Latest News

Thursday, July 6, 2017

ဟင်္သာတဈေးကွက်အတွင်း စားသုံးရန်မသင့်သည့် အစားအသောက်အချို့ ရောင်းချနေမှုအား စစ်ဆေးတွေ့ရှိ

ဟင်္သာတဈေးကွက်အတွင်း စားသုံးရန်မသင့်သည့် အစားအသောက်အချို့  ရောင်းချနေမှုအား စစ်ဆေးတွေ့ရှိ

ဟင်္သာတ ဇူလိုင် ၆

ဟင်္သာတဈေးကွက်အတွင်း စားသုံးရန်မသင့်သည့် အစားအသောက်အချို့ ရောင်းချနေမှုအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။                                            

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအပါအ၀င် ဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇူလိုင်လ ၆ ရက်တွင် ဟင်္သာတမြို့ရှိ ဈေးဝင်းဈေးနှင့် ပဒေသာဈေးကြီး၌ ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် ထိုသို့စိစစ်တွေ့ရှိခဲ့ ခြင်းဖြစ်သည်။

“လတ်တလောချက်ချင်းစစ်လို့ရတဲ့အစားအသောက်တွေကို တစ်ခါတည်းစစ်ခဲ့ပါတယ်။ အဲလို စစ်တဲ့ အခါမှာ ပဲပြားနမူနာသုံးမျိုးနဲ့ ပဲသွေးနမူနာနှစ်မျိုးမှာ ဖော်မလင်ဆိုတဲ့အစားအသောက်မှာသုံးခွင့်မပြုတဲ့ဆေး တွေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ပဲပြားနမူနာသုံးမျိုးကတော့ ကြယ်တံဆိပ်ရယ်၊ V တံဆိပ်ရယ်၊ T တံဆိပ်ရယ် ဖြစ်ပြီးတော့ ပဲသွေးနမူနာတွေကတော့ တံဆိပ်မပါပါဘူး။ ရန်ကုန်ကနေ  မှာယူရောင်းတယ်လို့ သိရှိရပါ တယ်”ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထွန်းကျော်က ပြောကြားသည်။

ထိုသို့စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အရေးယူဆောင်ရွက်ခဲ့မှုအား ဒေါက်တာမျိုးထွန်းကျော်က “အဖြေရလျှင် ရချင်းပဲ ဈေးထဲမှာရှိတဲ့ ပဲပြားတွေအကုန်လုံးကို ပူးပေါင်းအဖွဲ့က သိမ်းခဲ့ပါတယ်။ ကြယ်တံဆိပ် ရော၊ V တံဆိပ်ရယ်ရော၊ T တံဆိပ်ရော အားလုံးအတုံးပေါင်း ၇၀၀ ကျော် ၈၀၀ နီးပါးကို သိမ်းခဲ့ပါတယ်။ ပဲသွေးနမူနာ နှစ်မျိုးကိုလည်း အားလုံးသိမ်းဆည်းခဲ့ပါတယ်။ အဲဒါအပြင် ပဲပြားသုံးမျိုးဟာ ဟင်္သာတမြို့ပေါ်မှာ လုပ်ငန်းတွေရှိတဲ့အတွက် ကြိတ်စက်အထိ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်း အရ စီမံခန့်ခွဲမှုနည်းလမ်းအရ ကြိတ်စက်တွေကို ကျွန်တော်တို့ တစ်လပိတ်သိမ်းအရေးယူမှာဖြစ်ပါ တယ်”ဟု ဆက်လက်ပြောကြားသည်။

ဟင်္သာတဈေးကွက်အတွင်း အစားအသောက် ဈေးကွက်နမူနာ ၃၀ ကျော်ကို ကွင်းဆင်းကောက်ယူ   စစ်ဆေးစဉ် ဖော်မလင်အသုံးပြုထားသော စားသုံးရန်မသင့်သည့် ပဲပြား နှင့် ပဲသွေးများကို စစ်ဆေးတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ဖော်မလင်ကို အားလုံးသိတဲ့အတိုင်းပဲ အများဆုံးကြားဖူးနေကြတာက လူသေတွေမှာ မပုပ်မသိုး အောင် သုံးကြပါတယ်။ ဒီဖော်မလင်ကို ရေရှည်စားသုံး မိမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာပြဿနာတွေ အများကြီးဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် အစာအိမ် အူလမ်း ကြောင်းရောဂါတွေ၊ အသည်းရောဂါတွေ၊ ကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေ ဖော်မလင်ကို နည်းနည်းနည်းနည်းနဲ့ ရေရှည်စားသုံးမိမယ်ဆိုရင် သူတို့မွေးလာတဲ့ သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက်တွေ အများကြီးဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဖော်မလင်ဟာ အစားအသောက်မှာ လုံးဝ သုံးစွဲခွင့်မပြုတဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်”ဟု  ဒေါက်တာမျိုးထွန်းကျော်က ပြောကြားသည်။

ဟင်္သာတမြို့၌ ဈေးကွက်အတွင်း အစားအသောက်များကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်အတူ စည်ပင်သာယာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အောင်ကျော်မျိုး၊ မင်းသူဝင်းထွဋ်
အောင်ကျော်မျိုး (ဟင်္သတ)

No comments:

Post a Comment