးလွန်သော ဆယ့်ခြောက်နှစ်အောက် လူငယ်များနှင့် လေလွင့်ကလေးများအတွက်မူ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော သင်တန်းကျောင်းများသို့ ပို့ဆောင်လေ့ ရှိသည်။

“ကျွန်တော်တို့ကျောင်းမှာတော့ ကလေး သူငယ် တရားရုံးကနေ ပြစ်ဒဏ်နှစ်အလိုက် ပို့လာလို့ရှိရင် လက်ခံရပါတယ်။ ကလေးတွေအတွက် သင်တန်းကျောင်းမှာ နေရမယ့်ကာလက ၂ နှစ်ဆိုတာ ရှိတယ်။ နောက်ပြီး အသက် ၁၈ နှစ်ပြည့်သည်အထိဆိုတာ ရှိတယ်။ ကျွန်တော် ရောက်ခါစကဆို ကလေးဦးရေက ၃၀ဝ လောက်ပဲ ရှိတယ်။ အခု တစ်နှစ်အတွင်းမှာ ကလေးဦးရေက ၄၀ဝ ကျော်သွားပြီ”ဟု ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်စိုးက ဆိုသည်။

Street Children ဟုခေါ်သည့် လမ်းပေါ် လေလွင့်ကလေးများကိုမူ လက်ရှိ အနေအထားအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထိန်းသိမ်းပြီး ဟံသာဝတီတွင် စခန်းသွင်းကြောင်း၊ ထိုမှတစ်ဆင့် တိုင်းလူမှုဝန်ထမ်းရုံးနှင့် ချိတ်ဆက်ပြီး မိဘလာခေါ် မခေါ် စောင့်ပေးကြောင်း၊ နောက်ဆုံး မိဘလာမခေါ်သည့် ကလေးများကို လူမှုဝန်ထမ်း လက်အောက်ရှိ  ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ သန်လျင် လူငယ်သင်တန်းကျောင်း၊ ထောက်ကြံ့ မိန်းကလေး လူငယ်သင်တန်းကျောင်းများသို့ ပို့လေ့ရှိကြောင်းလည်း ဦးအောင်စိုးက ဖြည့်စွက်သည်။

အစိုးရက ထိုကဲ့သို့ ဆောင်ရွက်ပေးလျက် ရှိသော်လည်း လမ်းဘေးလေ့လွင့် လူငယ်များနှင့် ပြစ်မှုကျူးလွန်မှုများကား သတင်းမီဒီယာများတွင် ကြားရ မြဲကြားရလျက်ပင်။

“သူတို့တွေကို သင်တန်းကျောင်းတွေ၊ ရိပ်သာတွေပို့ပေးလည်း ခဏပဲဗျ။ ပြန်ပြေးလာကြတာပဲ။ လမ်းဘေးမှာ အထိန်းအကွပ်မရှိဘဲ နေလာရာကနေ ရုတ်တရက်ကြီး စည်းတွေဘောင်တွေနဲ့ နေရပြန်တော့ သူတို့က မနေနိုင်ပြန်ဘူး။ နေရာဟောင်းကိုပဲ ပြန်လာကြတာပဲ”ဟု လမ်းဘေးလေလွင့် လူငယ်များအရေး လှုပ်ရှားသူ ကိုသားညီက ဆိုသည်။

တိုင်းပြည်တစ်ပြည်၏ အနာဂတ်သည် လူငယ်များ၏ လက်ထဲတွင် ရှိသည်ဟုဆိုသည်။ လူငယ်များသည် တိုင်းပြည်သစ် ထူထောင်ရေးတွင် အရေးကြီးသော ခွေးသွားစိပ်များလည်း ဖြစ်သည်။

ယခုတော့ ရာဇဝတ်မှုကို အလွယ်တကူ ကျူးလွန်နေကြသည့် လမ်းဘေးလေလွင့် ဆယ်ကျော်သက် လူငယ်အုပ်စုကြီးသည် မြန်မာလူငယ် မျိုးဆက်သစ်အတွင်း သူ့အလွှာဖြင့်သူ ကြီးထွားလာလျက်ရှိသည်။ ထိုလေလွင့်လူငယ်များသည် တစ်ချိန်အရွယ်ရောက်လာသည့်အခါ လူအဖွဲ့အစည်းအတွင်း ရာဇဝတ်မှုကြီးများကို မကျူးလွန်ပါဟု မည်သူ အာမခံနိုင်ပါအံ့နည်း။
ထိုပြသနာအတွက် အဖြေသည် အဘယ်နည်း။

“သူတို့အတွင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော၊ အသက်မွေးဝမ်းကြောင်းအတွက်ပါ စနစ်တကျ ပုံသွင်း ပြောင်းလဲပေးမယ့် လူငယ်သင်တန်းကျောင်းတွေလိုတယ်လို့ ကျွန်တော်ကတော့ ထင်တယ်”

ယင်းကား ကိုသားညီ၏ အမြင်။

“ပထမတစ်ခါ ထောင်ကျပြီးတော့ ပန်းရန် ဝင်လုပ်သေးတယ်။ ပင်ပန်းတယ်။ နောက်တော့ ကန်ဘောင်ပဲ ပြန်ရောက် ဒီအလုပ်ပဲ လုပ်ဖြစ်တာပဲ။ အခုတစ်ခေါက် ထွက်လာလည်း ကန်ဘောင်ပေါ်  ပြန်ရောက်ဦးမှာပါ။ မပူနဲ့”
ဒါကတော့ အာမခံ လာပေးမည့်၊ ထောင်ဝင်စာ လာပေးမည့် မိဘမရှိသည့် ဆယ့်ခုနစ်နှစ်သား ချစ်မင်းသူ၏ အကျဉ်းထောင်ထဲမှ အမှာစကား ဖြစ်သည်။

မြို့ပြ၏ လမ်းမများထက်တွင် နိုင်ငံ၏ အနာဂတ်များ လေလွင့်နေသည်။ ထိုလမ်းများ၏ လားရာသည် ဟိုးအမှောင်ရိပ်ထဲသို့လေလား။

ခက်ဇော်(KZ)
The Voice

No comments:

Post a Comment