Latest News

Wednesday, July 19, 2017

ပရိုတိုကောဒီဘိတ်က ပြဆိုသော မြန်မာ့အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး

ပရိုတိုကောဒီဘိတ်က ပြဆိုသော မြန်မာ့အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး

‘အရပ်ဘက်၊ စစ်ဘက်ဆက်ဆံ ရေး’၊ ‘ပရိုတိုကော’၊ ‘ကာကွယ်ရေး ဦးစီးချုပ်’၊ ‘ညွှန်ကြားရေးမှူးချုပ်’ ဟူသော စကားလုံးများက ဇူလိုင် လ၏ မြန်မာ့နိုင်ငံရေး စကားဝိုင်း တွင် လူပြောအများဆုံးသော စကားလုံးများဖြစ်သည်။

သို့သော် အင်တာနက်ခေတ်တွင် သိပ်ခေတ်မစားလှတော့ သော ‘အမြန်ချောပို့’ဟူသော စကားလုံးက အငြင်းပွားမှုများကို အဆုံးအဖြတ်ပေးခဲ့သည်။

‘‘အရပ်သားအုပ်ချုပ်ရေး စနစ်တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲ ဖြစ် ပါတယ်’’ဟူသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏စကားကို တပ်မတော်က မနှစ်မြို့ခဲ့ခြင်း ဖြစ်သည်။

အရပ်သားအစိုးရ၏ အရေးအကြီးဆုံး တိုင်းဒေသကြီးတစ်ခု၏ ဝန်ကြီးချုပ်ပြောစကားသည် တပ်မတော်အကြီးအကဲနှင့် တပ်မတော်ပုံရိပ်ကို ကျဆင်းစေရန် တပ်မတော်အား တိုက်ရိုက်ထိပါး စော်ကားခြင်းဟု တပ်မတော်က ယူဆခဲ့သည်။

ဝန်ကြီးချုပ်၏ ပြောဆိုမှုများအတွက် အရေးယူပေးရန် အစိုးရထံ သုံးရက်အတွင်း နှစ်ကြိမ်အထိ တင်ပြခဲ့သည်။

ဝန်ကြီးချုပ်က ဇူလိုင် ၉ ရက် တွင် ပြောကြားပြီးနောက် တပ်မတော်က ဇူလိုင် ၁၁ နှင့် ၁၂ ရက်တွင် ဆက်တိုက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဦးဖြိုးမင်းသိန်း၏ ပြောစကားသည် အစိုးရ၏ သဘောထားမဟုတ်ကြောင်း သမ္မတရုံးက ဇူလိုင် ၁၃ ရက်တွင် အလျင်အမြန်ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပါတီက သတိပေးဆုံးမကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၁၄ ရက်စွဲ ဖြင့် ရုံးတွင်းအမိန့်အဖြစ် စာကပ်ခဲ့ ပြန်သည်။

နိုင်ငံရေးအသိုင်းအဝိုင်းတွင် ပွက်လောရိုက်နေသော အငြင်းအခုန်များသည် နှစ်ဖက်ထုတ်ပြန်ချက်များကြောင့် တဖြည်းဖြည်းအရှိန်လျော့ကျလာသည်။

အမြန်ချောပို့လမ်းကြောင်း ဖြင့် ဇူလိုင် ၁၃ ရက်တွင် ဦးဖြိုးမင်းသိန်းက တောင်းပန်စာပေးပို့ခဲ့ ကြောင်း တပ်မတော်က ထုတ်ပြန် ပြီးနောက် ငြင်းခုံမှုများကို အဆုံး သတ်စေခဲ့သည်။

အိန္ဒိယနိုင်ငံသို့ ရှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် သွားရောက် နေသော တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ဇူလိုင် ၁၅ ရက် ညတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာပြီး နောက်တစ်နေ့၌ ဦးဖြိုးမင်းသိန်းက တောင်းပန် ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော် စစ်တက္ကသိုလ် တက်ရောက်ခဲ့ဖူးပြီး လက်ရှိ သတင်းစာဆရာဖြစ်သူ ဦးစည်သူ အောင်မြင့်၏ မှတ်ချက်က အရှိန် သေသွားသည့် အငြင်းအခုံများကို တွေးစရာများပေးပြန်သည်။

‘‘ဦးဖြိုးမင်းသိန်းပြောတဲ့ စကားလုံးအဓိပ္ပာယ်ဟာ ဒီမိုကရေ စီဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တပ်မတော်ဆိုတာ အရပ်သားအစိုးရလက် အောက်မှာ ရှိတယ်။ အဲဒီလို အခြေ အနေမှာ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ ဒီလိုအဆင့်ပဲရှိတယ်။ လက်ရှိ မြန်မာနိုင်ငံမှာကတော့ ဒီမိုကရေစီအပြည့်အဝမရသေးတော့ အခုလိုဖြစ်နေတယ်ဆိုတဲ့သဘော ပြောဆိုခဲ့တာပါ။ ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး မှားယွင်းနေတယ်ဆို ရင် မှားယွင်းနေတဲ့အကြောင်း တပ်မတော်ဘက်က ထုတ်ပြန်ပြောဆို နိုင်ပါတယ်။ အဲဒီအတွက် တပ် မတော်လက်ထဲမှာ သတင်းစာ၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား မီဒီယာမျိုးစုံကိုလည်း ပိုင်ဆိုင်ထား လို့ ဖြစ်ပါတယ်။ ဒါတင်မက ဦးဖြိုး မင်းသိန်းရဲ့ ပြောဆိုချက်ကို လုံးဝ လက်မခံနိုင်ကြောင်းကိုလည်း ထုတ်ပြန်လို့ရပါသေးတယ်။ ဒါပေ မဲ့ အခု တပ်မတော်ရဲ့ ထုတ်ပြန် ချက်ကတော့ ဦးဖြိုးမင်းသိန်းကို ‘ရေရှည်ဆက်ဆံရန် မသင့်လျော် ဘူး’လို့ သတ်မှတ်ပြီး အစိုးရကနေ စိစစ်အရေးယူပေးဖို့ဆိုတဲ့အထိ တောင်းဆိုတာကတော့ ပြင်းထန် လွန်းနေပါတယ်။ ပြောမှား၊ ဆိုမှား စကားတစ်ခွန်းကြောင့် ရွေးကောက်ခံအစိုးရရဲ့ ဝန်ကြီးချုပ်ကို ဖြုတ် ပေးပါဆိုတဲ့အဓိပ္ပာယ် သက် ရောက်နေပါတယ်’’ဟု ဦးစည်သူ အောင်မြင့်က သုံးသပ်ခဲ့သည်။

ဦးဖြိုးမင်းသိန်း တောင်းပန် ကြောင်း တပ်မတော်က ထုတ်ပြန် ပြီးနောက် ဦးစည်သူအောင်မြင့်၏ သုံးသပ်ချက်ကို ဗီအိုအေသတင်း ဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

‘‘ပြဿနာအားလုံးကို ခြုံငုံ သုံးသပ်ကြည့်ရင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်ပြီး တပ် မတော်ဘက်က သူဟာ ပြည်သူလူ ထုက ရွေးကောက်တင်မြှောက် ထားတဲ့ အမတ်တစ်ယောက်၊ ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရက ခန့် အပ်ထားတဲ့ ဝန်ကြီးချုပ်တစ် ယောက်ဆိုတာ မမေ့ဖို့လိုပါတယ်။ တပ်မတော်ဘက်က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို မကြိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဖြုတ်ချ ဖို့ ကြိုးစားနိုင်ပါတယ်။ အခုလို ပြည်သူလူထုက ရွေးကောက်ထား တဲ့ အစိုးရကို ဖိအားပေးတာမျိုး လုပ်သင့်၊ မလုပ်သင့် ပြန်ဆန်းစစ် သင့်ပါတယ်။ အလားတူ NLD အစိုးရအဖွဲ့ဝင်တွေ၊ ပါတီခေါင်း ဆောင်တွေဘက်ကလည်း တိုင်း ပြည်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တပ်မတော်နဲ့အတူ လက်တွဲအကောင်အထည်ဖော်ရ မယ်၊ တပ်မတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်လာ အောင် စည်းရုံးရမယ်ဆိုတဲ့ မူဝါဒ ကို အလေးအနက်ထား၊ မမေ့ မလျော့ ကိုင်စွဲကျင့်သုံး၊ လုပ်ကိုင် သင့်ပါကြောင်း တင်ပြလိုက်ရပါ တယ်’’ဟု ဦးစည်သူအောင်မြင့်က သုံးသပ်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း၏ ပြောစကား သည် နိုင်ငံတော်အစိုးရ၏ ရင် ကြားစေ့ရေးလုပ်ငန်းကို ထိခိုက် စေသည်ဟုမြင်၍ တပ်မတော်၏ သဘောထားကို အစိုးရအဖွဲ့ကို တင်ပြခြင်းဟု ရှုမြင်ကြောင်းပြော သည်။

‘‘မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့ ထိရှ လွယ်တဲ့အခြေအနေကြောင့် ဒီလို တင်ပြတာဟာ လုပ်သင့်တယ်လို့ ယုံကြည်ပါတယ်’’ဟု တပ်မတော် တွင် ဒုတိယဗိုလ်မှူးကြီး ရာထူး တာဝန်ယူခဲ့ဖူးသည့် ဦးရဲထွဋ်က ဆိုသည်။

‘‘အရပ်သားအုပ်ချုပ်ရေး စနစ်တက်လာပေမယ့် အရပ် ဘက်၊ စစ်ဘက်ဆက်ဆံရေးဆို တာ ဒီမိုကရေစီခေတ်မှာမရှိပါ ဘူး’’ဟူသည့် ဦးဖြိုးမင်းသိန်း၏ ပြောစကားကို အရပ်ဘက်၊ စစ် ဘက်လေ့လာစောင့်ကြည့်သူများ ကတော့ သဘောမတူလှပါ။

ဝန်ကြီးချုပ်ပြောသည့် ဒီမိုက ရေစီနိုင်ငံတွေမှာ အရပ်ဘက်၊ စစ် ဘက်ဆက်ဆံရေးမရှိဘူးဆိုသည် မှာ အငြင်းပွားစရာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်အပြီး အမေရိကန်မှာပင် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး ပြဿနာရှိခဲ့ဖူးကြောင်း ဆရာ ဦးကျော်ဝင်းက ထောက်ပြသည်။

‘‘စစ်ကြီးနှစ်ခုကို ဖြတ်ခဲ့ရ တော့ နိုင်ငံရေးကွန်ချာ (Political Matrix) ထဲမှာ တပ်ကအလိုလို ရောက်လာတယ်။ ဆိုလိုတာက နိုင်ငံရေးအဖွဲ့အစည်း (Political Organ) သဘောမျိုးဖြစ်လာ တယ်။ ဒါကို ပရော်ဖက်ရှင်နယ်အ ဖွဲ့အစည်း (Professional Organ)ဖြစ်အောင် ကြိုးစားရတာတွေရှိ တယ်။ ဒါကို အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးလို့ခေါ်တယ်’’ ဟု ဆရာဦးကျော်ဝင်းက ရှင်းပြသည်။

ဆင်မြူရယ်ဟယ်တင်တန် ရေးသည့် State and Soldier ကို ဆရာက ဥပမာပေးသည်။

စစ်အေးခေတ်အပြီး အရပ် ဘက်၊ စစ်ဘက်ဆက်ဆံရေးက နောက်တစ်ကြိမ် ရှေ့တန်းပြန် ရောက်လာသည်။ ၁၉၆၀ တစ် ဝိုက် စစ်အေးခေတ် အထွတ်အထိပ်ကာလတွင် လွတ်လပ်ခါစ နိုင်ငံ တော်တော်များများ၌ စစ်ဘက်အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။

‘‘အဲဒါကို နိုင်ငံရေးကို စစ် ဘောင်သွန်းခြင်း (Militarization of Politics) လို့ သမိုင်းပညာရှင် တွေက သုံးကြတာရှိတယ်။ ဒါပေ မဲ့ စစ်အေးတိုက်ပွဲပြီးသွားတော့ အကြောင်းကြောင်းကြောင့် နိုင်ငံရေး နယ်ပယ်ထဲရောက်နေတဲ့တပ်တွေ ပြန်လည်ဆုတ်ခွာဖို့ဖြစ်လာတယ်။ အဲဒါကို နိုင်ငံရေးမှ စစ်ဘက်ပြန် လည်ဆုတ်ခွာခြင်း (Demilitari-zation of Politics)လို့ သမိုင်း ပညာရှင်တွေက ခေါ်ကြတယ်။ အဲ ဒါကလည်း အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးပဲ’’ဟု ဆရာဦးကျော် ဝင်းက ဆက်လက်ပြောကြား သည်။

လာရီဒိုင်းမွန်းတည်းဖြတ် သည့် အရပ်ဘက်၊ စစ်ဘက်ဆက် ဆံရေးနှင့် ဒီမိုကရေစီကို သူက ဥပမာပေးသည်။

ယခုတစ်ကြိမ် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးက ပထမ တစ်ကြိမ်ထက် ပိုကြာနိုင်ပြီး ပိုခက်နိုင်ကြောင်း ဆရာဦးကျော်ဝင်းက ရှင်းပြသည်။

‘‘မြန်မာပြည်က ဒီဖြစ်စဉ်ထဲ မှာ ရှိနေဆဲပဲ။ အဲဒီလိုအခြေအနေ မျိုးမှာ တာဝန်ရှိတဲ့သူတွေအနေနဲ့ စကားကို ပရမ်းပတာပြောဖို့ မသင့် ဘူး။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သွားနေတဲ့ဒီမိုက ရေစီလမ်းကြောင်းကြီးတစ်ခုလုံး ကတိမ်းကပါး  ဖြစ်သွားစေနိုင် တယ်ဆိုတာ သတိထားဖို့ လိုလိမ့် မယ်ထင်တယ်’’ဟု ဆရာဦးကျော် ဝင်းက အကြံပြုသည်။

တကောင်းနိုင်ငံရေး လေ့ လာမှုအဖွဲ့မှ အမှုဆောင်ဒါရိုက် တာ ကိုရဲက အရပ်ဘက်နိုင်ငံရေး သမားများအနေဖြင့် အရပ်ဘက်၊ စစ်ဘက်မျှခြေကို ထိန်းညှိပြီး ဒီမို ကရေစီပန်းတိုင်ကို သွားသည့်နေရာတွင် နိုင်ငံရေးအင်အားကို ကောင်းကောင်း သုံးနိုင်ရန်လို ကြောင်း အကြံပြုသည်။

အရပ်ဘက်နိုင်ငံရေးသမား များ၏ အင်အားသည် ပြည်သူက မဲပေးသည့် ရွေးကောက်ပွဲကရပြီး အာဏာရပြီးနောက် ၎င်းတို့၏ ရဲ စွမ်းဆောင်ရည်က ရမည်ဖြစ် ကြောင်း ကိုရဲကဆိုသည်။ အဆိုပါ အင်အားကို အမြဲထိန်းနိုင်ရန် ပြည် သူက အရပ်ဘက်နိုင်ငံရေးသမား များကို တရားဝင်မဲပေးခဲ့သည့် ရွေး ကောက်ပွဲဖြစ်စဉ်အရ အာဏာရပြီးလျှင် ပြည်သူကို တာဝန်ယူမှု၊တာဝန်ခံမှုတည်ဆောက်ရမည် ဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းကို ပြဖို့လိုကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပြည်သူနှင့် အရပ် ဘက်နိုင်ငံရေးသမားများကြားက အဓိကမဏ္ဍိုင်များဖြစ်သည့် အရပ် ဘက်လူ့အဖွဲ့အစည်းများ၊ ဒီမိုက ရေစီအင်အားစုများ၊ မီဒီယာများ နှင့်လည်း ဆက်ဆံရေးကောင်း အောင် ဆက်လက်ထိန်းထားပြီး ၎င်းတို့ (အရပ်ဘက်နိုင်ငံရေး သမားများ) ရထားသည့်အင်အား ကို ထိန်းထားနိုင်ရမည်ဟု ကိုရဲက ပြောသည်။

‘‘ဒီမိုကရေစီအစိုးရက အဲဒီ ကြားထဲက ယန္တရားတွေကို မသုံး ဘဲ ဆက်သွားရင် သူ့အင်အားနည်း သွားမှာပဲ။ အဲဒီအခါကျရင် အရပ် ဘက်၊ စစ်ဘက်မျှခြေကို ရှာဖို့ မလွယ်ဘူး’’ဟု ကိုရဲကပြောသည်။

မြန်မာနိုင်ငံ၏ အရပ်ဘက်၊ စစ်ဘက်အာဏာချိန်ခွင်လျှာသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအ ပေါ် အခြေခံထားသည်။ အုပ်ချုပ် ရေးပိုင်းတွင် နိုင်ငံ၏ အရေးအကြီး ဆုံးသော ဝန်ကြီးဌာနများဖြစ် သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ် စပ်ရေးရာဝန်ကြီးဌာနတို့၏ ပြည် ထောင်စုဝန်ကြီးများသည် တပ်မတော်သားများဖြစ်သည်။ ဥပဒေပြုရေးပိုင်းတွင်လည်း လွှတ်တော်တိုင်း၌ ရွေးကောက်ခံစရာမလိုဘဲ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရရှိထားသည်။ တရားစီရင်ရေးအရလည်း တပ်မတော် သားများအတွက် စစ်ဘက်ဆိုင်ရာ တရားရုံးများဖြင့်သာ တရားစီရင် ခွင့်ရှိသည်။ အထက်ပါ အချက်များအားလုံးကို ရွေးကောက်ပွဲများ ဝင် စရာမလိုဘဲ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေ၏ ပေးထားချက်အရ တပ်မတော်က ရရှိနေခြင်းဖြစ် သည်။ ဒီမိုကရေစီနိုင်ငံများရှိ အ ရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး၏ အဓိကအကျဆုံး အချက်ဖြစ်သော အရပ်ဘက်က စစ်တပ်ကို ထိန်း ချုပ်နိုင်ရန်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှသာ ဖြစ် လိမ့်မည်ဖြစ်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟူသော ဂိတ်တံခါး သော့ကို ကိုင်ထားသူသည်လည်း တပ်မတော်ပင်ဖြစ်သည်။ သို့ဖြစ် ရာ တပ်မတော်ဆန္ဒရှိမှသာ အရပ် ဘက်အောက်သို့ စစ်ဘက်က ပြန် ရောက်လာမည်မှာ အရှိတရားဖြစ် နေသည်။

‘‘တစ်လျှောက်လုံးဖြတ်သန်း လာတဲ့သဘောအရ Political Ideology မှာ ဘာသွားတွေ့လဲဆို တော့ တပ်မတော်မှာ ဂါးဒီးယန်း ရှစ်လို့ခေါ်တဲ့ ငါထိန်းမှရမယ်ဆိုတဲ့ Political Ideology က သူ့မှာ ခိုင် ခိုင်မာမာရှိတယ်။ ဒါက ဒီနိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ အပြည့် အဝအရပ်ဘက်ပုံစံ ပြန်ပြောင်းဖို့အတွက်က အဓိကစိန်ခေါ်မှုတစ် ရပ်ဖြစ်နေတယ်’’ဟု တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့မှ အမှု ဆောင်ဒါရိုက်တာ ကိုရဲက ပြော သည်။

‘‘အရပ်ဘက်အောက်တွင် စစ်ဘက်ရောက်ရေး အငြင်းပွားမှု များတွင် ဖဆပလအစိုးရလက် ထက်က ကာကွယ်ရေးဝန်ကြီးသည် အရပ်သားများဖြစ်ခဲ့သော အတိတ်ကို ပြန်တူးဆွသည်။

ဦးဝင်း၊ ဦးဗဆွေနှင့် ဦးနုတို့ သည် အရပ်သားကာကွယ်ရေးဝန် ကြီးများဖြစ်ခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ်သည် ကာကွယ်ရေးဝန် ကြီးအောက်က ဖြစ်ခဲ့သောအချိန် ဖြစ်သည်။

‘‘ဖဆပလအစိုးရလက်ထက် မှာ အရပ်သားကာကွယ်ရေးဝန် ကြီး ခန့်ထားတာမှန်ပါတယ်။ ဒါ ပေမဲ့ ဝန်ကြီးက ဘတ်ဂျက်ကိစ္စနဲ့ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဆောင်ရွက်ရမယ့်ကိစ္စ ဥပမာ- အ စည်းအဝေး၊ နိုင်ငံတကာဆက်ဆံ ရေးတွေကိုပဲ လုပ်ပါတယ်။ တပ် မတော်ရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲ ရေးကိစ္စတွေကို ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှု ဆောင်ကောင်စီကပဲ လုပ်တာပါ။ စစ်ဆင်ရေး ကိစ္စတွေကိုတော့ ကကကြည်း (စစ်ဆင်ရေး)ဌာနက ပဲ လုပ်တယ်’’ဟု ဦးရဲထွဋ်က ပြော သည်။

တော်လှန်ရေးကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီး ရာထူးများ ကို စစ်ဘက်အကြီးအကဲများက သာ ရယူခဲ့သည်။

၁၉၆၂ ကစပြီး ကာကွယ်ရေး ဝန်ကြီးများသည် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး၊ ဗိုလ်မှူးချုပ်စိန် ဝင်း၊ ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ် ကြီးစောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ဖြစ်ကြသည်။

ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တစ်ဦးတည်းဖြစ်လာပြီး ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်အရပ်သားအစိုးရလက်ထက်တွင် မှ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးသည်တစ်ဦးစီပြန်ဖြစ်သွားသည်။

၂၀၁၀ ရွေးကောက်ပွဲပြီး နောက် အစိုးရအဖွဲ့ဝင် ကာကွယ် ရေးဝန်ကြီးများသည် ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့် လက်ရှိကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့ဖြစ်သည်။ ၂၀၁၀ ရွေး ကောက်ပွဲပြီးနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပင် တာဝန်ယူထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် တပ်မတော်၏အာဏာအရှိဆုံးသူဖြစ်လာပြီး အစိုးရအဖွဲ့တွင် ပါဝင်မည့် ကာကွယ်ရေးဝန်ကြီးကို ခန့်အပ်ရန်အမည်စာရင်းတင်သွင်းသူဖြစ် လာသည်။

အကျိုးဆက်အနေဖြင့် ပြည် ထောင်စုအစိုးရအဖွဲ့အောက်တွင် ကာကွယ်ရေးဝန်ကြီးကသာ ပါဝင် နေပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်ထောင်စုအစိုးရ အဖွဲ့၌ ပါဝင်လာခြင်းမရှိတော့ဘဲ သီးခြားမဏ္ဍိုင်တစ်ခုကဲ့သို့ ရပ် တည်နေသော တပ်မတော်၏ ခေါင်းဆောင်ဖြစ်နေတော့သည်။

ဝန်ကြီးချုပ်၏ တပ်မတော် အပေါ် ပြောဆိုမှုပြီးနောက် ပြုလုပ်ခဲ့သော ဧရာဝတီသတင်းဌာန၏ ရုပ်သံအင်တာဗျူးတွင် ‘‘အရပ် ဘက်အင်စတီကျူးရှင်းများအနေ ဖြင့် တပ်မတော်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ အချိန်စောင့်ရဦး မည်’’ဟု ကိုရဲက သုံးသပ်ခဲ့သည်။
7Day News

No comments:

Post a Comment