Latest News

Thursday, July 6, 2017

ဂျပန်တောင်ပိုင်းတွင် ရေကြီးမှုကြောင့် နှစ်ဦးသေဆုံး၊ ၂၀ ခန့် ပျောက်ဆုံး

ဂျပန်တောင်ပိုင်းတွင် ရေကြီးမှုကြောင့် နှစ်ဦးသေဆုံး၊ ၂၀ ခန့် ပျောက်ဆုံ


ဂျပန်တောင်ပိုင်းတွင် ရေကြီးမှုကြီးဖြစ်ပွားခဲ့ပြီးနောက် နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ခန့်ပျောက်ဆုံးနေကြောင်း သိရသည်။ မကြုံစဖူး မိုးသည်းထန်ပြီးနောက် မြစ်ရေလျှံခဲ့ပြီး လမ်းနှင့်အိမ်များ ရေမြုပ်ခဲ့ကာ လူအမြောက်အမြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများကြောင့် အဆက်အသွယ်ပြတ်တောက်နေသော နေရာများသို့ ရောက်ရှိရန် အာဏာပိုင်များက ကြိုးပမ်းနေပြီး လူ ၂၅၀ ကို ကယ်ဆယ်ခဲ့ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။

အလွန်အမင်း အန္တရာယ်ကြီးသော အခြေအနေသို့ ရောက်ရှိနေကြောင်း ဒုဝန်ကြီးချုပ် တာရိုအာဆိုက ပြောကြားခဲ့ပြီး  တောင်ပြိုကျမှု အန္တရာယ်ရှိနေကြောင်း သတိပေးခဲ့သည်။ ဂျပန်၏ ကျွန်းကြီးလေးကျွန်းအနက် တောင်ပိုင်းအကျဆုံးဖြစ်သော ကျူရှူးကျွန်းတွင် ဇူလိုင် ၅ ရက်က ၁၂ နာရီကြာအောင် မိုးရွာသွန်းခဲ့ပြီး မိုးရေချိန် လက်မ ၂၀ ကျော် အထိရှိခဲ့ကြောင်း မိုးလေ၀သအေဂျင်စီက ပြောကြားခဲ့သည်။

တောင်ပိုင်းတွင် ယခုသီတင်းပတ်အတွင်း မုန်တိုင်းဝင်ခဲ့ပြီးနောက် ဇူလိုင် ၆ ရက်ထိ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေ၀သ အေဂျင်စီက ပြောကြားခဲ့သည်။ ကျူရှူးကျွန်း၏ ရေကြီးနေသော နေရာများကို ရဲ၊ ကယ်ဆယ်ရေးနှင့် စစ်သား စုစုပေါင်း ၇၈၀၀ တပ် ဖြန့်ထားကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒေဆူဂါက ပြောကြားခဲ့သည်။

ဖူကူအိုကာစီရင်စုရှိ အာဆာကူရမြို့တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း အစိုးရအသံလွှင့်လုပ်ငန်း NHK က ထုတ်လွှင့်ခဲ့သည်။ ဖူကူအိုကာနှင့် အိုအီတာစီရင်စုများတွင် လူ ၂၀ ခန့်ပျောက်ဆုံးနေကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြစ်ရေလျှံပြီး လူနေဧရိယာများသို့ ရေလှိုင်းများ ၀င်ရောက်မှုကို ရုပ်သံဗီဒီယိုအပိုင်း အစများတွင် တွေ့ခဲ့ရပြီး လမ်းများပျက်စီးမှုနှင့် လယ်ကွင်းများ ရေလွှမ်းမိုးမှုကိုလည်း ရုပ်သံများတွင် ပြသခဲ့သည်။ အာဆာကူရမြို့သည် ရေကြီးမှုကို အဆိုးဆုံးခံခဲ့ရပြီး လမ်းများအားလုံးနီးပါး ရေလွှမ်းသွားခဲ့သည်။

“ကျွန်မ သမီးနဲ့သား အိမ်မှာရှိတုန်းပါပဲ။ သူတို့တွေ အပြင်ကို မထွက်နိုင်သေးပါဘူး” ဟု အာဆာကူရရှိ ခိုလှုံရေးစခန်းတွင် ရောက်ရှိနေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက NHK ကို ပြောကြားခဲ့သည်။ ကာဂက်ဆုမြစ် ရေကြီးမှုကြောင့် တံတားတစ်စင်းပျက်စီးခဲ့ပြီး ရထားပြေးဆွဲမှုကို ရပ်ဆိုင်းထားရကြောင်း ရထားလုပ်ငန်း ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခြားရထားလိုင်းများကိုလည်း ပြေးဆွဲမှုများ ရွှေ့ဆိုင်းခြင်းနှင့် ရပ်ဆိုင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မူလတန်းနှင့် အလယ်တန်းကျောင်းများကို ဒေသခံတာဝန်ရှိသူများက ပိတ်ပင်ရန်ညွှန်ကြားခဲ့ကြောင်း သိရသည်။      

Eleven Media Group

No comments:

Post a Comment