Latest News

Wednesday, June 14, 2017

ကန် လွှတ်တော်အမတ် Stephen Scalise ပစ်ခတ်ခံရ


ကန် လွှတ်တော်အမတ် Stephen Scalise ပစ်ခတ်ခံရ (သတင်းဓါတ်ပုံများ)
အမေရိကန် လွှတ်တော်အမတ် Stephen Scalise ဒီကနေ့ ပစ်ခတ်ခံရပါတယ်။ ၀ါရှင်တန် ဒီစီမြို့တော် အနီး၊ ဗာဂျီးနီးယား ပြည်နယ် Alexandria မြို့မှာ ပစ်ခတ်ခံရတာလို့ ဒေသန္တရ အရေးပေါ် ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လွှတ်တော်အမတ် Scalise နဲ့ တခြား ရီပတ်ပလီကန် လွှတ်တော် အမတ်တွေက လာမယ့် ကြာသပတေးနေ့ ကစားမယ့် နှစ်ပတ်လည် ဘေစ့်ဘောပွဲ အတွက် လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။ တင်ပဆုံပိုင်းမှာ သေနတ်ထိမှန်ခဲ့တဲ့ လွှတ်တော် အမတ် Stephen Scalise ရဲ့ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

ဘေစ့်ဘော လေ့ကျင့် ကစားပွဲမှာ ပစ်ခတ်မှု အတွင်း အနည်းဆုံး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ပစ်ခတ်သူလို့ သံသယ ရှိထားသူကို ဖမ်းဆီးထားပြီလို့ အလက်ဇန္ဒြီးယားမြို့ ရဲအဖွဲ့က တွစ်တာ စာမျက်နှာမှာ ရေးသားပါတယ်။ သမ္မတ Donald Trump က ဒုတိယ သမ္မတ Mike Pence နဲ့ အတူ ပစ်ခတ်မှုကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောဆိုပါတယ်။

ပစ်ခတ်ခံရမှု အတွက် စိတ်မကောင်း ဖြစ်ရကြောင်း၊ လွှတ်တော် အမတ်တွေနဲ့ သူတို့ရဲ့ ၀န်ထန်းတွေ၊ လွှတ်တော်ရဲတွေနဲ့ တခြား ထိခိုက်ဒဏ်ရာရသသူတွေ အတွက် ဆုတောင်း မေတ္တာ ပို့သပေါကြောင်းလည်း သမ္မတ Trump က ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။Stephen Scalise က အောက်လွှတ်တော် လူများစု ဦးဆောင်ဆော်သြရေးမှူးဖြစ်ပါတယ်။

တခြား ရီပတ်ပလီကန် လွှတ်တော် အမတ် Mo Brooks လည်း ပစ်ခတ်မှု ဖြစ်ပွားရာမှာ ရှိနေခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ လွှတ်တော် ၀န်ထမ်း တဦးတို့ သေနတ်ထိမှန်ထားပုံ ရတယ်လို့ CNN သတင်းဌာနကို ပြောပါတယ်။

သေနတ်မှန်ခဲ့တဲ့ Stephen Scalise က လမ်းမလျှောက်နိုင်တော့ဘဲ ပစ်ခတ်နေတဲ့ သေနတ်သမားကို ရှောင်ဖို့ ဘေစ့်ဘောကွင်းထဲကနေ ခန္ဓာကိုယ်ကိုယ် တရွတ်ဆွဲပြီး ထွက်ခွာခဲ့ရတယ်လို့လည်း မစ္စတာ Brooks က ပြောပါတယ်။ ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုတော့ အခုအချိန်မှာ မသိရသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

No comments:

Post a Comment