ခေါင်းဖြတ်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့၍ စစ်သွေးကြွများကို အစိမ်းလိုက်စားမည်ဟု ဒူတာတေး ကတိပြု
ဗီယက်နမ်သင်္ဘောသားနှစ်ဦးကို ပြန်ပေးဆွဲကာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့မှု၏ နောက်ကွယ်၌ရှိသော အစ္စလာမ္မစ်စစ်သွေးကြွများကို အရှင်လတ်လတ် စားပစ်မည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ဒေါသတကြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက ဗီယက်နမ် ကုန်တင်သင်္ဘောတစ်စင်းပေါ်မှနေ၍ အခြားသင်္ဘောသားလေးဦးနှင့်အတူ ပြန်ပေးဆွဲခံခဲ့ရသော ဓားစာခံနှစ်ဦး၏ ရုပ်အလောင်းများကို ဇူလိုင် ၅ ရက်က ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသ မင်ဒါနာအိုပြည်နယ်ကမ်းလွန်တွင် ဖိလစ်ပိုင်တပ်များက ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းသတ်ဖြတ်မှုများကို ပြန်ပေးဆွဲကာ ငွေတောင်းမှုများအတွက် နာမည်ပျက်လှသည့် အဘူဆေယက်အဖွဲ့က ပြုလုပ်ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်စစ်တပ်က အပြစ်တင်ထားသည်။ အဆိုပါအဖွဲ့သည် ယင်းဒေသတွင် ခြေကုပ်ယူထားပြီး တောင်းသည့်ငွေကြေးမပေးပါက ဓားစာခံများကို ခေါင်းဖြတ်သတ်ဖြတ်ပစ်သည်ဟု ကျော်ကြားသည်။
“အေး။ မင်းတို့ ငါ့ကိုလုပ်စေချင်တယ်ဆိုရင် မင်းတို့အသည်းကို စားပစ်မယ်။ ငါ့ကို ဆားနဲ့ ရှာလကာရည်ပေး။ မင်းတို့ရှေ့မှာကို ငါစားပြမယ်။ ငါက ဘာမဆိုစားတယ်။ ငါက အစားမရွေးဘူး။ မျိုလို့မရတဲ့ဟာကိုတောင် ငါစားတယ်” ဟု ဒူတာတေးက ဇူလိုင် ၅ ရက် အနှောင်းပိုင်း၌ ဒေသခံအရာရှိများအား ပြောကြားသည့်မိန့်ခွန်း၌ ဒေါသတကြီး ပြောဆိုခဲ့သည်။
သတ်ဖြတ်ခံရသော ဗီယက်နမ်သင်္ဘောသားများ၏ ဓာတ်ပုံတစ်ပုံကို မိုဘိုင်းဖုန်းဖြင့် ထောင်ပြလျက် ဒူတာတေးက စစ်သွေးကြွများကို ဒေါသတကြီး ကျိန်ဆဲခဲ့သည်။ “ဒီလိုကောင်တွေ ကျွန်ပြုတာမျိုးကို ငါတို့ကိုယ်ငါတို့ ခွင့်ပြုရမှာလား။ ပြည့်တန်ဆာသားပဲ” ဟု ဒူတာတေးက ဆဲဆိုခဲ့သည်။
ဒူတာတေး (၇၂ နှစ်) သည် လွန်ခဲ့သည့်နှစ်ကစ၍ ဖိလစ်ပိုင်တောင်ပိုင်းရှိ အဘူဆေယက်အဖွဲ့နှင့် အခြားစစ်သွေးကြွများကို ထိုးစစ်ဆင်ရန် စစ်တပ်ကို အမိန့်ပေးခဲ့သည်။ အဘူဆေယက်အဖွဲ့သည် အိုစမာဘင်လာဒင် အယ်ကေဒါးကွန်ရက်မှ ရရှိသောငွေဖြင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ထူထောင်ခဲ့သည့် လျော့လျဲလျဲ ကွန်ရက်အဖွဲ့ဖြစ်သော်လည်း အဖွဲ့များအဖြစ် အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားပြီးနောက် အချို့အဖွဲ့များသည် ဓားပြတိုက်ခြင်းနှင့် ပြန်ပေးဆွဲခြင်းတို့ကို ဆက်လက် လုပ်ကိုင်နေသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment